ဒီမိုကရေစီ အတုအယောင်တွေကို အထူးသတိပြုကြပါလို့ ဦးဝင်းမြင့် သတိပေး

ဒီမိုကရေစီ အတုအယောင်တွေကို အထူးသတိပြုကြပါလို့ ဦးဝင်းမြင့် သတိပေး
၂၀၁၇ခုနှစ်၊ ဩဂုတ်လ ၃၁ရက်က သတင်းစာရှင်းလင်းပွဲတစ်ခုတွင် တွေ့ရသော ပြည်သူ့လွှတ်တော်ဥက္ကဌ ဦးဝင်းမြင့်(ဓာတ်ပုံ- မင်းမင်း/မဇ္ဈိမ)

နေပြည်တော်(စက်တင်ဘာ ၁၆ရက်၊ ၂၀၁၇ခုနှစ်)။ ။ ပြည်သူများအနေဖြင့် ဒီမိုကရေစီ အတုအယောင်များနှင့် ဒီမိုကရေစီအတွက် အန္တရာယ်များကိုလည်း အထူးသတိပြုကြရန် ပြည်သူ့လွှတ်တော်ဥက္ကဌ ဦးဝင်းမြင့်က ယနေ့ကျရောက်သည့်် ၂၀၁၇ခုနှစ်၊ အပြည်ပြည်ဆိုင်ရာဒီမိုကရေစီနေ့တွင် ပြောကြားလိုက်သည်။

“ခေတ်အဆက်ဆက် အာဏာရှင်စနစ်ကျင့်သုံးခဲ့ပေမယ့် ဒီနေ့ ဒီမိုကရေစီနေ့ ခေတ်စားလာတဲ့ အခါကျတော့ ပြည်သူလူထုကြားထဲမှာ ဝင်ဆံ့ဖို့ ကျွန်တော်တို့လည်း ဒီမိုကရေစီပါ၊ ကျွန်မတို့လည် ဒီမိုကရေစီပါ၊ အဲ့ဒီအတုအယောင်တွေကို အားလုံးသတိပြုရမယ်” ဟု ဒီမိုကရေစီ အတုအယောင်များကို သတိပြုရန် ဦးဝင်းမြင့်က စတင်ပြောဆိုသည်။

နေပြည်တော်၊ လွှတ်တော်ဝင်းအတွင်းရှိ သဘင်ဆောင်တွင် စက်တင်ဘာ ၁၆ရက်က ကျင်းပသည့် ၂၀၁၇ခုနှစ်၊ အပြည်ပြည်ဆိုင်ရာဒီမိုကရေစီနေ့ အခမ်းအနားတွင် နိဂုံးချုပ် အမှာစကားပြောကြားစဉ် ဦးဝင်းမြင့်က ထိုသို့ ပြောဆိုလိုက်ခြင်း ဖြစ်သည်။

အထူးအလေးအနက်ထားပြီး သတိပြုရမည့် ဒီမိုကရေစီ၏ အန္တရာယ်များကိုလည်း ဦးဝင်းမြင့်က အောက်ပါအတိုင်း ဆက်လက် ပြောဆိုသည်။

“ဒီမိုကရေစီရဲ့ အန္တရာယ်များက ဘာတွေလဲလို့မေးလို့ရှိရင် ဒီမိုကရေစီ မလိုလားသူများ၊ ဒီမိုကရေစီကို လိုလားသော်လည်း မင်းသားကြီးမလုပ်ရလို့ ပတ်မကြီးထိုးဖောက်လိုသော ဒီမိုကရေစီ ကဖျက်ယဖျက်သမားများ” ဟု ဦးဝင်းမြင့်က ပြောသည်။

ထို့ပြင် “နောက်တစ်ခုက ဒီမိုကရေစီကို မယုံကြည်သူများ၊ ဒီမိုကရေစီကို ယုံကြည်သော်လည်း ဒီမိုကရေစီအသွင်ကူးပြောင်းရေးကို အားမလို အားမရဖြစ်ပြီးတော့ ကိုယ်သဘောနဲ့ ကိုယ်လုပ်ချင်ရာလုပ်တဲ့အခါမှာ အာဏာရှင်စနစ်ဆီကို ပြန်ပြီး အသက်သွင်းပေးသလို ဖြစ်သွားသူများ၊ ဒီမိုကရေစီစနစ်နဲ့ ဆန့်ကျင်ဘက်ဖြစ်တဲ့ အာဏာရှင်စနစ် တည်မြဲရေးအတွက် ဒီမိုကရေစီကို အလွဲသုံးစားလုပ်သူများ” ဟုလည်း ဦးဝင်းမြင့်က ဆက်လက်ပြောကြားသည်။

ဒီမိုကရေစီကျင့်စဉ်အရ လွတ်လပ်ပြီး တရားမျှတသည့် ရွေးကောက်ပွဲဖြင့် ပြည်သူ့အာဏာကို ရယူရန် မကြိုးစားဘဲ ရရာနည်းလမ်းဖြင့် ပြည်သူ့အာဏာကို ရယူရန် ကြိုးစားသူများမှာလည်း "ဒီမိုကရေစီရဲ့ အန္တရာယ်များ" ဟု ၎င်းက ဆိုသည်။

ရာစုနှစ် ထက်ဝက်ကျော် အာဏာရှင်စနစ်အောက်တွင် နေခဲ့ရသည့် မြန်မာနိုင်ငံသူ၊ နိုင်ငံသားများအတွက် လက်ရှိတွင် ဒီမိုကရေစီဟူသည့် လမ်းမပေါ်သို့ ခြေချရုံသာ ရှိသေးသည်ဟုလည်း ၎င်းက ပြောသည်။ အတိုက်အခံပါတီဖြစ်သည့် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီကမူ ပြီးခဲ့သည့် ပြည်ခိုင်ဖြိုးပါတီ အစိုးရသက်တမ်းအတွင်း မြန်မာ့ဒီမိုကရေစီအသွင်ကူးပြောင်းမှုကို အောင်မြင်စွာ ဖော်ဆောင်နိုင်ခဲ့သော်လည်း လက်ရှိတွင်မူ အကြမ်းဖက်ဝါဒ၏ တိုက်ရိုက်ခြိမ်းခြောက်မှုကို ခံနေရပြီဟု ရခိုင်ပြည်နယ်မြောက်ပိုင်းက ဖြစ်စဉ်များကို ရည်ညွှန်းကာ အပြည်ပြည်ဆိုင်ရာဒီမိုကရေစီနေ့ အခမ်းအနားတွင် ဖတ်ကြားခဲ့သော စာတမ်းတွင် ထည့်သွင်း ပြောဆိုသွားသည်။

နေပြည်တော်၊ လွှတ်တော်ဝင်းအတွင်း အပြည်ပြည်ဆိုင်ရာဒီမိုကရေစီနေ့ အခမ်းအနား ကျင်းပလာခဲ့သည်မှာ ၇နှစ်ရှိပြီဖြစ်ပြီး ယနေ့ကျရောက်သော အပြည်ပြည်ဆိုင်ရာဒီမိုကရေစီနေ့၏ ဆောင်ပုဒ်မှာ “ဒီမိုကရေစီရှင်သန်ဖို့ ပူးပေါင်းကာကွယ်စို့” ဟူ၍ ဖြစ်သည်။

အဆိုပါ ဆောင်ပုဒ်နှင့်အညီ ဒီမိုကရေစီဖက်ဒရယ်ပြည်ထောင်စု တည်ဆောက်ရေးအတွက် အနှောက်အယှက်များ၊ ဒီမိုကရေစီလမ်းကြောင်းမှ သွေဖယ်သွားအောင် ရပ်ရွာအေးချမ်းသာယာရေးကို ပျက်ပြားစေသည့် လှုံ့ဆော်မှုများ၊ တရားဥပဒေစိုးမိုးရေး ကင်းမဲ့အောင် လုပ်ဆောင်မှုများကို ပြည်သူလူထုအားဖြင့် ဝိုင်းဝန်း တားဆီးကြရန်လည်း နိဂုံးချုပ် အမှာစကား ပြောဆိုခဲ့သည်။

 

 

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly