ရခိုင်အရေး လျော့တွက်ရင် IS အန္တရယ်ပါ ရှိလာနိုင်တယ်လို့ သာ/ယဉ်ဝန်ကြီး သတိပေး

ရခိုင်အရေး လျော့တွက်ရင် IS အန္တရယ်ပါ ရှိလာနိုင်တယ်လို့ သာ/ယဉ်ဝန်ကြီး သတိပေး
မီဒီယာများ၏ မေးမြန်းမှုကို ပြန်လည်ဖြေကြားနေသော သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီး သူရဦးအောင်ကို(ဓာတ်ပုံ- မင်းမင်း/မဇ္ဈိမ)
 

နေပြည်တော်(ဩဂုတ် ၃၀၊ ၂၀၁၇ခုနှစ်)။ ။ လတ်တလောဖြစ်ပွားနေသော ရခိုင်အရေးနှင့်ပတ်သက်ပြီး လျော့တွက်ခဲ့ပါက အစ္စလာမ်မစ် စစ်သွေးကြွအဖွဲ့(ISIS)၏ အန္တရာယ်ပါ ရှိလာနိုင်သည်ဟု သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီး သူရဦးအောင်ကိုက သတိပေး ပြောကြားလိုက်သည်။

“လောလောဆယ်တော့ လက်နက်ခဲယမ်းဘာညာ သိပ်အကောင်းစား မဟုတ်ပါဘူး။ လက်နက်လည်းပါတယ်။ လုပ်သေနတ်လည်း ပါတယ်၊ တုတ်၊ ဓားတွေလည်း ပါတယ်။ လှံတွေလည်း ပါတယ်။ ဒါတွေနဲ့ အင်အားသုံးပြီးတော့မှ တိုက်ခိုက်သော်လည်းပဲ ဒီနောက်မှာ ဒါကို လျော့တွက်ခဲ့လို့ရှိရင်တော့ တစ်ကမ္ဘာလုံးနဲ့ချီပြီး ဒုက္ခပေးတဲ့ IS အဖွဲ့တွေရဲ့ အဆက်အသွယ်၊ အထောက်အပံ့တွေ ဝင်လာနိုင်တယ်ဆိုတာကို ကြိုတင်ပြီးတော့ တွေးထားဖို့ လိုမယ်” ဟု သူရဦးအောင်ကိုက ပြောသည်။

ရခိုင်ပြည်နယ်မြောက်ပိုင်း၊ မောင်ေ်တာဒေသတွင် ဖြစ်ပွားနေသည့် အကြမ်းဖက် တိုက်ခိုက်မှု ဖြစ်စဉ်သည် လတ်တလော အခြေအနေဖြင့် ရပ်တန့်သွားလိမ့်မည်ဟု ယူဆထား၍ မရကြောင်းလည်း သူရဦးအောင်ကိုက ဆိုသည်။

ဩဂုတ်လ ၃၀ရက်၊ ပြည်သူ့လွှတ်တော်အစည်းအဝေး အပြီးတွင် ရခိုင်အရေးကိစ္စနှင့်ပတ်သက်ပြီး မဇ္ဈိမ၏ မေးမြန်းမှုအပေါ် သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီး သူရဦးအောင်ကိုက ထိုသို့ ပြောဆိုလိုက်ခြင်း ဖြစ်သည်။

အစိုးရအဆက်ဆက်က တားဆီးနိုင်ခဲ့ခြင်းမရှိသည့်အတွက် မြန်မာနိုင်ငံ၏ အနောက်ဘက် ခြံစည်းရိုးတံခါး ကျိုးပေါက်ခဲ့သည်မှာ နှစ်ပေါင်း(၅၀)ထက်မက ကြာမြှင့်နေပြီဟုလည်း ၎င်းက ဆိုသည်။

“တစ်ချို့မှာလည်း တာဝန်ကျတဲ့ ဝန်ထမ်း၊ အဖွဲ့အစည်းတွေရဲ့ မသမာမှုတွေလည်း ပါပါတယ်။ မတားဆီးနိုင်ခဲ့ပါဘူး။ မတားဆီးနိုင်ခဲ့တော့ အနောက်ဘက်တံခါးနဲ့ပတ်သက်လို့ ဒါအခု လတ်တလောဖြစ်ပေါ်နေတဲ့ ဖြစ်စဉ်တွေက သတိပေးခေါင်းလောင်းသံ ထိုးလိုက်တာ ဖြစ်ပါတယ်” ဟု သူရဦးအောင်ကိုက ပြောသည်။

ကာကွယ်၊ တားဆီးရမည့် နည်းလမ်းနှင့်ပတ်သက်၍လည်း သူရဦးအောင်ကိုက အောက်ပါအတိုင်း ပြောဆိုခဲ့သေးသည်။

“ဒါကို ကာဖို့ကတော့ လူကို လူနဲ့ပဲ ပြန်ကာရမှာ ဖြစ်ပါတယ်။ အဲ့ဒီ ကာတဲ့လူတွေကို လုံခြုံမှုအပြည့်အဝပေးတဲ့ စနစ်နဲ့လည်း ကာရမှာ ဖြစ်ပါတယ်။ ဒါကို လျှော့တွက်လို့ ရှိရင်တော့ဖြင့် နောင် ၁၀နှစ်၊ နှစ် ၂၀ စသဖြင့် ဒီထက်မက ကြာတဲ့အခါ သမိုင်းသင်ခန်းစာကြီး ကောင်းကောင်း ရသွားနိုင်ပါတယ်။ အဲ့ဒီကျတော့ ပြန်ကုစားလို့ မရနိုင်တော့ပါဘူး” ဟု ၎င်းက ပြောသည်။

ဩဂုတ် ၂၅ရက် နံနက်ပိုင်းမှ စတင်ကာ မောင်တော၊ ဘူးသီးတောင်နှင့် ရသေ့တောင်မြို့နယ်အတွင်းရှိ လုံခြုံရေးတာဝန် ထမ်းဆောင်နေသော ရဲကင်းစခန်း ၃၀နှင့် တောင်ဘဇာကျေးရွာရှိ နယ်မြေခံတပ်ရင်း ဌာနချုပ်တို့ အကြမ်းဖက် တိုက်ခိုက်ခံခဲ့ရသည်။

ထိုတိုက်ခိုက်မှုကို Arakan Rohingya Salvation Army (ARSA) အစွန်းရောက် အကြမ်းဖက်သမားများက ပြုလုပ်ခဲ့ခြင်းဖြစ်ပြီး ထိုဖြစ်စဉ်ကြောင့် မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင် ၁၀ဦး၊ တပ်မတော်သား ၁ဦး၊ စုစုပေါင်း လုံခြုံရေးတပ်ဖွဲ့ဝင် ၁၁ဦးနှင့် လ.ဝ.က ဝန်ထမ်း ၁ဦးတို့ ကျဆုံးပြီး လုံခြုံရေးတပ်ဖွဲ့ဝင် ၉ဦးနှင့် အပြစ်မဲ့ပြည်သူအများအပြား ဒဏ်ရာရရှိကာ လက်နက် ၆လက် ဆုံးရှုံးခဲ့ရသည်ဟု အစိုးရက သတင်းထုတ်ပြန်ထားသည်။

ယခု ဩဂုတ်လ ၂၅ရက် မတိုင်မီ ပြီးခဲ့သည့်နှစ် အောက်တိုဘာ ၉ရက်၊ နံနက်ပိုင်းကလည်း ရခိုင်ပြည်နယ်၊ မောင်တောဒေသရှိ နယ်ခြားစောင့်ရဲတပ်ဖွဲ့များ၏ လုံခြုံရေးစခန်းများ၊ ရဲကင်းများ တိုက်ခိုက်ခံရသည့် ဖြစ်စဉ် ဖြစ်ပွားခဲ့သေးသည်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly