အရိုး၊ အကြော၊ အဆစ် အထူးကုဆရာဝန်ကြီး ပါမောက္ခဦးချစ်စိုး နှင့်တွေ့ဆုံခြင်း အပိုင်း(၃)

အရိုး၊ အကြော၊ အဆစ် အထူးကုဆရာဝန်ကြီး ပါမောက္ခဦးချစ်စိုး နှင့်တွေ့ဆုံခြင်း အပိုင်း(၃)

 

မဇ္စျိမ- နောက်တစ်ယောက်တော့ မေသွေးအောင်တဲ့။ ကျွန်မ ဘယ်ချိန်ဖြစ်ဖြစ် အိပ်ယာထတိုင်း ခြေဖဝါးတစ်ခုလုံး အကြောတွေက စုဆွဲထားသလို ခံစားရပြီး လမ်းလျှောက်မကောင်းဘူး ဖြစ်နေတာ ၁ လလောက်ကျော်ပါပြီ။ မီးဖွားထားတာ ကလေးက ၂နှစ် ရှိပါပြီ။ မီးယပ်အကြောတွေနဲ့ ဆိုင်တာလား အစားအသောက်နဲ့ ဆိုင်တာလား ဖြေကြားပေးပါ ဆရာရှင့်။

Prof: Chit Soe - လမ်းလျှောက်လို့ ရှိရင် ခြေဖဝါးတွေ နာတတ်တာလည်း တော်တော်လေး တွေ့ရပါတယ်။ အဲဒါကတော့ ဖနောင့် အရွက်ပြား ယောင်တဲ့ ရောဂါလို့လဲ ခေါ်တာပေါ့နော်။ တစ်ချို့ကလည်း ဖနောင့် အတက်ထွက်တယ်လို့လဲ အလွယ်တကူ ခေါ်ကြတာပေါ့။ အဲတော့ အရွက်ပြားက ယောင်တယ်။ ကြာလာလို့ ရှိရင် အဲဒီမှာ အတက်ကလေး ဖြစ်လာတယ်။ ပြီးလို့ ရှိရင် ကျောက်ကလေး တည်လာတယ်ပေါ့။ အရွက်နဲ့စတယ်။ ပြီးရင် အရိုးပါ ဖြစ်သွားတာပေါ့နော်။ အဲတော့ ဒါက လေ့ကျင့်ခန်း လုပ်ရတာပဲ။ ဖနောင့်အရွက်ကိုရော ခြေသလုံး ကြွက်သားတွေကိုရော ဆွဲဆန့်တဲ့ လေ့ကျင့်ခန်း လုပ်ရတာပေါ့။ ဆရာတို့ ဆီကို လာလို့ ရှိရင် ဆရာတို့က လေ့ကျင့်ခန်းဌာနကို လွှဲပေးမယ်။ လေ့ကျင့်ခန်း မှန်မှန် လုပ်လို့ ရှိရင် သက်သာတာပေါ့လေ။ နောက်ပြီးတော့မှ သိပ်ပြီးတော့မှ အခုနကလို တစ်လလောက် လေ့ကျင့်ခန်း လုပ်ကြည့်လို့မှ မရရင်လည်း အဲဒီ ကျောက်တည်တဲ့ နေရာလေးကို ဓာတ်မှန်ရိုက်ကြည့်ရတယ်။ ဓာတ်မှန်ထဲမှာ ကျောက်တည်တဲ့ နေရာ ပေါ်လာပြီဆိုရင် အဲဒီနေရာလေးကို ဆေးထိုးလိုက်ရင်လည်း ကျောက်က ကြေသွားပြီးတော့မှ လမ်းလျှောက်လို့ ကောင်းသွားတယ်။ ဖနောင့် စူးတာတွေ ပျောက်သွားတာပေါ့လေ။

Prof: Chit Soe -ဖနောင့် ခြေဖဝါးဆိုတဲ့ နေရာမှာ ခြေဖဝါးလည်း ပါတယ်။ ခြေသလုံးလည်း ပါတယ်။ ကြွက်သားနှစ်ခုက ဖနောင့်မှာ လာဆုံတာပေါ့လေ။ အဲဒီနှစ်ခု ဆုံတဲ့နေရာမှာ ဒုက္ခပေးတာပဲ။ အဲတော့ သူက ခြေသလုံးကြွက်သားကိုလည်း လေ့ကျင့်ခန်း လုပ်ပေးရတယ်။ ခြေဖဝါးကြွက်သားကိုလည်း လေ့ကျင့်ခန်း လုပ်ပေးရတယ်။

မဇ္စျိမ- နောက်မေးလာတဲ့ သူကတော့ ထက်ထက်ဆိုတဲ့ တစ်ယောက်ပါ။ သူ ဆရာရှင့် ကျွန်မ လက်ကနေ ပုခုံးအထိ အထိမခံနိုင်အောင် နာပါတယ် အဲလက်သည်းကလည်း တခြား လက်သည်းတွေနဲ့ မတူ ပျော့နေပါတယ်ရှင့်။ အဲဒါ ဘာဖြစ်နိုင်လဲရှင့် တဲ့ ဆရာကြီး နည်းနည်းပြောပေးပါအုံး။

Prof: Chit Soe - အဲတော့ လက်သူကြွယ်ကနေ ပုခုံးထိ နာတယ်ဆိုရင်တော့ တစ်ချို့ကြတော့ တင်ပါးကနေ တစ်လျှောက်နာတာ ရှိတယ်။ အဲဒါ များသောအားဖြင့်တော့ အာရုံကြော ဖိမိတာကြောင့် ဖြစ်တာပါ။ အာရုံကြော ဖိမိတာ ဘာကြောင့် ဖိမိလည်း ဆိုရင် လည်ပင်းထဲမှာလည်း ဖြစ်နိုင်တယ်။ လည်ပင်ကျီးပေါင်းတက်လို့ပေါ့။ တစ်ချို့ကြတော့ ရှားရှားပါးပါး နံရိုးတွေ ပေါ်မှာ ပေါ့နော်။ နံရိုးဆိုတာက ပုံမှန်တော့ ၁၂ရိုးပဲ ရှိတာ။ တစ်ချို့က ပိုပြီးတော့ ၁၃ရိုးပေါ့။ ဒီလည်ပင်းမှာပါ နံရိုးတစ်ခုက ပါလာတယ်။ လည်ပင်းမှာ နံရိုးပါလာလို့ ရှိရင် အာရုံကြောက ဖြတ်သွားတဲ့ အခါကြတော့ သူပေါ်ကနေ ကျော်ပြီးတော့မှ ဆင်းသွားရတယ်။ ပုံမှန် တည့်တည့်ဆင်းလို့ မရဘဲနဲ့ သူက ကောက်ပြီးတော့မှ ဆင်းသွားရတယ်ပေါ့နော်။ ကောက်ပြီးဆင်းသွားလို့ ရှိရင် အဲဒီအာရုံကြောက ဒဏ်ဖြစ်ပြီးတော့ ကြာလာလို့ ရှိရင် လက်သူကြွယ်လေးက နာလာတာပေါ့နော်။ အဲလိုပဲ အာရုံကြော မကောင်းလို့ ရှိရင် သူပေါ်မှာ နေတဲ့ ပစ္စည်းတွေကလည်း သိပ်မကောင်းဘူးပေါ့။ မကောင်းတဲ့ အခါကျတော့ သူနေရာလေးက လက်ကလေးတွေ သေးနေတာတို့ ပျော့နေတာတို့ ဖြစ်တတ်တယ်။ အဲဒါကတော့ ဓာတ်မှန်ရိုက်ကြည့်လိုက်ရင် ပေါ်ပါတယ်။ ကျီးပေါင်းဆိုရင်တော့ လည်ပင်းကို ရိုက်ရုံပဲ။ ဒါပေမယ့် လည်ပင်းမှာ အရိုး အပိုပါလားဆိုတော့ ရင်ဘတ် ဓာတ်မှန် ရိုက်ကြည့်ရတယ်။ တစ်ချပ်ပေါ့။ လည်ပင်းဓာတ်မှန် ရော ရင်ဘတ်ဓာတ်မှန်ရော ရိုက်ကြည့်လိုက်လို့ ရှိရင် နံရိုးအပိုပါတာလား လည်ပင်းကျီးပေါင်းလားဆိုတာ ပေါ်လာမှာပဲ။

မဇ္စျိမ- နောက်တစ်ယောက်ကိုလည်း အလှည့်ပေးပါရစေ။ သူက မျိုးလေးလို့ ခေါ်ပါတယ်။ ဆရာရှင့် ကျွန်မ ခါးနဲ့ တင်ပါးဆုံရိုးလို နေရာက မကြာခဏ အရမ်းကို ကိုက်ပြီး အဲဒီကတစ်ဆင့် ပေါင်ခြေသလုံး ခြေချောင်းတွေအထိ ကိုက်ပြီး ထုံကျဉ်နေပါတယ်။ ဆေးမီးတိုတွေလည်း ဆုံနေပါပြီ အခု ဆေးလိမ်းနေရတာ သုံးနှစ်လောက် ရှိနေပါပြီ။ လိမ်းတုန်း ပူတုန်း ခဏပဲ သက်သာပါတယ်။ မပျောက်ဘူးလို့ ပြောပါတယ်။

Prof: Chit Soe  - ဒါအခုနက ပြောသွားတဲ့ ဥပမာလိုပေါ့နော်။ လည်ပင်းကနေ ထွက်သွားတဲ့နေရာမှာ လည်ပင်း ကျီးပေါင်းတက်ရင် လက်က နာတယ်။ ဖြစ်တာကတော့ အရိုးမှာ ဖြစ်တာပဲ။ နာတော့ အရိုးပါ မကဘူး အာရုံကြောက အရိုးက ဖြတ်ပြီး ခြေဖျားထိ သွားတာဆိုတော့ ပြဿနာဖြစ်ပြီဆိုရင် စစချင်းတော့ တင်ပဆုံ နာတယ်။ ပြီးလို့ ရှိရင် ပေါင် ပြီးလို့ ရှိရင် ဒူး ပြီးလို့ ရှိရင် ခြေဖျားထိ နာတော့တာပဲ။ အဲဒီ လက္ခဏာက ဘာလဲဆို တော့ အာရုံကြောကို တစ်ခုခုက လာထောက်နေတာပေါ့။ လည်ပင်းကနေ လက်ထိ နာတယ်ဆိုရင် လည်ပင်းကျီးပေါင်းပေါ့။ ပေါင်ကနေ ခါးထိ နာတယ်ဆိုရင်တော့ ခါးကျီးပေါင်းပေါ့။ ခါးက အရိုးက ၅ ခု ရှိတဲ့နေရာမှာ အရိုးနံပါတ် ၂ အရိုးနံပါတ် ၃ တို့ပေါ့။ ခါးရိုးလေးတွေနဲ့ အဲနေရာမှာ လာပြီးတော့ အရိုးကျီးပေါင်းက တက်တယ်။ ဒါလည်း အခုနက ပြောတဲ့ ပြဿနာ သူက တည့်တည့်ထိုင်ရင် ခါးရိုးက ပြဿနာမရှိဘူး။ ကွေးထိုင်လိုက်တဲ့ အခါတို့ ပက်လက် ထိုင်လိုက်တဲ့အခါ အဲဒီ ၂၊ ၃ နေရာလေးက အဲနေရာမှာ လာပြီးတော့ အချွန်တွေ ထွက်တယ်ပေါ့။ အချွန်တွေ ထွက်ပြီးတော့ အဲဒီက သွားတဲ့ အာရုံကြောက ခြေထောက်ကို သွားတာဆိုတော့ ကျဉ်တက်လာတာပေါ့နော်။ အဲဒီအခါမှာ ပက်လက် ကုလားထိုင် ထိုင်တာ ရှောင်ရမယ်လို့။ နောက်ပြီးတော့ ကြားဖူးမှာပါ အိပ်လို့ ရှိရင် ကိုယ်က မသိဘဲနဲ့ ခါးကြီးက ခွက်ခွက်သွားတယ်။ ခွက်သွားတာ ဘာလို့လဲဆိုတော့ ကုတင်က မျိုးမကောင်းလို့ပေါ့နော်။ ဒန်းလော့တို့ ဘာတို့ ကောင်းရင်တော့ မွေ့ယာက တည့်တည့်လေး နေတယ်။ ဒါပေမယ့် ကြာလာလို့ တစ်ချို့ စပရိန်က ညောင်းလာတဲ့ အခါမှာတော့ ခွက်သွားရော ခွက်သွားတဲ့အခါ တစ်ညလုံး ၈နာရီလောက်က ခါးကြီးက စောင်းစောင်းကြီးနဲ့ ထောက်နေတာ ပေါ့။ ထောက်နေရင် ကြာလာတော့ ခါးက နာလာတယ်။ သူတို့ကို မဖြစ်အောင်ဆိုရင် ကုတင်ကို ပြန်ကြည့် မွေ့ယာလည်း သိပ်ပြီးတော့မှ ကြာလာတယ်ဆိုရင် အောက်က ခွက်သွားပြီ။ အဲတော့ သူက သုံးထပ်သားပြား ခံပြီးတော့မှ မခွက်အောင် လုပ်ရတာပေါ့နော်။ တစ်ခါ သိပ်နာလို့ ရှိရင် ကြမ်းပြင်ပေါ်မှာလည်း ဆင်းအိပ်ခိုင်းရတာ ရှိတာပေါ့လေ။ အဲတော့ တစ်ချို့မွေ့ယာအိပ်လို့ ရှိရင် လက်သုံးလုံးလောက် ထူတဲ့ မွေ့ယာဆို မကောင်းဘူး။ သိပ်ထူလို့ ရှိရင် ခွက်သွားတာက များတယ်။ အဲတော့ မွေ့ယာပါးပါးနဲ့ အိပ်ပါ ခေါင်းအုံးကို မြင့်မြင့် မသုံးနဲ့။ အဲဒါဆိုရင် ခါးထဲမှာ ထောင့်နေတဲ့ နေရာလေးက ထောင့်ချိုးကြီး မဖြစ်ဘဲနဲ့ ပြေသွားတာပေါ့လေ။ အဲဒါလေးလည်း လုပ်လို့ ရတယ်။ ခါးသန်အောင် လေ့ကျင့်ခန်းလည်း လုပ်လို့ ရပါတယ်။ အကြောသန်တဲ့ လေ့ကျင့်ခန်းတွေ သပ်သပ်ရှိတယ်။ လေ့ကျင့်ခန်း လုပ်ပေးရမယ်။ ဒါဆိုရင်တော့ သက်သာသွားမှာပေါ့။

မဇ္စျိမ- ကျေးဇူးပါ။ နောက်တစ်ယောက်ကိုလည်း အလှည့်ပေးပါရစေ။ လက်ဖနောင့် ဆစ်ထဲက လက်ဖျံရိုး အဆစ််ထဲ ပခုံးရိုးအဆစ်ထဲကနေ တစ်ဆစ်ဆစ် ကိုက်နေတာ ၃လလောက် ရှိပြီ အဲဒီ နေရာ ၃ခုကနေ တစ်နေရာပြီး တစ်နေရာ ရွေ့ရွေ့ပြီး ကိုက်နေတာ ဖြေကြားပေးပါခင်ဗျ။ ညာလက်ပါတဲ့။

Prof: Chit Soe - လက်ဖျံဆစ်ဆိုတာက တံတောင်ဆစ်နဲ့ တူပါတယ်နော်။ ပုခုံးလေးကို ဒီလို ရွေ့ရွေ့ပြီးတော့ နာနေတတ်တာ။ ဒါလည်း အခုနက ပြောတဲ့ လည်ပင်းကျီးပေါင်းကြောင့် လှည့်နာတာလည်း ရှိတယ်။ စိတ်ဝင်စားဖို့ကောင်းတာ နောက်တစ်မျိုးကတော့ ဒီလိုမျိုး အဆစ် သုံးဆစ်ကနေ လှည့်နာနေတဲ့ ဂေါက်ရောဂါ။ ဒါလည်း တစ်ခု ဖြစ်တာ များတယ်။ ဂေါက်ရောဂါဆိုရင်တော့ တကယ်တမ်းက ယောက်ျားတွေ ဖြစ်ဖို့ များတာပေါ့နော်။ အများအားဖြင့်တော့ ခြေမကနေ စတာ များတယ်။ ဒါပေမယ့် နောက်ပိုင်းတွေ့ရတာကတော့ လက်ကောက်ဝတ်က စတာလည်း ရှိတယ်။ အဲထဲမှာ နာလာလိုက် ခဏနေ ပျောက်သွားလိုက်။ တံတောင်ဆစ်က နာလာလိုက် ပျောက်သွားလိုက် ၊ ပုခုံးက နာလာလိုက် ပျောက်သွားလိုက် အဲလို လှည့်ဖြစ်နေတာ။ အဲဒါဆိုရင်တော့ သွေးထဲမှာ ယူရစ်အက်ဆစ်ဆိုတဲ့ ဓာတ်တစ်မျိုး များနေရင်လည်း ဖြစ်တတ်တယ်။ အဲဒါက ဘာလဲဆိုတော့ အစားအသောက် စားတဲ့ အခါမှာ ပင်လယ်စာတို့ ဝက်ကလီစာတို့ နောက် အမဲသား အချိုရည် ဒါတွေ အများကြီး သောက်လိုက်လို့ ရှိရင် အဲဒီ ခန္ဓာကိုယ်ထဲမှာ စုမိလာရင် ယူရစ်တွေက အဆစ်ထဲမှာ လာပြီးမှ အနယ်ထိုင်တာပေါ့။ အနေထိုင်တဲ့ အခါမှာ အဆစ်တွေက ယောင်လာတာပေါ့နော်။ အဲတော့ ဒီလိုမျိုး ရွေ့ရွေ့ပြီး နာတတ်တာဆိုရင်တော့ သွေးထဲမှာ ယူရစ် အက်ဆစ် များ မများ စစ်ကြည့်ဖို့ လိုတာပေါ့နော်။

မဇ္စျိမ-  အခုနက ဆရာကြီး ပြောသွားတဲ့ အထဲမှာ ဂေါက်ရောဂါဆိုပြီး ပြောသွားပါတယ်။ တစ်ယောက်ကလည်း မေးလာတယ်။ ဂေါက်ရောဂါ မဖြစ်အောင် ဘယ်လို ကာကွယ်ရလဲတဲ့။ ကျွန်တော် ထပ်ပြီးတော့ ဖြည့်မေးချင်တာ ဂေါက်ရောဂါဆိုတာ ကျွန်တော် ကြားတော့ ကြားဖူးတယ်။ မသိတာပေါ့နော်။ ဘယ်လိုဖြစ်တာလဲ ဘာကြောင့် ဖြစ်တာလဲ ဘယ်လို ကာကွယ်ရမလဲ။

Prof: Chit Soe - ဂေါက်ရောဂါဆိုတာကလည်း ဆရာတို့ အခုန ပြောတဲ့ အထဲမှာ လေးဖက်နာဆိုတာ ပါတာပေါ့နော်။ အရိုး၊ အကြောဆစ် ရောဂါထဲမှာ လေးဖက်နာဆိုတာ လူသိများတယ်။ ဒါပေမယ့် တစ်ဖက်တည်းပဲ နာတဲ့ ရောဂါဆိုတာလဲ ရှိတယ်။ တစ်ဖက်နာလို့ ခေါ်တာပေါ့။ တစ်ဖက်နာထဲမှာ ကြောက်ဖို့အကောင်းဆုံးက အဆစ်ထဲကို ပိုးဝင်တာပေါ့။ ပိုးကြောင်း အဆစ်ယောင်ခြင်းပေါ့။ တစ်ခါတလေ ခြေထောက်က အရိုးကို စားသွားတယ်လို့ ဖြတ်ရတယ်လို့ ရှိတယ်။

Prof: Chit Soe - ဒုတိယ အဖြစ်များတာကြတော့ ဂေါက်ရောဂါ သူက အဆစ်တစ်ဆစ်တည်းပဲ ။ နီရဲပြီးတော့ ယောင်လာတာပဲ။ လေးဖက်မဟုတ်ဘူး တစ်ဖက်ပေါ့နော်။ ပြီးတော့ တစ်ခုပျောက်သွားပြီဆိုရင် နောက် တစ်နေရာမှာ လာပြီးတော့ ယောင်ပြန်ရော ။ အဲလို တစ်ဖက်တည်းပဲ အဓိက ဖြစ်ရတဲ့ ရောဂါကတော့ ဘယ်မှာ သွားပါလဲ။ ဖြစ်ရခြင်း အကြောင်းအရင်းကတော့ ဒါလည်း လူဖြစ်ရတဲ့ ဒုက္ခလို့ ခေါ်တာပေါ့လေ။

Prof: Chit Soe - အဲတော့ လူတွေက တစ်ဖြေးဖြေးနဲ့ ဆင့်ကဲဖြစ်စဉ်နဲ့ တိုးတက်လာတဲ့ အခါကျတော့ ပုံမှန်အားဖြင့်တော့ အရင်တုန်းက သတ္တဝါတွေဆိုတာက အသားစားကြတာ များတယ်။ လူလည်း အသားစားတဲ့ အုပ်စုကနေ လာခဲ့တာပဲ။ နောက် တစ်ဖြည်းဖြည်းနဲ့ အသားစား နည်းသွားတာပေါ့။ ဆန်ကို စိုက်ပျိုးပြီးတော့ စားတယ်။ အမဲ မလိုက်တော့ဘူး။ အမဲသားတုန်းလေးက သေးသေးလေး နှစ်တုံးလောက်ပဲ ဖြစ်ဖြစ် ထမင်းကို များများ စားတယ်ပေါ့။ ခန္ဓာကိုယ်ကလည်း အဲဒါနဲ့ လိုက်အောင်ဆိုပြီးမှ အသားစားပြီးတော့ အသားကို ချေဖြစ်တဲ့ ဓာတ်တွေက လူမှာ နည်းသွားတယ်။ သွားဆိုရင်လည်း တိရစ္ဆာန်တွေလို အဆွယ်တွေ မရှိတော့ဘူး။ အံသွားတွေလည်း သေးသွားတယ်။ မလိုလို့ နှုတ်ပစ်ခဲ့ရတာ ရှိတယ်ပေါ့နော်။ အဲလိုပဲ ခန္ဓာကိုယ်မှာ အသားကို နောက်ဆုံးအဆင့် ချေရမယ့် ယူရီကေ့ဆိုတဲ့ ဓာတ်ပေါင်းက ခန္ဓာကိုယ်မှာ ပျောက်သွားတယ်။ အမြီးလည်း တိုပြီး မရှိတော့ဘူးပေါ့နော်။

Prof: Chit Soe - အဲတော့ အသားတွေ စားတာ များလို့ ရှိရင် လူက မခံနိုင်ဘူး။ အဲရောဂါက လူမှာပဲ ဖြစ်တယ်။ တိရစ္ဆာန်တွေမှာ မဖြစ်ဘူးပေါ့နော်။ ဂေါက်ဆိုတာက လူပီသတဲ့ ရောဂါလို့ပဲ ပြောရမလား လူဖြစ်ရတဲ့ ဒုက္ခပေါ့နော်။ နောက်တစ်ခုက သူတို့ကို နောက်တစ်မျိုး ခေါ်သေးတာက ရောဂါတို့၏ ဘုရင် ဘုရင်တို့၏ ရောဂါလည်း ခေါ်တယ်။ ရောဂါတို့၏ ဘုရင်ဆိုတာက နာပြီဆိုရင် တစ်ဆစ်တည်းပဲ။ အဲဒီ တစ်ဆစ်က ဒီပြင် လေးဖက်နာနဲ့ မတူဘူး။ အခုနက ကျီးပေါင်းတက်လို့ လက်ကလေး ကျဉ်တယ်ဆိုတာက မသိမသာ လှုပ်နေလို့ ရသေးတယ်။ ဂေါက်ကြောင့် နာပြီဆိုရင် သူက အော်ဟစ်နေရတာပဲ။ နောက်ပြီးတော့မှ သူက အလုပ်ကို မသွားနိုင်တော့ဘူး။ လေးဖက်နာဆိုတာ နာနာနဲ့ပဲ ရုံးလာလို့ ရသေးတယ်။ သူက ထောက်လို့ မရဘူး။ ဘယ်လောက်တောင် ဆိုးလဲဆိုရင် မိန်းမက လာပြီးတော့ နှိပ်ပေးဆိုရင်လည်း အနှိပ် မခံနိုင်ဘူး။ အနားကို လမ်းလျှောက်လာလို့ ကြမ်းပြင်လည်း လှုပ်ရင်တောင် ကုတင်ပေါ်မှာ အိပ်တဲ့သူက နာတယ်။ အပေါ်ကနေ စောင်လေး အုပ်ထားရင် စောင်လေး ဖိမိတောင် နာတယ်။ အဲလောက် အနာသည်းတဲ့ အတွက် သူ့ကို ရောဂါတို့၏ ဘုရင် ၊ နာတဲ့ အထဲမှာတော့ အနာဆုံးပဲ သူနာပြီဆိုရင် ဘယ်သူမှ မခံနိုင်တော့ဘူး။ ညတွင်းခြင်းကို ဆေးရုံကို ပြေးရတဲ့ သဘောရှိတယ်။

နောက်တစ်ခုက ဘုရင်တို့၏ ရောဂါလည်း ခေါ်တယ်။ ဘုရင်တို့၏ ရောဂါဆိုတာက သာမန်အားဖြင့် ဆင်းရဲသားတွေလို ငါးပိလေးနဲ့ ဆားလေးနဲ့ စားနေလို့ မဖြစ်ဘူးလေ။ အသားတွေ အများကြီး စားမိတာမျိုးတို့ အချိုရည်တွေ အများကြီး သောက်မိတာမျိုးတို့ ၊ အရက်တွေ သောက်လိုက်တာ အလကားရတော့ နင်းကန်စား ညလည်ခေါင်ကြတော့ နာတာပေ့ါ။ အဲဒါ ဘုရင်တို့၏ ရောဂါပေါ့။ စားကောင်းသောက်ဖွယ်စားပြီးတော့ ဖြစ်တဲ့ ရောဂါပေါ့နော်။ ဖြစ်ရခြင်း အကြောင်းအရင်းကတော့ အစားသောက်ထဲမှာ ပါတဲ့ အသားဓာတ်တွေ အချိုဓာတ်တွေ ဒါတွေကို ချေဖို့ ခန္ဓာကိုယ်က မချေနိုင်တဲ့ အခါ ယူရစ်အစ်ဆစ်ဆိုတဲ့ ဓာတ်ပေါင်းတစ်မျိုးဟာ သွေးထဲမှာ များလာတယ်။ များလာပြီးတော့ သူက ပုံမှန်အားဖြင့် ကျောက်ကပ်က ထုတ်ရမှာ ကျောက်ကပ်က ထုတ်နိုင်တာထက် သူက ပိုများတော့ လမ်းထိပ်မှာ မသိမ်းလို့ အမှိုက်တွေ ပုံထားသလိုပဲ အတုံးကြီးတွေ ဖြစ်လာတာပေါ့နော်။ အဲလိုပဲ ခန္ဓာကိုယ်ထဲမှာလည်း အတုံးကြီးတွေ ဖြစ်လာတယ်။ အဆစ်ထဲမှာ လာပြီးတော့ အတုံးကြီးတွေ ဖြစ်လာတယ်။ တစ်ခါတလေ အဆစ်အပြင်ကို ဖောက်ပြီးတော့ အရေပြားပေါ်မှာ အတုံးကြီးတွေ ဖြစ်လာတယ်။ ဖုထုံးကြီးတွေ ထွက်လာတယ်။ ဂေါက်ဖုတွေ ထွက်လာတာပေါ့။ အဲတော့ ကာကွယ်ဖို့ကတော့ အခုနက ပြောတဲ့ အထဲမှာလည်း ပါတာပေါ့နော်။

Prof: Chit Soe - လူဖြစ်လာပြီဆိုမှတော့ လူလိုပဲ စားတော့ပေါ့နော်။ ထမင်းနဲ့ဟင်းနဲ့ မျှအောင် စားပေါ့။ အသားတွေကို အများကြီး မစားနဲ့။ လူဖြစ်လာ ပြီဆိုရင် များသောအားဖြင့် အသားလောက်ပဲ စားတယ်။ အူတွေ ကလိစာတွေ သိပ်မစားတော့ဘူးပေါ့နော်။ တိရိစ္ဆာန်တုန်းက ဒါတွေ စားကြတာပေါ့လေ။ ဆရာတို့ အင်္ဂလန်ရောက်သွားတဲ့ အခါကျတော့ တစ်ခါတလေ ဝက်အူတို့ ဘာတို့ သွားဝယ်ရင် ဟိုက လူတွေက  သိပ်ချီးကျူးတယ်။ ဘာလို့လဲဆိုတော့ ဆရာကို မေးတယ်။ သူတို့ဆီမှာ ဝက်အူ အိမ်မှာ သုပ်စားဖို့ ဝယ်တော့ သူတို့ဆီမှာတော့ တစ်ယောက်မှ  ဝယ်လေ့မရှိဘူး။ ကြက်ဆိုရင်လည်း အသားပဲ ဝယ်တာကို အသဲတို့ အူတို့ အလွန် စျေးပေါတယ်။ ဆရာတို့ သွားဝယ်ရင် သူတို့က သိပ်ပြီးတော့ အံသြပြီးတော့ ချီးကျုးတာ ဆရာတို့ အိမ်မှာ တော်တော် သနားကြင်နာတတ်တယ်နော်တဲ့ ။ ခွေးတွေများ အများကြီး မွေးထားလား မသိဘူးတဲ့။ သူက ခွေးတွေ ကြောင်တွေ ကျွေးတယ် မှတ်တာ ကိုယ်က လူစားတာကိုနော်။ အဲလို စားနေပြီဆိုရင် ခန္ဓာကိုယ်က မချေနိုင်တော့ဘူး။

Prof: Chit Soe - အဲတော့ အစားအသောက် ဆင်ခြင်ပေါ့နော်။ အဲတော့ အသားနည်းနည်းနဲ့ ထမင်းနဲ့ မျှတအောင် စား ဟင်းသီးဟင်းရွက်နဲ့ မျှှတအောင်စားပေါ့နော်။ အထူးသဖြင့်တော ကလိစာတွေ အမဲသားတွေ အရက်တွေ အချိုရည်တွေ ဒါတွေကို လျော့ လျော့လို့ရှိရင် ခန္ဓာကိုယ်ထဲမှာ ဂေါက်ဓာတ်တွေ မများဘူးပေါ့လေ။ ဒါပေမယ့် တစ်ခါတလေကျတော့လည်း ကိုယ်ကတော့ ဆင်ခြင်ပါတယ်။ ဆရာဝန်တွေကြောင့် ဖြစ်တာလည်း ရှိတယ်။ တစ်ချို့ဆေးတွေက ကျောက်ကပ်က ထွက်တာကို ဟန့်တားတဲ့ ဆေးတွေ ဖြစ်တယ်။ ဥပမာ နှလုံးရောဂါရှိလို့ သွားပြလိုက်တယ်။ သူကနေ ဆီးဆေး ပေးလိုက်တယ်။ ဆီးဆေးက အရည်တွေပဲ ထွက်အောင် လုပ်တယ်။ တစ်ခါတလေကျတော့ နှလုံးရောဂါရှိလို့ သွားပြတယ် ။ သွေးကျဲဆေး အက်စပရင်  ပေးလိုက်တယ်။ အက်စပရင်က ဂေါက်ကို ထွက်လို့ မရအောင် သွားပိတ်ပစ်လိုက်တယ်။ ပိတ်ပစ်လိုက်တော့ ခန္ဓာကိုယ်က ဂေါက် ဖြစ်လာတာပေါ့နော်။ တီဗီဖြစ်လို့ သွားပြတယ်။ တီဗီဆေး ပေးလိုက်တယ်။ တီဗီဆေး သောက်ပြီး ခြေထောက်ကြီး ယောင်တာ ခဏခဏ တွေ့တယ်။ ဆေးတွေကြောင့်လည်း ဖြစ်လာတတ်တာ ရှိတယ်။ ဒါကတော့ ဆရာဝန်တွေကို ပြတဲ့အခါ တိုင်ပင်ကြည့်ရမှာပေါ့နော်။ အဲတော့ အစားအသောက် ဆင်ခြင်မယ် ။ ဆရာဝန်တွေနဲ့ ပြတဲ့အခါ အဆစ်နာတာ ရှိရင် ပြောပြမယ်ပေါ့နော်။

အပိုင်း(၁) ကြည့်ရှု့ရန် - http://www.mizzimaburmese.com/article/31111

အပိုင်း(၂) ကြည့်ရှု့ရန် - http://www.mizzimaburmese.com/article/31155

Mizzima Weekly