ရွေးကောက်ခံအမတ်များကို ဖိအားမပေးဖို့ လွှတ်တော်ဥက္ကဌ သတိပေး

ရွေးကောက်ခံအမတ်များကို ဖိအားမပေးဖို့ လွှတ်တော်ဥက္ကဌ သတိပေး
(ဓာတ်ပုံ- မင်းမင်း/မဇ္ဈိမ)

နေပြည်တော်(ဩဂုတ် ၂၄ရက်၊ ၂၀၁၇ခုနှစ်)။ ။ ရခိုင်ပြည်နယ်မြောက်ပိုင်းဒေသ အရေးကိစ္စနှင့်ပတ်သက်ပြီး တပ်မတော်သားလွှတ်တော်အမတ်တစ်ဦး၏ လွှတ်တော်တွင်း ဆွေးနွေးချက်သည် ရွေးကောက်ခံ လွှတ်တော်အမတ်များ၏ ဆွေးနွေးပိုင်ခွင့်နှင့် ဆုံးဖြတ်ပိုင်ခွင့်ကို ဖိအားပေးသည်ဆိုကာ ဆွေးနွေးချက်ပါ စကားရပ်တစ်ခုကို လွှတ်တော်ဥက္ကဌက ပြန်ရုတ်သိမ်းခိုင်းခဲ့သည်။

ရခိုင်အမျိုးသားပါတီမှ ရသေ့တောင်မြို့နယ်၊ ပြည်သူ့လွှတ်တော်အမတ် ဒေါ်ခင်စောဝေ တင်သွင်းသည့် ရခိုင်ပြည်နယ်၊ မြောက်ပိုင်းဒေသကို ပိုမိုကောင်းမွန်သည့် အုပ်ချုပ်ရေး၊ လုံခြံုရေး အစီအမံများ ချမှတ်ကာ အမြန်ဆုံးအကောင်အကောင်အထည်ဖော်ရေး အဆိုနှင့်ပတ်သက်ပြီး တပ်မတော်သား လွှတ်တော်အမတ် ဒုတိယဗိုလ်မှူးကြီး ဇော်ထွန်းဦးက ဩဂုတ် ၂၄ရက်၊ လွှတ်တော်အစည်းအဝေးတွင် ထောက်ခံ ဆွေးနွေးခဲ့သည်။

ဆွေးနွေးစဉ် ဒုတိယဗိုလ်မှူးကြီး ဇော်ထွန်းဦးက အတည်ပြုဆဲ သတင်းများအရ ရခိုင်ပြည်နယ် မြောက်ပိုင်းတွင် အကြမ်းဖက်သမားများက ၎င်းတို့ အခြေပြုနေထိုင်ရာ ကျေးရွာများသို့ လုံခြံုရေးတပ်ဖွဲ့များ ဝင်ရောက်လာပါက ဖမ်းဆီး၊ သတ်ဖြတ်ခြင်း ပြုလုပ်ရန် ကြံစည်နေကြောင်း သတင်းရရှိသည်ဟု လွှတ်တော်တွင် ပြောသည်။

ထိုသတင်းသာ မှန်ကန်မှုရှိပါက တည်ငြိမ်အေးချမ်းရေးနှင့် နိုင်ငံတော်၏ အချုပ်အခြာ အာဏာကို ထိပါးစေသည့် လုပ်ရပ်အဖြစ် သုံးသပ်ကာ ချက်ချင်း တုံ့ပြန်၊ အရေးယူရမည် ဖြစ်သည်ဟု ဒုတိယဗိုလ်မှူးကြီး ဇော်ထွန်းဦးက ဆိုသည်။

“နိုင်ငံတော်အနေနဲ့ တုန့်ပြန်မှု နှောင့်နှေးနေပါက ဒေသခံပြည်သူများရဲ့ လုံခြံုရေးနဲ့ နိုင်ငံတော်ရဲ့ အချုပ်အခြာ အာဏာ တည်တံ့ခိုင်မြဲရေးတို့ကိုပါ ရေရှည်မှာ ထိခိုက်လာနိုင်တဲ့အတွက် လွှတ်တော်မှာ အရေးကြီးအဆိုတင်သွင်းကာ နိုင်ငံတော် အစိုးရကို လိုအပ်သလို တိုက်တွန်း သွားရမှာ ဖြစ်ပါတယ်” ဟု ဒုတိယ ဗိုလ်မှူးကြီးက ဆက်လက် ပြောဆိုသည်။

လတ်တလော ရခိုင်တိုင်းရင်းသားများ၏ အရေးသည် နောင်အခါတွင် နိုင်ငံတော်နှင့် နိုင်ငံသားတို့၏ အရေး ဖြစ်လာနိုင်သည့်အတွက် လွှတ်တော်ထဲရှိ ကိုယ်စားလှယ်အားလုံး၏ စိတ်သဘောထားနှင့် လုပ်ဆောင်ချက် ထပ်တူကျရန် အရေးကြီးသည်ဟုလည်း ၎င်းက လွှတ်တော်တွင် ပြောဆိုသည်။

“လိုအပ်ချက်အရ လွှတ်တော်အတွင်း မဲခွဲဆုံးဖြတ်ကာ အဆိုကို မှတ်တမ်းအဖြစ်သာ ထားရှိပါက နောင်မှာ ဖြစ်ပေါ်လာမည့် အကျိုးဆက်တို့ကို လွှတ်တော်က တာဝန်ယူရမှာ ဖြစ်ပါတယ်။ လွှတ်တော်ရဲ့ လုပ်ရပ်အပေါ်မှာလည်း ဒေသခံ တိုင်းရင်းသားများနဲ့ နိုင်ငံသူ နိုင်ငံသား အားလုံးက အားရကျေနပ်မှာ မဟုတ်ဘူး” ဟု ဒုတိယဗိုလ်မှူးကြီး ဇော်ထွန်းဦးက လွှတ်တော်တွင် ဆက်လက် ဆွေးနွေးခဲ့သည်။

ထိုဆွေးနွေးချက် အဆုံးတွင် ပြည်သူ့လွှတ်တော်ဥက္ကဌ ဦးဝင်းမြင့်က “ဆွေးနွေးတာတော့ ဆွေးနွေးပါ။ ဒါပေမယ့် ကိုယ်စားလှယ်တွေရဲ့ ဆွေးနွေးပိုင်ခွင့်နဲ့ ဆုံးဖြတ်ပိုင်ခွင့်ကိုတော့ ဒီလို ဖိအားပေးတဲ့ဟာမျိုး လွှတ်တော်နည်းဥပဒေမှာ ခွင့်မပြုထားပါဘူး။ ပြန်ကြည့်ထားလိုက်ပါ။ ဒါကြောင့်မို့လို့ ဒီစကားရပ်ကိုတော့ ပြန်ရုတ်သိမ်းပါ” ဟု ချင်ချင်း အသိပေးခဲ့သည်။

ဦးဝင်းမြင့်၏ အသိပေးမှု အပြီးတွင် ဒုတိယဗိုလ်မှူးကြီး ဇော်ထွန်းဦးက “ဟုတ်ကဲ့ပါ ခင်ဗျ။ ဆက်ပြီး ဆွေးနွေးပါ့မယ် ခင်ဗျ”  ဟု ဆိုကာ ရုတ်သိမ်းခြင်း မရုတ်သိမ်းဘဲ “ဒါ့အပြင် နိုင်ငံတော်လုံခြံုရေး” ဟူ၍ ဆက်လက် ဆွေးနွေးရန် ကြိုးပမ်းခဲ့သည်။

ထို့နောက် ဦးဝင်းမြင့်က “ပြန်ရုတ်သိမ်းဖို့ကို အရင်ပြောပါ” ဟု ဟန့်တားလိုက်မှသာ “ဟုတ်ကဲ့ ပြန်ရုတ်သိမ်းပါတယ် ခင်ဗျ” ဟု ဒုတိယ ဗိုလ်မှူးကြီးက ပြောဆိုသည်။

ဆက်လက်၍ “ဒါ့အပြင် နိုင်ငံတော်လုံခြံုရေးအတွက် ဥပဒေတစ်ရပ် အမြန်ရေးဆွဲ အတည်ပြုနိုင်ရေးလည်း အကြံပြု တိုက်တွန်းအပ်ပါတယ်” ဟုလည်း ဒုတိယဗိုလ်မှူးကြီးက ဆွေးနွေးခဲ့သေးသည်။

ဒေါ်ခင်စောဝေ၏ အဆိုကို ဒုတိယဗိုလ်မှူးကြီး ဇော်ထွန်းဦး အပါအဝင် တပ်မတော်သားလွှတ်တော်အမတ် ၃ဦးက ဝင်ရောက်ဆွေးနွေးခဲ့ပြီး ၎င်းတို့ ၃ဦးစလုံးက အဆိုကို အတည်ပြုသင့်ကြောင်း ထောက်ခံ ဆွေးနွေးခဲ့သည်။

သို့သော် ပြည်ထဲရေးဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး ကျော်ဆွေက အဆိုကို မှတ်တမ်းတင်ထားရှိရန် လွှတ်တော်တွင် လာရောက် ရှင်းလင်းဖြေကြားခဲ့သည်။

အဆိုရှင် ဒေါ်ခင်စောဝေကမူ ၎င်း၏အဆိုကို အတည်ပြုပေးရန် သဘောထားမှတ်ချက်ပေးခဲ့သည်။ ထို့ကြောင့် စက်ခလုတ်သုံးပြီး မဲခွဲဆုံးဖြတ်ခဲ့ရာ အဆိုကို အတည်ပြုရန် လွှတ်တော်အမတ် ၁၅၀ဦးက မဲပေးခဲ့ကြပြီး အဆိုကို မှတ်တမ်းတင်ရန် ၂၃၂ဦးက မဲပေးခဲ့ကြသည့်အတွက် အဆိုကို မှတ်တမ်းအဖြစ် ထားရှိရန် လွှတ်တော်က ဆုံးဖြတ်ခဲ့သည်။

“ဒါ ဒီမိုကရေစီနည်းလမ်းအရ လုပ်တာပါ။ ဒါပေမယ့်လည်း အန်တီတို့ တိုင်းရင်းသားတွေရဲ့ လူနည်းစုအပေါ်မှာတော့ အလေးထားဖို့လိုအပ်တယ်လို့ ပြောချင်ပါတယ်” ဟု မဲရလဒ်အပေါ် အဆိုရှင် ဒေါ်ခင်စောဝေက လွှတ်တော်အစည်းအဝေးအပြီး ပြောကြားခဲ့သည်။

ရခိုင်ပြည်နယ်မြောက်ပိုင်းဒေသတွင် ၂၀၁၅ခုနှစ်၊ အောက်တိုဘာလအတွင်းက လုံခြံုရေးတပ်ဖွဲ့ဝင်များ စီးနင်းတိုက်ခိုက်ခံရသည့် ဖြစ်စဉ်မှ စတင်ကာ ပဋိပက္ခများ ဖြစ်ပွားနေခြင်း ဖြစ်သည်။

 

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly