မြေသိမ်းခံရသူများကို တရားပြန်စွဲသည့်ကိစ္စ လွှတ်တော်ဥက္ကဌ ပြင်းပြင်းထန်ထန် ဝေဖန်

မြေသိမ်းခံရသူများကို တရားပြန်စွဲသည့်ကိစ္စ လွှတ်တော်ဥက္ကဌ ပြင်းပြင်းထန်ထန် ဝေဖန်
ပြည်သူ့လွှတ်တော်ဥက္ကဌ ဦးဝင်းမြင့်အား သတင်းစာရှင်းလင်းပွဲတစ်ခုတွင် တွေ့ရစဉ်(ဓာတ်ပုံ- မင်းမင်း/မဇ္ဈိမ)
 

နေပြည်တော်(ဩဂုတ် ၂၃ရက်၊ ၂၀၁၇ခုနှစ်)။ ။ မြန်မာစကားပုံအရ “မိအေး နှစ်ခါနာ” ဆိုသကဲ့သို့ မြေသိမ်းခံရသူများကိုယ်တိုင် တရားပြန်စွဲခံရပြီး တရားရုံးများတွင် အမှုရင်ဆိုင်နေရခြင်းသည် မှန်ကန်၊ မျှတသည့် စည်းမျဉ်းစည်းကမ်း မဟုတ်ဟု ပြည်သူ့လွှတ်တော်ဥက္ကဌ ဦးဝင်းမြင့်က ဝေဖန်လိုက်သည်။

“အသိမ်းလည်း ခံရတယ်။ အသိမ်းခံရတဲ့သူက စားစရာ မရှိဘူး။ သိမ်းတဲ့သူက ထားစရာနေရာ မရှိဘူး။ အဲ့ဒီနှစ်ခုယှဉ်ပြီး တရားရုံးမှာ ဖြေရှင်းရမယ်ဆိုရင် တရားဥပဒေဆိုတဲ့ ရည်ရွယ်ချက်၊ မှန်ကန်မျှတတဲ့ စည်းမျဉ်းစည်းကမ်းက ဘယ်ပျောက်သွားမလဲ။ ပြီးရင် အဲ့ဒီတရားရုံးက ထားစရာမရှိတဲ့ သူနဲ့ စားစရာမရှိတဲ့ လယ်သမားနဲ့ ဘယ်သူ့နောက် ပါသွားမလဲ။ ကျွန်တော်တို့က ကိုယ်ချင်းစာတရား ထားဖို့တော့ ကောင်းတယ်” ဟု မြေသိမ်းခံရသူများ တရားစွဲခံရပြီး အမှုရင်ဆိုင်နေရသည့်အပေါ် ဦးဝင်းမြင့်က ပြောသည်။

မြေသိမ်းပိုက်မှုခံရခြင်းနှင့် ပတ်သက်၍ လယ်ယာမြေနှင့် အခြားမြေများ သိမ်းဆည်းခံရမှုများ ပြန်လည်စိစစ်ရေး ကော်မတီအဆင့်ဆင့်မှ စစ်ဆေးမှုများ ပြုလုပ်နေစဉ်အတွင်း မူလသိမ်းပိုက်ထားသူများမှ သိမ်းပိုက်ခံရသည့် လယ်သမားများအား တရားရုံးများတွင် တရားစွဲဆိုနေခြင်းကိစ္စနှင့် ပတ်သက်၍ လိုအပ်သလို ဆောင်ရွက်ပေးရန် မှော်ဘီမြို့နယ်၊ ပြည်သူ့လွှတ်တော်အမတ် ဦးအောင်ဝင်းက ဩဂုတ် ၂၃ရက်က လွှတ်တော်အစည်းအဝေးတွင် မေးခွန်းမေးမြန်းခဲ့သည်။

“မြေသိမ်းဆည်းခံရမှု ပြန်လည်စိစစ်ရေးကော်မတီ အဆင့်ဆင့်က စစ်ဆေးနေတဲ့ အချိန်မှာပဲ မြေလက်ဝယ်ရှိသူများက တရားရုံးအဆင့်ဆင့်မှာ တရားစွဲကြတဲ့အတွက် လယ်သမားများဟာ ထောင်ဒဏ်ကျခံခြင်း၊ ဒဏ်ငွေအသီးသီး ပေးဆောင်ရခြင်းများ ဖြစ်ပေါ်ခဲ့ရပါတယ်” ဟု ဦးအောင်ဝင်းက လွှတ်တော်တွင် ပြောသည်။

ထို့ကြောင့် သိမ်းဆည်းခံ လယ်သမားများကို တရားစွဲဆိုနေခြင်းသည် လျော်ကန်မှု ရှိ၊ မရှိ၊ မြေသိမ်းဆည်းခံ အမှုများကို အုပ်ချုပ်ရေးနှင့် တရားစီရင်ရေးက တစ်ပြိုင်ထဲ စစ်ဆေးနေခြင်းသည် လျော်ကန်မှု ရှိ၊ မရှိနှင့် မြေသိမ်းခံရသူများကို တရားစွဲဆိုခြင်း မပြုလုပ်ဘဲ စွဲဆိုထားသည့် အမှုများကို ဆိုင်းငံ့ပေးရန် ရှိ၊ မရှိ ဟူသည့် မေးခွန်း ၃ ခုကို ဦးအောင်ဝင်းက လွှတ်တော်တွင် မေးမြန်းသည်။

ယခင် အာဏာပိုင်အဖွဲ့အစည်းများ၏ မြေသိမ်းဆည်းမှုများသည် အုပ်ချုပ်ရေး၊ စီမံခန့်ခွဲရေး အာဏာများအရ စီမံခန့်ခွဲခြင်းဖြစ်ပြီး ပထမမေးခွန်းနှင့် ဒုတိယမေးခွန်းသည် ထင်မြင်ယူဆချက်တောင်းခံခြင်း ဖြစ်သည့််အတွက် တရားလွှတ်တော်ချုပ်က ထင်မြင်ချက် မပေးနိုင်ကြောင်း လွှတ်တော်တွင် လာရောက်ဖြေကြားခဲ့သည့် ပြည်ထောင်စုတရားလွှတ်တော်ချုပ်၊ တရားသူကြီး ဦးမြင့်အောင်က ပြောသည်။

တတိယမေးခွန်းဖြစ်သည့် စွဲဆိုထားသည့် အမှုများကို ဆိုင်းငံ့ပေးရန်လည်း အစီအစဉ် မရှိဟု ပြည်ထောင်စုတရားလွှတ်တော်ချုပ်၊ တရားသူကြီး ဦးမြင့်အောင်က လွှတ်တော်တွင် ပြန်လည် ဖြေကြားခဲ့သည်။

“တရားရုံးများမှာ ဥပဒေတစ်ရပ်ရပ်အရ တားမြစ်ပိတ်ပင်ထားတဲ့ ကိစ္စရပ်တွေမှအပ တည်ဆဲဥပဒေများနဲ့အညီ တရားစွဲဆိုခြင်း ပြုလုပ်နိုင်ပါတယ်” ဟု ဦးမြင့်အောင်က ဆိုသည်။

ပြည်ထောင်စုတရားလွှတ်တော််ချုပ်၊ တရားသူကြီး၏ အထက်ပါ ဖြေကြားချက်အပေါ် လွှတ်တော် ဥက္ကဌ ဦးဝင်းမြင့်က “ဥပဒေမဲ့ အသိမ်းခံရပြီး အသိမ်းလည်း ခံရသေးတယ်။ သိမ်းတဲ့လူက လုပ်ငန်းရှင်၊ ပိုက်ဆံရှိတဲ့ ပုဂ္ဂိုလ်တွေ၊ အဲဒီလူတွေနဲ့ ဖက်ပြီးတော့ တရားရုံးမှာ ရင်ဆိုင်ပါဆိုတော့ ကိုယ့်အဖြေဟာ ကိုယ်နည်းနည်း စဉ်းစားဖို့ ကောင်း တယ်” ဟု ပြောဆိုခဲ့သည်။

ထိုသို့ မြေသိမ်းခံရသူများ တရားစွဲခံရပြီး အမှုရင်ဆိုင်နေရသည့်အပေါ် သေချာ၊ ရေရာစွာ ပြန်လည် သုံးသပ်ရန်လည်း ဦးဝင်းမြင့်က သတိပေးခဲ့သေးသည်။

“စဉ်းစားကြည့် အသိမ်းလည်း ခံရတယ်။ စားစရာလည်း မရှိဘူး။ သိမ်းတဲ့လူနဲ့ တရားရုံးမှာ ရင်ဆိုင်ပြီး ဖြေရှင်းရမယ်ဆိုတော့ ကိုယ်ကရောင်းခဲ့လို့ ပေးခဲ့လို့၊ စွန့်လွတ်ခဲ့လို့၊ အမွေမှုဖြစ်လို့ ဆိုရင်တော့ ဟုတ်တာပေါ့။ အသိမ်းခံရတဲ့ဟာကို ဖက်ပြိုင်ပြီး ရင်ဆိုင်ရ မယ်ဆိုတော့ တရားရုံးသွားဖို့ စရိတ်တောင် ရှိမှာ မဟုတ်ဘူး။ တည့်တည့်ပြောရရင် တရားရုံးမှာ ပေးဖို့၊ ကျွေးဖို့ တောင် ရှိမှာ မဟုတ်ဘူး” ဟု ၎င်းက ဝေဖန်သည်။

 

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly