ရခိုင်နှင့် ရှမ်းတွင် အမျိုးသားအဆင့် နိုင်ငံရေးဆွေးနွေးပွဲ ကျင်းပရန် အဆင်မပြေသေး

ရခိုင်နှင့် ရှမ်းတွင် အမျိုးသားအဆင့် နိုင်ငံရေးဆွေးနွေးပွဲ ကျင်းပရန် အဆင်မပြေသေး
အောက်တိုဘာ ၃၀ရက်က ကျင်းပသည့် UPDJC အစည်းအဝေး(ဓာတ်ပုံ- မင်းမင်း/မဇ္ဈိမ)

နေပြည်တော်(အောက်တိုဘာ ၃၁ရက်၊ ၂၀၁၇ခုနှစ်)။ ။ နေပြည်တော်တွင် နှစ်ရက်ကြာကျင်းပခဲ့သည့် ပြည်ထောင်စုငြိမ်းချမ်းရေးဆွေးနွေးမှု ပူးတွဲကော်မတီ(UPDJC)အစည်းအဝေးတွင်  အမျိုးသားနိုင်ငံရေးဆွေးနွေးပွဲများ ကျင်းပနိုင်ရေးမှာ ညှိမရသည့်အနေအထားဖြင့်သာ အဆုံးသတ်ခဲ့ရသည်။

နေပြည်တော်ရှိ အမျိုးသားပြန်လည်သင့်မြတ်ရေးနှင့် ငြိမ်းချမ်းရေးဗဟိုဌာန(NRPC)တွင် အောက်တိုဘာ ၃၁ရက်တွင် ကျင်းပခဲ့သည့် UPDJC အစည်းအဝေး အစီအစဉ်တွင် “အမျိုးသားအဆင့် နိုင်ငံရေးဆွေးနွေးပွဲများ ကျင်းပရေးနှင့် ကျင်းပမည့်နေရာ၊ ကျင်းပမည့်ပုံစံ သတ်မှတ်ရေး” ထည့်သွင်းထားသော်လည်း ညှိနှိုင်းမှုများ အဆင်မပြေသေးကြောင်း အစည်းအဝေးတက်ရောက်လာသည့် ကိုယ်စားလှယ်များက ပြောသည်။

NCA လက်မှတ်ရေးထိုးထားသည့် တိုင်းရင်းသားလက်နက်ကိုင််အဖွဲ့များ တည်ရှိရာဒေသတွင် အမျိုးသားအဆင့် နိုင်ငံရေးဆွေးနွေးပွဲများ ကျင်းပနိုင်သည်ဟု သတ်မှတ်ထားသော်လည်း RCSS နှင့် ရခိုင်လွတ်မြောက်ရေးပါတီ(ALP)တို့မှာ အစိုးရ၊ တပ်မတော်နှင့် ညှိနှိုင်းမှု မပြေလည်သေး၍ ဆွေးနွေးပွဲများ မကျင်းပနိုင်ခြင်း ဖြစ်သည်။

“ရခိုင်မှာ အမျိုးသားအဆင့် နိုင်ငံရေးဆွေးနွေးပွဲ ကျင်းပဖို့ရာအတွက် အခုထိ ဆွေးနွေးနေတယ်။ အခုထိ အဆင်မပြေသေးဘူး။ ပြေတယ်လို့လည်း မယူဆဘူး။ ကျွန်မတို့ကလည်း NCA ရဲ့ မူအတိုင်းကို ရပ်တည်ပြီးတော့မှ ကျွန်မတို့ ကြိုးစားတယ်။ အတတ်နိုင်ဆုံး အမျိုးသားအဆင့် နိုင်ငံရေးဆွေးနွေးပွဲကို ရဖို့ ကျွန်မတို့ ကြိုးပမ်းတယ်။ ဒါပေမယ့် ဒီနေ့အထိကတော့ ဆက်လက်ကြိုးပမ်းမယ်ဆိုတဲ့ အနေအထားအထိပဲ ရပါသေးတယ်” ဟု ALP မှ ငြိမ်းချမ်းရေးဖော်ဆောင်ရေးအဖွဲ့ ဒုတိယခေါင်းဆောင် ဒေါ်စောမြရာဇာလင်းက UPDJC အစည်းအဝေးအပြီး အောက်တိုဘာ ၃၁ရက်၊ ညနေပိုင်းတွင် ပြောကြားသည်။

အစိုးရကမူ ရခိုင်ပြည်နယ်တွင် ဖြစ်ပွားခဲ့သော ပဋိပက္ခများကြောင့် ရခိုင်တွင် အမျိုးသားအဆင့်နိုင်ငံရေးဆွေးနွေးပွဲများ ကျင်းပရန် ချင့်ချိန်နေခြင်းဖြစ်သည်ဟု နိုင်ငံတော်အတိုင်ပင်ခံရုံးဝန်ကြီးဌာန၊ ညွှန်ကြားရေးမှူးချုပ် ဦးဇော်ဌေးက ဆိုသည်။

“ရခိုင်ကျတော့ အရမ်း သတိထားရတဲ့ အနေအထား ဖြစ်ပါတယ်။ နိုင်ငံတကာ အာရုံစိုက်နေတဲ့ ပဋိပက္ခတွေလည်း ရှိနေတယ်။ ဟိုဘက်မှာလည်း တခြားလုပ်ဆောင်စရာတွေ ရှိနေတော့ ရခိုင်ကို နိုင််ငံရေးအခြေအနေ၊ နောက် လုံခြံုရေးနဲ့ တည်ငြိမ်ရေးပေါ့နော်။ တခြား အခြေအနေတွေအရ ကျွန်တော်တို့က ချင့်ချိန်နေတဲ့သဘော” ဟု ၎င်းက ပြောသည်။

ထို့ပြင် ရှမ်းပြည်နယ်တွင်လည်း နေရာညှိနှိုင်းမှု အဆင်မပြေခြင်းကြောင်း အမျိုးသားအဆင့် နိုင်ငံရေးဆွေးနွေးပွဲ ကျင်းပနိုင်ဦးမည် မဟုတ်ပေ။ RCSS အနေဖြင့် တောင်ကြီးမြို့တွင် ဆွေးနွေးပွဲကျင်းပရန် တောင်းဆိုထားသော်လည်း အစိုးရနှင့် တပ်မတော်ဘက်က မိုင်းပန်နှင့် လင်းခေးမြို့တွင်သာ ကျင်းပခွင့်ပြုထားကြောင်း သိရသည်။

“နေရာကို ညှိနှိုင်းနေတာပေါ့နော်။ အရင် ညီလာခံက ညှိနှိုင်းခဲ့ရာမှာ အဆင်မပြေခဲ့ဘူး။ အခုလည်း နေရာကို ပြန်ညှိနေတယ်” ဟု ဦးဇော်ဌေးက ပြောသည်။

ဒေါ်စောမြရာဇာလင်းကမူ “ဘယ်လိုအကြောင်းပြချက်နဲ့ဖြစ်စေ၊ ဘယ် လက်နက်ကိုင်တော်လှန်ရေးအဖွဲ့အစည်းကမှ အမျိုးသားအဆင့် နိုင်ငံရေးဆွေးနွေးပွဲမရဘဲ မရှိသင့်ဘူးဆိုတာမျိုးကိုတော့ အခိုင်အမာ ယုံကြည်ပြီးတော့ ကျွန်မတို့ ရပ်တည်ပြီးတော့မှ ကြိုးစားနေပါတယ်” ဟု ဆိုသည်။

အမျိုးသားအဆင့် နိုင်ငံရေးဆွေးနွေးပွဲမှ ရရှိလာသည့် သဘောတူညီချက်များကို UPDJC သို့ တင်ပြကာ ထိုမှတစ်ဆင့် ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံသို့ တင်သွင်းပြီး အတည်ပြုချက် ရယူရခြင်းဖြစ်သည်။

အမျိုးသားအဆင့် နိုင်ငံရေးဆွေးနွေးပွဲများ မကျင်းပနိုင်ဘဲ ၂၁ရာစုပင်လုံ တတိယအစည်းအဝေး ကျင်းပမည်ဆိုပါက “ဆွေးနွေးမှုက အားကောင်းမှာ မဟုတ်ဘူး” ဟု ချင်းအမျိုးသားတပ်ဦး(CNF)မှ ဒုဥက္ကဌ ဒေါက်တာဆလိုင်းလျန်မှုန်းက ပြောသည်။

ယခု UPDJC အစည်းအဝေးတွင် ၂၁ရာစုပင်လုံ တတိယအစည်းအဝေး ကျင်းပရန် ရက်အတိအကျ မသတ်မှတ်နိုင်သော်လည်း နှစ်မကုန်ခင် ကျင်းပရန် ကြိုးပမ်းသွားမည်ဟု ဦးဇော်ဌေးက UPDJC အစည်းအဝေးအပြီးတွင် မီဒီယာများကို ပြောသည်။

“ဒီနှစ်ထဲတော့ ဖြစ်အောင် ဦးတည်ကြိုးပမ်းသွားမယ်။ ဆိုလိုတာက Target ထားပြီး ကြိုးပမ်းသွားမယ်” ဟု ဦးဇော်ဌေးက ဆိုသည်။

၂၁ရာစုပင်လုံ တတိယအစည်းအဝေးကျင်းပမည့်ရက် မသတ်မှတ်နိုင်သော်လည်း ထိုအစည်းအဝေးတွင် အဓိကဆွေးနွေးမည့် ခေါင်းစဉ်များ သတ်မှတ်နိုင်ခဲ့သည်။

“အထူးသဖြင့် နိုင်ငံရေးကိစ္စကို ဒီညီလာခံမှာ ဆွေးနွေးမယ်။ နိုင်ငံရေးကိစ္စဆိုတာ ခုနပြောတဲ့ ကိုယ်ပိုင်ပြဌာန်းခွင့်၊ တိုင်းရင်းသားအခွင့်အရေးနဲ့ ခွဲမထွက်ခွင့် ဒါတွေကို အလေးထားပြီး ဆွေးနွေးမယ်” ဟု ဦးဇော်ဌေးက ပြောသည်။

ယခု ကျင်းပပြီးစီးခဲ့သည့် UPDJC အစည်းအဝေးသည်၂၁ရာစုပင်လုံ ဒုတိယအကြိမ်အစည်းအဝေးအပြီး ပထမဆုံးခေါ်ယူသည့် အစည်းအဝေး ဖြစ်သည်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly