အရိုးရောဂါအကြောင်း မေးခွန်းတွေ ရှိနေပြီလား (အပိုင်း ၂)

အရိုးရောဂါအကြောင်း မေးခွန်းတွေ ရှိနေပြီလား (အပိုင်း ၂)

ရန်ကုန် ဆေးတက္ကသိုလ် (၂) အရိုးရောဂါဌာန၊ ပါမောက္ခ ဒေါက်တာ ဦးမြတ်လွင်နှင့် တွေ့ဆုံခြင်း အပိုင်း(၂)

 

မေး။   ။ အရိုးလို့ ပြောတဲ့အချိန်မှာ ကျွန်တော်တို့တွေ အရိုးပွတယ်ဆိုတာကတော့ ဖြစ်လေ့ဖြစ်ထရှိပါတယ်။ အရိုးပါးတယ်ဆိုတာကရော ဆရာ..........။

ဖြေ။    ။ အဲဒါက အင်္ဂလိပ်လိုကို မြန်မာလိုပြန်ရင်းနဲ့ ရှုပ်ကုန်တာလို့ ထင်ပါတယ်။ အရိုးမှာက အမာခံပစ္စည်းရှိတယ်။ ပြီးတော့ အဲဒီအထဲမှာ Calcium တို့ဘာတို့ ထည့်ထားတဲ့ဟာ။ အဲတော့ ဒီ ပရိုတင်းတွေက အားမကောင်းဘူး အထဲမှာ ကယ်ဆီယံတွေ လျော့သွားတယ်ဆိုရင် အဲဒါက အရိုးပါးတာ။ အဲဒီအတိုင်းအတာတစ်ခုထက် ပိုများသွားပြီဆိုရင် ကျွန်တော်တို့က အရိုးပွတယ်လို့ခေါ်တယ်။

မေး။   ။ ဟုတ်ကဲ့ ကျေးဇူးတင်ပါတယ်။ နောက်တစ်ခုက အရိုးလို့ ပြောလို့ရှိရင် အရိုး ကျီးပေါင်းတက်တယ်လို့လည်း ပြောနေကြတာလေ အဲဒါကျတော့ရော ဘယ်လိုဖြစ်တာလဲခင်ဗျ။ ဘာကြောင့် ဖြစ်တာလဲ။

ဖြေ။    ။ ဒါကလည်း သဘာဝပဲခင်ဗျ။ အရိုးကျီးပေါင်းတက်တယ်ဆိုတာက အသက် ၂၀ ကျော်လာပြီဆိုရင် ကျွန်တော်တို့ခန္ဓာကိုယ်ရဲ့ သဘာဝက ပျက်ဆီးဖို့အတွက် တည်ဆောက်ထားတာလေ။ အချိန်အတိုင်းအတာ တစ်ခုအထိ ရောက်ပြီဆိုရင် စပြီးတော့ ပျက်ဆီးတယ်။ အဲဒါကိုတော့ ကျွန်တော်တို့က အင်္ဂလိပ်လိုတော့ ဒီဂျနရေးတစ်လို့ ခေါ်တာပေါ့။ အရိုးကျီးပေါင်းတက်တယ်ဆိုတာက သဘာဝပဲ။ အဲဒီသဘာဝကို ဘယ်သူမှ မရှောင်နိုင်ဘူး။ ဒါကို သက်သာဖို့အတွက်က ခုနက ကျွန်တော်ပြောသလို စားတာသောက်တာ မှန်ဖို့လိုတယ်။ လှုပ်ရှားမှု ထိုက်သင့်သလောက် ရှိဖို့လိုတယ်။ ဘယ်သူမှ ကာကွယ်လို့မရဘူး။ အရိုးကျီးပေါင်းပြဿနာ ဘာဖြစ်သလဲဆိုတော့ ကျောရိုးမကြီးလို နေရာမျိုးမှာ လည်ပင်းမှာ ခါးလိုနေရာမျိုးမှာ ရှိတဲ့အရိုးတွေက အရိုးကျီးပေါင်း ဖြစ်လာပြီဆိုရင် ကြောရိုးမကြီးအလယ်မှာ အပေါက်ရှိတယ်လေ။ အဲဒီအပေါက်ထဲမှာ ကျွန်တော်တို့ ခန္ဓာကိုယ်ကို လှုပ်ရှားသွားလာမှုကို Control လုပ်တဲ့ အာရုံကြောမကြီးရှိတယ်။ လမ်းမလျှောက်နိုင်တာ၊ ခလုပ်တိုက်မိတာတွေ အဲဒါတွေကို ကျီးပေါင်းလို့ ခေါ်တာပေါ့။ ကျွန်တေ်ာအမြင်ကတော့ ကျီးပေါင်းက ကုလို့မရပါဘူး။ ကျီးပေါင်းက သဘာဝပါပဲ ကာကွယ်လို့လည်းမရဘူး ကျန်းမာအောင်နေလို့ရှိရင် ဘာမှလည်း ဒုက္ခမပေးပါဘူး။ တကယ်လို့ တစ်ခုခု အဲလိုဖြစ်လာပြီ သိပ်ဆိုးသွားတဲ့အတွက်ကြောင့် အာရုံကြောတွေကို ဖိမယ်ဆိုရင် အချိန်မှာ သူ့ဘာသာသူ စနစ်တကျ ကုမယ်ဆိုရင်တော့ ကုလို့ရပါတယ်။ နောက်တစ်ခုက ကျွန်တော် ဒီနေရာမှာ ကြံုလို့ ပြောချင်တာက ခါးရိုးကျီးပေါင်း လည်ပင်းရိုးကျီးပေါင်းက လှုပ်ရှားမှုနဲ့လည်းဆိုင်တယ်။ အထူးသဖြင့် ဆယ်ကျော်သက်အရွယ်မှာ အလေးအပင်တွေ တအားရွက်တာ ခေါင်းပေါ်မှာ ထမ်းတာတွေပေါ့ အဲဒါဆိုရင်တော့ အရိုးကျီးပေါင်း ပိုဆိုးပါတယ်။ တစ်ချို့လူငယ်တွေဆိုရင် အသက်လေးဆယ်လောက်မှာ ပုံမှန်အားဖြင့် အသက် ၆၀-၇၀ မှဖြစ်မယ့် အရိုးကျီးပေါင်းမျိုးဖြစ်လို့ ခွဲပေးရတာမျိုးတွေလည်း ကြံုဖူးပါတယ်။ အဲတော့ ကျွန်တေ်ာအနေနဲ့ ဒီမှာ ပေးချင်တဲ့ Message ကတော့ ကလေးငယ်တွေကို အရွယ်မတိုင်ခင်မှာ သိပ်ပြီးတော့ အလေးအပင်တွေကို အလွန်အကျံွ မခိုင်းပါနဲ့။ အဲဒါဆိုရင် အရိုးကျီးပေါင်းဖြစ်တာ နည်းနည်း သက်သာပါလိမ့်မယ်။

မေး။   ။ အရိုးကျီးပေါင်းဆိုရင် ပုံမှန်ဆိုရင် ကျွန်တော် နားမလည်တာပေါ့နော်။ ကျွန်တော်နားမလည်တာကို နည်းနည်းလေး ထပ်ပြီးတော့ မေးချင်တာက ကျီးပေါင်းဆိုလို့ရှိရင် လွယ်လွယ်ပြောလို့ရှိရင် အပင်မှာ ကျီးပေါင်းတက်တာကိုပဲ မြင်ဖူးတာပေါ့နော်။ အရိုးကျီးပေါင်း တက်တယ်ဆိုတာကို ဆရာကြီးအနေနဲ့ နည်းနည်းလေး မြင်သာအောင် ပြောပေးလို့ရမလားခင်ဗျ။

ဖြေ။    ။ အဲဒါက ဒီလို ကျွန်တော်တို့ အသက်ကြီးလာတဲ့အခါမှာ ထားပါတော့ ဒူးဆစ်ကို ကြည့်လိုက်မယ်ဆိုရင် ဒူးဆစ်မှာဆိုရင် အောက်မှာက ခြေသလုံးအရိုးရှိတယ်။ အပေါ်မှာက ပေါင်ရိုးရှိတယ်။ အဲဒီနှစ်ခုဆက်တယ။် အဲဒီအရိုးနှစ်ခုကြားထဲမှာမှ ချောမွေ့မှုအတွက် ဝါရှာလိုပေါ့။ အရိုးနုလေးတွေရှိတယ်။ အသက် ၂၀ ကျော်လောက်ကစပြီး ဒီအရိုးနုလေးတွေက ပျက်ဆိးလာတယ်။ ၅၀-၆၀ ဆိုတဲ့အခါမှာ အရိုးနုတွေ ပျက်ဆီးတာ ပိုများသွားပြီ။ အရိုးနုလေးတွေ ရှိနေတဲ့အချိန်မှာ အရိုးနုလေးတွေက ခံစားချက်မရှိဘူး။ ချောမွတ်တဲ့အတွက်ကြောင့် ကလေးတွေက ဘယ်လောက်လမ်းလျှောက်လျှောက် မနာဘူးပေါ့။ ဒါပေမယ့် အရိုးနုလေးတွေ ပါးသွားတဲ့အခါမှာ အောက်မှာရှိတဲ့အရိုးက သူ့မှာ အာရုံကြောတွေ အများကြီးရှိတယ်။ အဲဒီအရိုးပေါ်တော့ အရိုးအရိုးချင်း ကြိတ်တဲ့အခါမှာ နာလာတယ်။ အဲလိုမျိုး နာလာတဲ့အချိန်မှာ အသက်အရွယ်ရတဲ့အချိန်မိုလို့ ကြွက်သားတွေကလည်း အားလျော့လာတယ်။ အဲလိုမျိုး အားလျော့လာတဲ့အချိန်မှာ အဆစ်က မငြိမ်ဘူး။ မငြိမ်တဲ့အခါမှာ ခန္ဓာကိုယ်ရဲ့ သဘာဝအရ အရိုးရဲ့ မျက်နှာပြင်ကို ကြီးအောင် သဘာဝအတိုင်း လုပ်တာ။ အဲလိုမျိုး ကြီးတဲ့အတွက်ကြောင့် မျက်နှာပြင်ချဲ့လိုက်ရင် ပိုငြိမ်မယ်ဆိုပြီေးတာ့ ခန္ဓာကိုယ်က သူ့ဘာသာသူလုပ်တာ ကျွန်တော်တို့ လုပ်လို့မရဘူး။ သဘာဝက လုပ်တဲ့အတွက်က အရိုးက တဖြည်းဖြည်းနဲ့ ကြီးလာတယ်။ အဲဒါကို နားလည်အောင်ပြောရရင်တော့ အရိုးကျီးပေါင်းပေါ့။ အရိုးကျီးပေါင်းဆိုတာက ရောဂါမဟုတ်ဘူး။ စောစောကပြောသလို ဒူးမှာဆိုရင်တော့ အရိုးနုလေးတွေ ပါးသွားတယ်။ ပါးသွားတဲ့အတွက်ကြောင့် အောက်ကအရိုးက ပေါ်လာပြီးတော့ ဒူးနာတယ်ဆိုရင်တော့ ဆီဖို့ရမယ်။ လည်ပင်းတို့ ခါးတို့မှာဆိုရင်တော့ အထဲက အာရုံကြောကို အရိုးကျီးပေါင်းက ဖိနေလို့ အာရုံကြောနဲ့ပတ်သက်တဲ့ ဒုက္ခတွေ ရှိတယ်ဆိုရင်တော့ ဒါ ဆေးကုလို့ရတယ်။ တချို့ဟာတွေ ခွဲစိတ်ကုလို့ရတယ်။ အဲလိုမျိုးပေါ့။ အရိုးကျီးပေါင်းဆိုတာကတော ့ရောဂါမဟုတ်ပါဘူး။

မေး။   ။ ဟုတ်ကဲ့ပါ။ ကျေးဇူးတင်ပါတယ်။ ဆရာကြီးပြောသွားတဲ့အထဲမှာလည်း ဒူးနဲ့ပတ်သက်ပြီးတော့ ပြောသွားတာရှိတယ်။ မေးခွန်တွေမှာ အမေးများတာကလည်း ဒူးနာနဲ့ ခါးနာကို မေးတာဆိုတော့ မေးထားတာက ဒူးနာရောဂါအတွက် ကာကွယ်မယ့် နည်းလမ်းလေးရှိရင် ပြောပေးပါတဲ့။ နောက်တစ်ယောက်ကလည်း ဒူးနာ၊ ခါးနာ၊ ဇာတ်နာတာကလည်း လေးဘက်နာနဲ့ ဆိုင်လားတဲ့။ ဆိုတော့ မေးခွန်းနှစ်ခုကို ဆရာကြီး တစ်ပေါင်းတည်း ဖြေပေးလို့ရမလားခင်ဗျာ။

ဖြေ။    ။ ဒူးနာတာက အဖြစ်များတယ်။ ဘာဖြစ်လို့လဲဆိုတော့ ဒူးနဲ့ခါးက ကျွန်တေ်ာတို့ နေ့စဉ် လှုပ်ရှားတဲ့နေရာမှာ မရှိမဖြစ် လိုတာပေါ့။ မွေးကတည်းက လမ်းလျှောက်တက်ကတည်းက ဒါတွေကို သုံးနေရတော့ အသက်ကြီးတော့ များသောအားဖြင့် ၃၅ ၊ ၄၀ လောက်ဆို စပြီးတော့ နာလာကြပီ။ ၅၀-၆၀ လောက်ဆို မနာဖူးတဲ့လူ မရှိသလောက်ကို ဖြစ်သွားပြီ။ ဒူးနာတဲ့နေရာမှာ အဓိကကတော့ နှစ်ခုခွဲတယ်ပေါ့နော်။ တစ်ခုကကျတော့ မြန်မာပြည်ကလူတွေ နားလည်ထားတဲ့ သွေးလေးဘက်နာပေါ့။ တခြားနိုင်ငံတွေမှာ အထူးသဖြင့် အေးတဲ့တိုင်းပြည်တွေမှာ ပိုပြီးတော့ ခံစားရတယ်။ ရာသီဥတု အေးတဲ့အတွက်ကြောင့်ပေါ့။ ကျွန်တော်တို့နိုင်ငံမှာက ဒီရောဂါက မရှားဘူး။ ဒါပေမယ့် ရာသီက ပူတဲ့အတွက်ကြောင့် ကျွန်တော်တို့လူတွေက သိပ်မခံစားရဘူး။ နောက်တစ်မျိုးကကျတော့ အရိုးကျီးပေါင်းရောဂါပေါ့။ အဲဒါကတော့ ခုနကပြောသလို အရိုးနုလေးတွေ စားသွားတဲ့အတွက်ကြောင့် အောက်မှာရှိတဲ့ အရိုးက ပေါ်လာတဲ့အတွက်ကြောင့် အရိုးရိုးချင်း တိုက်တဲ့အတွက်ကြောင့် နာတဲ့ဥစ္စာ။ ကျန်တာတွေကတော့ အဆစ်ထဲကို တိုက်ရိုက်ခိုက်မိလို့ ကျိုးတာ၊ ဒါမှမဟုတ်လို့ အထဲကို ပိုးဝင်သွားတာ။ အဖြစ်များတာကတော့ အသက်ကြီးရင်ဖြစ်တာက အဓိက နှစ်ခုပေါ့။ အရိုးကျီးပေါင်း ကာကွယ်ဖို့အတွက်က လှုပ်ရှားမှုကို မျှမျှတတ လုပ်ဖို့လိုတယ်။ လှုပ်ရှားတာ နည်းလွန်းရင်လည်း အရိုးနုလေးတွေ ကာကွယ်ဖို့အတွက် မကောင်းဘူး။ လှုပ်ရှားတာ များရင်လည်း ပျက်ဆီးတာမြန်တယ်။ နောက်တစ်ခုက Body ဝိတ်ပေါ့။ အလွန်အကျွံ မများစေဖို့ သူ့အရပ်နဲ့ သူ့အသက်နဲ့ ရှိသင့်ရှိထိုက်တဲ့ Body ဝိတ်ရှိဖို့ပေါ့။ နောက်တစ်ခုက အဆစ်တွေရဲ့ ဘေးမှာရှိတဲ့ ကြွက်သားတွေ အထူးသဖြင့် ဒူးမှာဆိုရင် ပေါင်ရှေ့က ကြွက်သားပေါ့။ အဲဒီကြွက်သားက အားရှိဖို့လိုတယ်။ ကြွက်သားအားရှိလို့ရှိရင် ဒူးကို ငြိမ်အောင် ထိန်းထားနိုင်တဲ့အတွက်ကြောင့်မို့ ဒူးနာတာ သက်သာတယ်။ ကျွန်တော်တို့ ဆေးပေးတယ်ဆိုရင်လည်း အဲဒီကြွက်သားကို လေးကျင့်ခန်းလုပ်ဖို့အတွက် ဆေးပေးလေ့ရှိပါတယ်။

မေး။   ။ ဟုတ်ကဲ့ ကျေးဇူးတင်ပါတယ်။ အခုတစ်ခါ မေးလာတာကတော့ ခါးနာတယ်ဆိုပြီးတော့ ပြရာကနေ ခွဲလိုက်ရပါတယ်တဲ့။ အခုဆို ၄ နှစ်ရှိပါပြီ။ မသက်သာတဲ့အပြင် နောက်ကျောတစ်လျှောက် ကပါ နာနေပါတယ် ဆရာဝန်တွေကိုလည်း လိုက်ပြတာ များနေပါပြီတဲ့ တချို့ဆရာဝန်တွေက ပြန်ခွဲခိုင်းပါတယ်။ ညလဲ အိပ်မရပါ ဘာဖြစ်တာလဲ မေးလဲ တိတိကျကျ မသိရပါဘူး။ ဆရာပြောပြပြိး ဆေးပေးမယ်ဆို တစ်သက်လုံး ကျေးဇူးတင်နေမှာပါတဲ့။

ဖြေ။    ။ ဒီနေရာမှာ ကျွန်တော် တစ်ခုလောက်တော့ ပြောချင်တယ်။ ဒီလောက် သတင်းအချက်အလက်နဲ့ ဘာရောဂါဆိုတာကို ပြောရခက်တယ်လေ။ အဲတော့ ဘာဆေးသောက်ရမယ်ဆိုတာကိုတော့ အကြံကို တိတိကျကျ ပေးနိုင်မှာ မဟုတ်ပါဘူး။ အဲတော့ ခါးနာတာက အဖြစ်များတဲ့ ရောဂါဖြစ်တဲ့အတွက်ကြောင့်မို့ ကျွန်တော် အကြမ်းမျဉ်းတော့ ပြောလို့ရတယ်။ လူတစ်ယောက် ခါးနာတယ်ဆိုရင် အဓိက အချက်သုံးချက်ကို အရင်ဆုံး ရှင်းရပါတယ်။ အဲဒါက ဘာလဲဆိုတော့ အရိုးကျိုးတာလား၊ ဒါမှမဟုတ်ရင် အဲဒီအရိုးအဆစ်ထဲကို ပိုးဝင်တာလား။ ဒါမှမဟုတ် အသက် ၅၀ ကျော်တဲ့သူဆိုရင် ကင်ဆာဖြစ်တာလား။ ကင်ဆာဖြစ်တာဆိုတာက ဒီအရိုးမှာ ပထမဆုံးဖြစ်တာလား ဒါမှမဟုတ် တခြားနေရာက အရိုးကို ကူးတာလား။ ဒါကို အရင်ဆုံး ရှင်းဖို့လိုတယ်။ အဲဒါတွေရှင်းပြီး ဒါတွေမဟုတ်ဘူးဆိုရင် ခါးရိုးဆစ်ဆိုတာက အဲဒီပတ်ပတ်လည်မှာ အဆက်ကလေးတွေ အများကြီးရှိတယ်။ အထဲမှာ ခါးရိုးတုံး တစ်တုံးနဲ့တစ်တုံး ကြားထဲမှာ ဝါရှာလိုမျိုးဟာလည်း ရှိတယ်။ အဲဒါက အသက် ၂၀ ကျော်တဲ့အချိန်ကျရင် တဖြည်းဖြည်းနဲ့ ပျက်ဆီးလာတယ်။ အဲဒီဝါရှာလေး ပျက်ဆီးသွားတဲ့အတွက်ကြောင့်မို့ သူ့ရဲ့ တည်ငြိမ်မှုက ပျက်သွားတယ်။ ပျက်သွားတဲ့အခါမှာ ခုနကပြောတဲ့ အရိုးကျီးပေါင်းလိုဟာမျိုးက ဖြစ်လာတယ်။ အဲတော့ အခုမေးတဲ့ကလေးက ဘာဖြစ်တယ်ဆိုတာကို ဆရာအနေနဲ့ သေသေချာချာမသိဘူး။ ခွဲတယ်ဆိုတာကလည်း ခါးအရိုးခွဲတဲ့နေရာမှာ ခါးခွဲလို့ ကောင်းသွားတယ်ဆိုတာက ခုနကပြောသလို ကျိုးသွားရင် ခွဲလို့ရတယ်။ အာရုံကြောကို ထိသွားရင်တော့ ပြန်ကောင်းချင်မှကောင်းမယ်။ အာရုံကြောတွေ မထိခိုက်ဘူးဆိုရင် အစားပြန်ထိုးလို့ရတယ်။ ထိုက်သင့်သလောက်တော့ လမ်းလျှောက်လို့ရမယ်ပေါ့။ ပိုးဝင်တယ်ဆိုရင် ဆေးကုလို့ရတယ်။ မြန်မာပြည်မှာ အဖြစ်များဆုံး ပိုးဝင်တာကတော့ တီဘီ ပဲ။ သူကတော့ တစ်နှစ်ကျော်လောက် ဆေးသောက်ရင် များသောအားဖြင့် ပြန်ကောင်းပါတယ်။ အဲတော့ အဲဒီအထဲမှာမှ ခွဲလေ့ရှိတာက ခါးအရိုးတုံး နှစ်တုံးရဲ့ ကြားမှာရှိတဲ့ ဒစ်ကနေပြီးတော့ အသက်ကြီးလာတဲ့အခါမှာ အပြင်ကို ကျွံထွက်ပြီးတော့ အာရုံကြောကို ဖိတဲ့အတွက်ကြောင့်မို့ အဲလိုမျိုးဖြစ်ရင် ဖိတဲ့ အစလေးကို ထုတ်လိုက်လို့ရှိရင် လွတ်သွားတယ်ဆိုရင် သက်သာတယ်။ အဲတော့ ကျွန်တော်က ကျွန်တော်လူနာတွေကို ပြောလေ့ရှိတာက ကျွန်တေ်ာတို့ခွဲရင် သေချာပေါက်ကောင်းမှာက ခြေထောက်ကိုက်တာ ကျင်တာတွေ ကောင်းသွားမယ်။ ခါးနာတာကတော့ ပျောက်ချင်မှပျောက်မယ်။ ခွဲစိတ်ကုသတယ်ဆိုတာက ဆရာဝန်က ရှင်းပြဖို့လည်းလိုတယ်။ နောက်တစ်ခုက လူနာက လူတွေမှာက မျှော်လင့်ချက်ရှိတယ်လေ။ မျှော်လင့်ချက်က လိုအပ်တာထပ် ပိုပြီးတော့ များရင်လည်း ခွဲစိတ်ကုသမှု အောင်မြင်တယ်လို့ ထင်ချင်မှထင်မယ်ပေါ့။ အဲဒါလည်း ဖြစ်နိုင်ပါတယ်။

မေး။   ။ ဆရာကြီးခင်ဗျာ နောက်ထပ်တစ်ခုက ကျွန်တော်ကြားဖူးနားဝ ရှိတာက အရိုးတီဗီတို့ အရိုးကင်ဆာတို့ အဲလိုမျိုးရော ရှိလားခင်ဗျာ။ အဲဒါကိုလညး် နည်းနည်း ရှင်းပြပေးပါဦးခင်ဗျာ။

ဖြေ။    ။ ရှိပါတယ်။ အရိုးကင်ဆာဆိုတာက ၂ မျိုးရှိတာပေါ့။ အရိုးမှာစဖြစ်တဲ့ ကင်ဆာ၊ လူတွေအများစုသိတဲ့ အဖြစ်များတဲ့ အင်မတန်လည်း သနားဖို့ကောင်းတဲ့ဟာက အသက် ၂၀ အောက်ကလေးတွေမှာဖြစ်တဲ့ အရိုးကင်ဆာ။ ဒူးတစ်ဝိုက်မှာ အဖြစ်များတယ်။ အဲလိုဖြစ်လို့ရှိရင် ဟိုတစ်ချိန်တုန်းကတော့   ခြေထောက်တွေဖြတ်ရတယ်။   ဖြတ်ပြီးပြီဆိုရင်လည်း ဖြတ်ပြီး လေးငါးနှစ်လောက်ဆိုရင် အသက်ဆုံးရှုံးသွားတယ်။ အခုနောက်ပိုင်းကျတော့ ဆေးပညာလည်း မြင့်လာတဲ့အခါကျတော့ အခြားနိုင်ငံတွေမှာ စောစောသိတယ်ဆိုရင် ခြေထောက်ဖြတ်ဖို့ မလိုပဲနဲ့ ကင်ဆာကိုလည်း ဓါတုဆေးတွေ သွင်းပြီးတော့ ကုလို့ရတယ်။ အထူးသဖြင့်ကတော့ ခါးရိုးမှာဖြစ်တယ်။

အရိုးရောဂါအကြောင်း မေးခွန်းတွေ ရှိနေပြီလား (အပိုင်း ၃) ဆက်လက်ဖော်ပြပေးပါမည်။

အပိုင်း(၁)အား ကြည့်ရှုရန်- http://mizzimaburmese.com/article/33763

Mizzima Weekly