ဒီမိုကရေစီရှင်သန်ဖို့ အုပ်ချုပ်ရေးယန္တယားနဲ့ လုံခြံုရေးယန္တယား မခွဲခြားနဲ့လို့ တပ်မတော်ကိုယ်စားလှယ်ပြော

ဒီမိုကရေစီရှင်သန်ဖို့ အုပ်ချုပ်ရေးယန္တယားနဲ့ လုံခြံုရေးယန္တယား မခွဲခြားနဲ့လို့ တပ်မတော်ကိုယ်စားလှယ်ပြော
တပ်မတော်သားလွှတ်တော်ကိုယ်စားလှယ်အစုအဖွဲ့၏ ကိုယ်စား ဒုတိယဗိုလ်မှူးကြီး မိုးကျော်က စာတမ်း ဖတ်ကြာနေစဉ်(ဓာတ်ပုံ- မင်းမင်း/မဇ္ဈိမ)

နေပြည်တော်(စက်တင်ဘာ ၁၅ရက်၊ ၂၀၁၇ခုနှစ်)။ ။ မြန်မာ့ဒီမိုကရေစီလမ်းကြောင်း ရှင်သန်နိုင်ရန် အုပ်ချုပ်ရေးယန္တယားနှင့် လုံခြုံရေးယန္တယားကို ခွဲခြားပြီး ရှုမြင်၍ မရဟု တပ်မတော်သားပြည်သူ့လွှတ်တော်ကိုယ်စားလှယ်၊ ဒုတိယဗိုလ်မှူးကြီး မိုးကျော်က ပြောကြားလိုက်သည်။

“တည်ရှိလျှောက်လှမ်းနေပြီဖြစ်တဲ့ ဒီမိုကရေစီလမ်းကြောင်း ရှင်သန်ဖို့အတွက် အုပ်ချုပ်ရေးယန္တယားနဲ့ လုံခြုံရေးယန္တယားတို့ကို ခွဲခြားမရှုမြင်ဘဲ အများဆန္ဒနဲ့ သဘောတူညီပြီး အများက အတည်ပြု သတ်မှတ်ထားတဲ့ ဥပဒေနဲ့အညီ ညှိနှိုင်းပေါင်းစပ်သွားရန်မှာလည်း အရေးကြီးတဲ့အချက် ဖြစ်ပါတယ်။ ဒီအချက်ဟာ ဒီမိုကရေစီရှင်သန်မှုကို အကာအကွယ်ပေးရာရောက်မှာ ဖြစ်ပါတယ်” ဟု ဒုတိယဗိုလ်မှူးကြီးက ပြောသည်။

နေပြည်တော်၊ လွှတ်တော်ဝင်းအတွင်းရှိ သဘင်ဆောင်တွင် ပြုလုပ်သည့် ၂၀၁၇ခုနှစ်၊ အပြည်ပြည်ဆိုင်ရာဒီမိုကရေစီနေ့ အခမ်းအနားတွင် တပ်မတောသားလွှတ်တော်ကိုယ်စားလှယ်အစုအဖွဲ့၏ ကိုယ်စား စာတမ်းဖတ်ကြားစဉ် သူက ပြောဆိုလိုက်ခြင်း ဖြစ်သည်။

ဒီမိုကရေစီရှင်သန်မှုကို ထိခိုက်စေနိုင်သည့် အကြောင်းကိုလည်း တပ်မတော်သားကိုယ်စားလှယ်က စာတမ်းတွင် ထည့်သွင်းဖတ်ကြားသွားခဲ့သေးသည်။

“ဒီမိုကရေစီကျင့်စဉ်မှာ အကြောင်းအရာ အချက်အလက်ထက် လုပ်ငန်းစဉ်ကို အများစုက သဘောတူလျှင် ညီညွတ်မျှတတယ်လို့ ထင်ရသော်လည်း တစ်ချိန်တည်းမှာပဲ လူနည်းစုအတွက် ၎င်းတို့ရဲ့ Rights(အခွင့်အရေးများ) ဆုံးရှုံးသွားမယ်ဆိုပါက ဒီမိုကရေစီကို ဆန့်ကျင်ရာ ရောက်သကဲ့သို့ ဒီမိုကရေစီရှင်သန်မှုကိုလည်း ထိခိုက်စေပါတယ်” ဟု ဒုတိယဗိုလ်မှူးကြီး မိုးကျော်က ပြောသည်။

ဒီမိုကရေစီစနစ်သည် အများစုက သဘောတူပါက မှန်သည်ဟု ယူဆရသော်လည်း ခိုင်လုံသည့် အထောက်အထားနှင့် ဥပဒေပိုင်းဆိုင်ရာ ညီညွတ်မှုရှိလျှင် လူနည်းစု၏ သဘောတူညီချက်ကိုလည်း လက်ခံကြရမှာ ဖြစ်သည်ဟု ၎င်းက ဆိုသည်။

ထို့ပြင် “ဒီမိုကရေစီဟာ အများစုနဲ့ ဆောင်ရွက်ရတာ ဖြစ်သော်လည်း တစ်ဦးတစ်ယောက် အဖွဲ့အစည်းတစ်ခုအတွက် လူအုပ်စုကြီး ပါဝင်လာအောင် ဆွဲဆောင်လှုံ့ဆော်တဲ့ Mobocracy မဖြစ်ရန် သတိပြုဖို့ လိုအပ်ပါတယ်” ဟုလည်း ဒုတိယဗိုလ်မှူးကြီးက ပြောကြားသည်။

ယခုနှစ် အပြည်ပြည်ဆိုင်ရာဒီမိုကရေစီနေ့၏ ဆောင်ပုဒ်မှာ “ဒီမိုကရေစီရှင်သန်ဖို့ ပူပေါင်းကာကွယ်စို့” ဟူ၍ ဖြစ်သည်။

အဆိုပါ ဒီမိုကရေစီ ရှင်သန်ရေးအတွက် ကာကွယ်ပေးရာရောက်သည့် ကိစ္စများကိုလည်း ဒုတိယဗိုလ်မှူးကြီးက အောက်ပါအတိုင်း ပြောဆိုခဲ့သေးသည်။

“ပြည်တွင်းငြိမ်းချမ်ရေးနှင့် ပြည်တွင်းပြည်ပ အဖျက်အမှောက် အနှောင့်အယှက်များကို ကာကွယ်တားဆီးပေးခြင်းကလည်း ဒီမိုကရေစီရှင်သန် ဖြစ်ထွန်းရေးကို ကာကွယ်ရေးရာရောက်ကြောင်း ပြောကြားလိုပါတယ်” ဟု ၎င်းက ပြောသည်။

နေပြည်တော်ရှိ သဘင်ဆောင်တွင် အပြည်ပြည်ဆိုင်ရာဒီမိုကရေစီနေ့ အခမ်းအနား ကျင်းပလာသည်မှာ ၇နှစ်ရှိပြီဖြစ်သည်။ ယနေ့အခမ်းအနားသို့ ပြည်ထောင်စုဝန်ကြီးတစ်ချို့အပြင် ပြည်ထောင်စုလွှတ်တော်နာယကဟောင်း သူရဦးရွှေမန်းလည်း တက်ရောက်လာသည်ကို တွေ့ရသည်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly