“နောင်တမရအောင် ကွမ်းယာကိုရှောင်” ဆောင်ပုဒ်ဖြင့် လှုပ်ရှားမှု ပြုလုပ်

“နောင်တမရအောင် ကွမ်းယာကိုရှောင်” ဆောင်ပုဒ်ဖြင့် လှုပ်ရှားမှု ပြုလုပ်
မြန်မာနိုင်ငံမှာ ဆေးရွက်ကြီးကြောင့် နှစ်စဉ် လူဦးရေ ခြောက်သောင်းကျော် သေဆုံးလျက်ရှိပါတယ် (ဓာတ်ပုံ- မဇ္ဈိမ)

နေပြည်တော်(စက်တင်ဘာ ၁၁ရက်၊ ၂၀၁၇ခုနှစ်)။ ။ ကွမ်းယာနှင့် ဆေးရွက်ကြီးထွက်ပစ္စည်းများ ထိန်းချုပ်ရေးအတွက် “နောင်တမရအောင် ကွမ်းယာကိုရှောင်” ဟူသည့် ဆောင်ပုဒ်ဖြင့် အသိပေးလှုပ်ရှားမည့် လူထုလှုံ့ဆော်ပွဲ စတင်သည့် အခမ်းအနားကို ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနတွင် စက်တင်ဘာ ၁၁ရက်က ပြုလုပ်သည်။

အခမ်းအနားသို့ နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်၊ ဒေါ်အောင်ဆန်းစုကြည် ပေးပို့လိုက်သည့် သဝဏ်လွှာတွင် “မြန်မာပြည်သူ ခုနှစ်သန်းကျော်ဟာ နေ့စဉ် ဆေးရွက်ကြီးထွက်ပစ္စည်း မျိုးစုံပါဝင်သော ကွမ်းယာကို သုံးစွဲနေကြပြီး ဆေးရွက်ကြီးကြောင့် နှစ်စဉ် သေဆုံးသူမှာလည်း ခြောက်သောင်းကျော်ရှိနေကြောင်း သုတေသန ပြုချက်များအရ သိရှိရတဲ့အတွက် ထိုမျှကြီးမားသော ကျန်းမာရေးစိန်ခေါ်မှုကြီးကို ပြည်သူများက “နောင်တမရအောင် ကွမ်းယာကိုရှောင်” ဆောင်ပုဒ်နဲ့ညီစွာ အမျိုးသားရေးတာဝန်တစ်ရပ်အဖြစ် ဇွဲသန်သန်နဲ့ ရင်ဆိုင်၊ အနိုင်ယူသွားကြပါ” ဟု တိုက်တွန်းထားသည်။­

ထို­လှုပ်ရှားမှုမှာ ကွမ်­­းစားခြင်းကြောင့် ရောဂါရပြီး သေဆုံးမှုများကို လျှော့ချပေးနိုင်ရန် ရည်ရွယ်ကာ နိုင်ငံပိုင်ရုပ်မြင်သံကြားနှင့် ရေဒီယိုတို့တွင် သီတင်းပတ် ခြောက်ပတ်ကြာ ပညာပေးအစီအစဉ်များ ထုတ်လွှင့်သွားမည် ဖြစ်သည်။

“အခု ပြုလုပ်တဲ့ လှုပ်ရှားမှုက မြန်မာပြည်သူတွေကို ကွမ်းစားခြင်းကြောင့် ဖြစ်ပေါ်လာတဲ့ ဆိုးကျိုးအန္တရာယ်တွေအကြောင်းကို အသိပညာပေးသွားမှာ ဖြစ်ပါတယ်။ အထူးသဖြင့် မြန်မာလူငယ်လေးများကို ကွမ်းယာ စပြီး မစားသုံးအောင် ကာကွယ်လိုခြင်း ဖြစ်ပါတယ်” ဟု ကျန်းမာရေးနှင့် အားကစားဝန်ကြီး ဒေါက်တာမြင့်ထွေးက ပြောသည်။

လှုပ်ရှားမှု အစီအစဉ်အတွင်း စက္ကန့်သုံးဆယ်ကြာ အသိပညာပေးဗီဒီယို ပြကွက်နှင့် ခံတွင်းကင်ဆာဝေဒနာသည်များကို ပုံဖော်ပြထားသော ပိုစတာများ ပါဝင်မည် ဖြစ်သည့်အပြင် ရေဒီယို အစီအစဉ်လည်း ပါဝင်မည် ဖြစ်သည်။

“ဆေးရွက်ကြီး သုံးစွဲမှုနဲ့ ဆက်စပ်တဲ့ ရောဂါဖြစ်ပွားမှုနဲ့ သေဆုံးမှုတွေဟာ အခြားအလားတူနိုင်ငံတွေမှာထက် မြန်မာပြည်မှာ ပိုမြင့်နေပါတယ်။ ဒီပြဿနာကို အမြန် အလေးအနက် ဆောင်ရွက်ဖို့ လိုအပ်နေပါတယ်” ဟု ပြည်သူ့ကျန်းမာရေးဖောင်ဒေးရှင်း ဥက္ကဌ ဒေါက်တာသန်းစိန်က ဆိုသည်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly