စိတ်ကျန်းမာရေးအထူးကုဆရာဝန်ကြီး ပါမောက္ခစိုင်းနှင့်တွေ့ဆုံခြင်းအပိုင်း (၄)

စိတ်ကျန်းမာရေးအထူးကုဆရာဝန်ကြီး ပါမောက္ခစိုင်းနှင့်တွေ့ဆုံခြင်းအပိုင်း (၄)

 

မှတ်ဉာဏ် ချို့ယွင်းတာတွေ၊ သတိမေ့တတ်တာနဲ့ ပတ်သက်ပြီး 4R Health Talk ကျန်းမာရေးရာအဖြေရှာ အစီအစဉ်ကနေ အထူးကုဆရာဝန်ကြီးပါမောက္ခစိုင်းနဲ့ မေးမြန်းထားတာတွေကို အပိုင်း (၄) အနေနဲ့ ပြန်လည် ထုတ်လွှင့်ပေးလိုက်ပါတယ်။

မဇ္စျိမ- ဆရာကြီးခင်ဗျာ လူငယ်တွေပဲ ဖြစ်ဖြစ် လူကြီးတွေပဲ ဖြစ်ဖြစ် သူငယ်ပြန်တဲ့ အဖိုးအဖွားတွေကို ပြုစုနေတဲ့ သူတွေကိုပဲ ဖြစ်ဖြစ် ဆရာကြီးအနေနဲ့ ပေးချင်တဲ့ Massge လေး ဒီမှတ်ဉာဏ်နဲ့ ပတ်သက်ပြီးပဲ ဖြစ်ဖြစ် ပြောချင်တဲ့ စကားလေးရှိရင် နည်းနည်းပဲ ဖြစ်ဖြစ် ပြောပေးပါခင်ဗျာ။

Prof: Sai - ဒီလို သူငယ်ပြန်တဲ့ ရောဂါဟာ တစ်ဖြေးဖြေးနဲ့ ပိုဆိုးလာတဲ့ ရောဂါတစ်မျိုးဖြစ်ပါတယ်။ ရောဂါကိုတော့ အဆင့်သုံးဆင့် ခွဲခြားထားပါတယ်။ ပထမအဆင့်ကတော့ အပျော့စားပေါ့။ စဉ်းစားတွေးခေါ်မှုတွေ လျော့သွားတာပေါ့။ ဒါပေမယ့် နေ့စဉ်လုပ်ဆောင်နေတဲ့ ကိစ္စကိုတော့ နည်းနည်းပါးပါး ထိခိုက်တာပေါ့။ ဒုတိယအဆင့်ကြတော့ လှုပ်ရှားမှုကို ပြင်းထန်စွာထိခိုက်တယ်။ အပြုအမှုတွေ ကိုယ်ရေးကိုယ်သွေးတွေ ပြောင်းလဲသွားတယ်ပေါ့။ အခုကောင်းနေပေမယ့် ရုတ်တရက် စိတ်ထ တိုချင်လည်း တိုမယ်။ ထ ငိုချင်လည်း ငိုမယ်။ အမူအရာ ချက်ချင်း အပြောင်းအလဲ မြန်တာပေါ့။ ပြင်းထန်တဲ့ အခါကျတော့ လှုပ်ရှားဆောင်ရွက်မှုတွေကိုလည်း အခြားသူတွေ လုံးဝ မှီခိုနေရတာပေါ့။ ဥပမာ ဆီးသွားတာ အိမ်သာတက်တာ ရေချိုးတာက အစ အဝတ်လဲတာက အစ သူများလုပ်ပေးတဲ့ ဖြစ်တဲ့ အဆင့်ပေါ့။ အဲဒါကို မိသားစုအနေနဲ့ စိတ်ရှည်သီးခံဖို့ လိုတယ်။ နောက်ပြီး တစ်ခါတလေကျတော့လည်း ပြင်ပအကူညီ လိုလည်း လိုတာပေါ့။ သူတို့ရဲ့ ကိုယ်ရေးကိုယ်သွေးက ရုတ်တရက် ပြောင်းလဲသွားတာပေါ့။ ခါတိုင်း ဖော်ဖော်ရွေရွေရှိတဲ့သူက ရုတ်တရက်ကြီး မခေါ်ချင် မပြောချင် စိတ်ဆိုးလာတယ်။ စိတ်တိုလာတယ်။ အဲဒါတွေပေါ့။ နောက် သူတို့က စကားရွေးချယ်မှုကို မှန်မှန်ကန်ကန် မရွေးနိုင်ဘူးပေါ့။ ဥပမာ ခေါက်ဆွဲစားချင်တယ်။ ခေါက်ဆွဲကို ခေါက်ဆွဲလို့ ခေါ်ဖို့ မေ့နေတယ်။ ဟိုလေ ရှည်ရှည်လေးကလေ ရှည်ရှည်လေးကလေ အဲဒါမျိုးပေါ့။

မဇ္စျိမ- အဲဒါကြတော့ အဆင့်က တော်တော်ဆိုးသွားပြီလား။

Prof: Sai တော်တော်ဆိုးသွားပြီ။ ခေါက်ဆွဲကို ခေါက်ဆွဲလို့ မသိတော့ဘူး။ ဥပမာ ငှက်ပျောသီးကို ငှက်ပျောသီးမှန်း မသိတော့ဘူး။ အဲတာမျိုးတွေပေါ့။

မဇ္စျိမ- အဲတာကြတော့ အသက်အရွယ်နဲ့ ဆိုင်လား။

Prof: Sai - ဟုတ်ကဲ့ အသက်အရွယ်နဲ့ ဆိုင်ပါတယ်။ အခုက မြန်မာပြည်မှာ ကျန်းမာရေးစောင့်ရှောက်မှုကလည်း ကောင်းလာတော့လေ အသက်ရှည်တဲ့ အဖိုးအဖွားတွေ တော်တော်များလာပါတယ်။ များလာတော့ ဒီလိုရောဂါတွေလည်း အဖြစ်များလာပါတယ်။ အခုကတည်းက ကြိုတင်ပြီးမှ သိထားတာလည်း ပိုကောင်းပါတယ်။ ဘယ်လိုပြုစုရမယ်။ ဘယ်လိုစောင့်ရှောက်ရမယ်။ ဘယ်လိုကာကွယ်ရမယ်ဆိုတာ။

မဇ္စျိမ- ကျွန်တော်နောက်ဆုံး တစ်ယောက်ကို အလှည့်ပေးပါရစေ။ အလုပ်မှာ အလုပ်လုပ်နေရင်းနဲ့ တစ်ခုခု ထယူရမယ့် ပစ္စည်းကို သူသိတယ်။ အဲနားလည်း ရောက်တဲ့အခါ သူဘာပစ္စည်း ယူရမှန်း မသိတော့ဘူး။ မေ့သွားပါတယ်တဲ့။ တစ်ယောက်ယောက်က စကားဖြတ်ပြောလိုက်ရင် ပြောလက်စ စကားမေ့သွားတယ်ဆိုတာမျိုး အဲတော့ အစဖော်မရတဲ့ ပြဿနာမျိုး ဖြစ်နေတယ်။ ဘေးလူကနေ အစက ပြန်ဖော်ပြီးတော့မှ သူက စကားဆက်ပြောနိုင်တာမျိုးပေါ့နော်။ အဲတာကြတော့ရော ဆရာကြီး။

Prof: Sai - အာရုံစုစည်းမှု နည်းတာပါ။ ဒါကတော့ ကျွန်တော်တို့လည်း တစ်ခါတလေ ဖြစ်ပါတယ်။ ထပြီးတော့မှ သွားလိုက်တာပဲ။ အစက ရေသောက်ဖို့ဆိုပြီး သွားလိုက်တာ ရေမသောက်ဘဲနဲ့ ပြန်ထွက်လာတာလည်း ရှိတယ်။ တစ်ချို့စျေးသွားတယ်။ ဘာဝယ်မယ်ဆိုပြီးတော့ ဟိုကြတော့ ဘာဝယ်ရမှန်း မသိဘူး။ မေ့ကျန်ရစ်ခဲ့တယ်။

မဇ္စျိမ- အဲတာကြတော့ မှတ်ဉာဏ်ချို့ယွင်းတာနဲ့ မဆိုင်ဘူး။ အာရုံစူးစိုက်မှု နည်းတာပေါ့နော် ဆရာ။

Prof: Sai -ဟုတ်ပါတယ်။ အာရုံစူးစိုက်မှု နည်းတာပါ။ ဒီအဆင့်က သိပ်ပြဿနာမရှိတဲ့ အဆင့်လို့ သုံးသပ်လို့ ရပါတယ်။

Mr.Ravindra Jain

အဲတော့ Mr.Ravindra Jain ပြောသွားတာကတော့ နောက်နှစ်ပတ်မှာဆိုရင် ကျွန်တော်တို့ ဆရာဝန်နှစ်ယောက်ကို ဖိတ်ကြားထားပါတယ်။ တစ်ယောက်ကတော့ ပရော်ဖက်ဆာ ချစ်စိုးဖြစ်ပါတယ်။ နောက်တစ်ယောက်ကတော့ ပရော်ဖက်ဆာ ခင်မောင်ဝင်း ဖြစ်ပါတယ်။ ဆရာဟာဆိုရင် အသည်းရောဂါနဲ့ ပတ်သက်ပြီးတော့ အထူးကုသပေးနေတဲ့ ပုဂ္ဂိုလ် တစ်ယောက် ဖြစ်ပါတယ်။ ကျွန်တော်တို့ ရက်တွေကတော့ ၁၈နှင့် ၂၅ ဖြစ်ပါတယ်။ ဒီသြဂုတ်လထဲမှာပဲ ဒီဆရာနှစ်ယောက်ကို ဖိတ်ခေါ်ထားတာ ရှိပါတယ်။ အဲတော့ စတင်ဘာလထဲမှာလည်း အပတ်စဉ်တိုင်း ဒီ အစီအစဉ်ကို လုပ်သွားမှာ ဖြစ်ပါတယ်။ စက်တင်ဘာလ ကြရင်တော့ ဘယ်ဆရာဝန်တွေကို ဖိတ်ကြားထားတယ်ဆိုတာ ထပ်ပြီးတော့ ကြေငြာပေးမှာ ဖြစ်ပါတယ်။ သူပြောတဲ့ အထဲမှာ ကျွန်တော်တို့ အိန္ဒိယကနေ ဆရာဝန်နှစ်ယောက်လည်း လာဖို့ ရှိတယ်လို့ ပြောပါတယ်။ အဲဆရာဝန်နှစ်ယောက်က ဒီအစီအစဉ်ကို လာပြီးတော့ စကားပြောနိုင်လို့ ရှိရင် ဖိတ်မယ်ပေါ့။ အဲတော့ ကျွန်တော်တို့ ထပ်ပြီးတော့မှ ကြေငြာပေးပါ့မယ်လို့ ပြောပါတယ်။

နောက်တစ်ခုက ကျွန်တော်တို့ မဇ္စျိမ ပရိသတ်တွေ အနေနဲ့ ဖိတ်ကြားစေချင်တဲ့ ဆရာဝန်ရှိတယ်ဆိုရင် ဘယ်ဆရာဝန်ဖြစ်ဖြစ် ဘယ်ဆရာဝန်ကိုတော့ ခေါ်ပြီးတော့ ဆွေးနွေးပေးပါ ဆိုလို့ ရှိရင် ဒါ မဇ္စျိမရဲ့ ဖေ့ဘုတ် ကောမန့်ကနေ တောင်းဆိုမယ်ဆိုရင် သူအနေနဲ့ ကြိုးစားပေးမယ်လို့ ပြောပါတယ်။

နောက်တစ်ခုကတော့ သူပြောနေကြ အတိုင်းပါပဲ။ နေပျော်တဲ့ ဘဝပေါ့နော် နေပျော်တဲ့ဘဝကို ဘယ်လိုနေမလဲဆိုတဲ့ သင်ခန်းစာပေါ့နော်။ ဒီတစ်ပတ်မှာတော့ ငါးခုမြောက် သင်ခန်းစာဖြစ်ပါတယ်။ အဲဒါက ဘာလဲဆိုလို့ ရှိရင် အာမခံနိုင်မှ အာမခံပေါ့နော်။ ကျွန်တော်တို့ မြန်မာနိုင်ငံသားတွေက ငါမလုပ်နိုင်ဘူးလို့ ပြောဖို့ တွန့်ဆုတ်နေတယ်လို့ သူက ပြောပါတယ်။ သူက အဲလိုမျိုး ခံစားရတယ်ပေါ့နော်။ ကိုယ်မလုပ်နိုင်ဘူးဆိုရင် မလုပ်နိုင်ဘူး ယဉ်ယဉ်ကျေးကျေးပဲ Sorry  ငါ့ကို ခွင့်လွတ်ကွာ ငါမလုပ်ပေးနိုင်ဘူးဆိုတဲ့ ဟာမျိုး ပြောပါတဲ့။ တစ်စုံတစ်ယောက်ကို အာမခံ မခံနဲ့ပေါ့နော်။ အဲတော့ ပုံပြင်က ဘာလဲဆိုလို့ ရှိရင် သူကနေပြီးတော့ သူငယ်ချင်းတစ်ယောက်ဆီမှာ မြန်မာငွေ ၁၅ သိန်းချေးတယ်ပေါ့နော်။ ဟုတ်ပြီတဲ့ အဲသူငယ်ချင်းက လက်ခံတယ်။ အေးကွာ ငါရှာပေးမယ်ပေါ့နော်။ ဘာမှ မပူနဲ့ ဘာညာဆိုပြီးမှ တစ်ဖြေးဖြေးနဲ့ ရက်က နီးလာပြီ သူ့သားကလည်း ကျောင်းအပ်ဖို့ ၁၅ သိန်းက လိုနေပြီ သူ့သူငယ်ချင်းကို ထပ်မေးတယ် မင်းဖြစ်နိုင်ပါ့မလားပေါ့နော်။ ဟာ ဖြစ်နိုင်တယ်။ ရတယ်။ ငါရှာပေးမယ်။ မပူနဲ့။ နောက်ဆုံးတော့ တစ်ဖြေးဖြေးနဲ့ တစ်နာရီလောက်ပဲ လိုတော့တယ်ပေါ့။ သူ့သားကျောင်းသွားအပ်ဖို့ ပိုက်ဆံက ပေးရတော့မယ်ဆိုတဲ့ အခါကျတော့ ဟာ ငါတော့ မတတ်နိုင်တော့ဘူး သူငယ်ချင်းရာ ငါတော့ မပေးနိုင်တော့ဘူးလည်း ဆိုရောတဲ့ ......

အဲ့ဒီ့ဥပမာအတိုင်း သူများတွေကို အင်းပါ ဟုတ်ကဲ့ပါ ဆိုပြီးတော့ မျှော်လင့်ချက် မပေးပါနဲ့တဲ့။ ကိုယ်မတတ်နိုင်ဘူးဆိုရင် မတတ်နိုင်ဘူးဆိုတဲ့အကြောင်း ငါတော့ မတတ်နိုင်ဘူး။ မလုပ်နိုင်ပေးနိုင်ဘူးဆိုတဲ့ အကြောင်း ယဉ်ယဉ်ကျေးကျေးနဲ့ပဲ ပြောပါတဲ့။ အဲတော့ ဒီဟာကာ လတ်တလောမှာတော့ အဲလိုမျိုး No လို့ အပြောခံရတဲ့ သူဟာ ငါတော့ မလုပ်ပေးနိုင်ဘူးကွာလို့ အပြောခံရတဲ့သူဟာ သူ့မှာ ခံစားချက်တော့ ရှိကောင်း ရှိသွားလိမ့်မယ်။ ဒါပေမယ့် ရေရှည်ကြလို့ ရှိရင် ဒီလူနဲ့ ကောင်းမွန်တဲ့ ဆက်ဆံရေး ဖြစ်ပါလိမ့်မယ်တဲ့။ အဲတော့ တစ်စုံတစ်ယောက်ကို မလုပ်ပေးနိုင်ဘူးဆိုရင် မျှော်လင့်ချက်မပေးပါနဲ့လို့ ဒါ သင်ခန်းစာ ပေးထားပါတယ်။

မဇ္စျိမ- အဲတော့ ကျွန်တော်တို့ ဒီ 4R Health Talk ရဲ့ နောက်ဆုံး Topic  ကို ပြန်ပါရစေ။ ဆရာကြီး ခင်ဗျာ။ ဒီ မှတ်ဉာဏ်ချို့ယွင်းတာနဲ့ ပတ်သက်ပြီးတော့ ဆရာကြီး ဖြည့်ပြောချင်တာ ရှိရင် ပြောပါအုံး ခင်ဗျာ။

Prof: Sai - စောစောက ကျွန်တော်ပြောသလိုပေါ့လေ။ ကျန်းမာရေးစောင့်ရှောက်မှု ကောင်းလာတော့ အသက်ရှည်တဲ့သူ တော်တော်များလာပါတယ်။ အဲတော့ ဒီလိုပြဿနာတွေဟာ တစ်နေ့မဟုတ် တစ်နေ့တော့ ကြံုသွားရမှာပဲ။ ကြံုလာလို့ ရှိရင်လည်း မရှက်မကြောက်ဘဲနဲ့ တတ်ကျွမ်းတဲ့ ဆရာဝန်တွေနဲ့ ပြဖို့ လိုပါတယ်။ တစ်ချို့က ကိုယ့်မိသားစုထဲမှာ ဒီလိုဖြစ်တာကို ရှက်လို့ သိမ်ငယ်တယ် ထင်ပြီးတော့မှ မပြကြဘူး။ တစ်ချို့ကြတော့ အသက်ကြီးလို့ ဖြစ်တာပါကွာဆိုပြီးတော့ လျစ်လျုရှုလိုက်ကြတယ်။ တစ်ချို့ကြတော့လည်း ဘယ်သူက ပြုစားလိုက်လို့ ဘယ်ဟာက ပြုစားလိုက်လို့ဆိုပြီး တစ်လွဲဆံပင်ကောင် မဟုတ်တဲ့ ဘက် ခုတ်ရာတစ်ခြား ရှရာ တစ်ခြား ဖြစ်နေတယ်ပေါ့။ အဲတာမျိုးတွေ မလုပ်ဖို့တော့ လိုပါတယ်။ မှတ်ဉာဏ်ချို့ယွင်းလာပြီဆိုတော့ သိသာပါတယ်။ သူတို့တွေဟာ မနေ့တစ်နေ့က ဖြစ်တာတွေကို မေ့တာများတယ်။ ဟို ငယ်တုန်းက ဖြစ်တာတွေတော့ မှတ်မိတယ်။ ဥပမာ တစ်ပတ်မှာ ဘယ်နှစ်ရက် ရှိတယ်ဆိုတာလည်း မမှတ်မိဘူး။ မနက်က ဘာဟင်းစားလည်း မမှတ်မိဘူး။ သူတို့ကို စမ်းသပ်ချင်ရင် လွယ်လွယ်လေးပါ။ ဥပမာ လူတစ်ယောက်ရဲ့ လိပ်စာကို မှတ်ခိုင်းလိုက် နာမည်ရှိမယ်။ အိမ်နံပါတ် ရှိမယ်။ လမ်းရှိမယ်။ ရပ်ကွက်ရှိမယ်။ မြို့နယ်ရှိမယ်။ ငါးခုပေါ့။ သူတို့ကို မှတ်ခိုင်းထားလိုက်။ တော်ကြာပြန်မေးမယ်နော်။ နောက်ပြီးတော့မှ သူငယ်ငယ်တုန်းက ဖြစ်ခဲ့တာတွေပေါ့။ ဥပမာ ဘယ်အရွယ်က လက်ထပ်သလဲ။ သားသမီး ဘယ်နှစ်ယောက် ရှိသလဲ။ ဘယ်ကျောင်းတွေမှာ နေခဲ့သလဲ။ ဘယ်လို အလုပ်တွေ လုပ်ခဲ့သလဲ။ ဘာညာမေးလိုက် အဲတာ အရင်တုန်းက ဟာတွေတော့ သူကောင်းကောင်း ဖြေနိုင်တယ်။ ခဏနေ မှတ်ခိုင်းထားတဲ့ လိပ်စာ မေးကြည့်လိုက် မမှတ်မိတော့ဘူး။ မှတ်မိရင်တောင်မှ နာမည်လောက်ပဲ မှတ်မိမှာပေါ့။ အဲဒါဆိုရင် မှတ်ဉာဏ်ချို့ယွင်းနေပြီလို့ ပြောလို့ ရပါတယ်။ ကျွန်တော်တို့ဟာ ဓာတ်မှန်ရိုက်တာတို့ သွေးစစ်တာတို့ အထူးလုပ်နေစရာ မလိုပါဘူး။ ဒါလေးနဲ့ပဲ စစ်ဆေးလို့ ရပါတယ်။  

အပိုင်း (၁) အားအောက်ပါတွင် ကြည့်နိုင်ပါသည်-http://www.mizzimaburmese.com/article/30814

အပိုင်း (၂) အားအောက်ပါတွင် ကြည့်နိုင်ပါသည်- http://www.mizzimaburmese.com/article/30865

အပိုင်း(၃) အားအောက်ပါတွင် ကြည်နိုင်ပါသည်- http://www.mizzimaburmese.com/article/30917

Mizzima Weekly