ပုဒ်မ ၆၆(ဃ) ပယ်ဖျက်ရန် NLD အမတ်၏ အဆိုပြုချက် ပြည်သူ့လွှတ်တော်တွင် ရှုံးနိမ့်

ပုဒ်မ ၆၆(ဃ) ပယ်ဖျက်ရန် NLD အမတ်၏ အဆိုပြုချက် ပြည်သူ့လွှတ်တော်တွင် ရှုံးနိမ့်
(ဓာတ်ပုံ- မင်းမင်း/မဇ္ဈိမ)

နေပြည်တော်(ဩဂုတ် ၁၈ရက်၊ ၂၀၁၇ခုနှစ်)။ ။ ဆက်သွယ်ရေးဥပဒေကို ပြင်ဆင်သည့် ဥပဒေကြမ်းအား ပြည်သူ့လွှတ်တော်တွင် ယနေ့ ဆွေးနွေးဆုံးဖြတ်ရာ၌ ယင်းဥပဒေကြမ်းပါ ပုဒ်မ ၆၆(ဃ) အား ပယ်ဖျက်ရန် လွှတ်တော်အမတ်တစ်ဦး၏ အဆိုပြုချက်မှာ မအောင်မြင်ဘဲ ရှုံးနိမ့်သွားခဲ့သည်။

အဆိုပါ ပုဒ်မ ၆၆(ဃ)အား ပယ်ဖျက်ရန် အာဏာရပါတီဖြစ်သည့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(NLD)အမတ်တစ်ဦး ဖြစ်သူ လှိုင်မြို့နယ်မှ ဦးအောင်ကျော်ကျော်ဦးက အဆိုပြုခဲ့ခြင်းဖြစ်ပြီး ၎င်း၏ အဆိုပြုချက်ကို ထောက်ခံသူ ၁၉ဦးသာရှိပြီး ကန့်ကွက်သူမှာ ၃၇၂ဦး ရှိသည့်အတွက် ရှုံးနိမ့်သွားခြင်း ဖြစ်သည်။

၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေနှင့် ဆန့်ကျင်ခြင်း၊ ရာဇသတ်ကြီး ဥပဒေတွင် အပြည့်အစုံ ပြဌာန်းထားပြီးဖြစ်ခြင်းနှင့် ဥပဒေကို လိုရာဆွဲပြီး တလွဲကျင့်သုံးနေခြင်း စသည်တို့ကြောင့် ဆက်သွယ်ရေးဥပဒေပုဒ်မ ၆၆(ဃ)ကို ပယ်ဖျက်သင့်သည်ဟု ဦးအောင်ကျော်ကျော်ဦးက လွှတ်တော်တွင် အဆိုပြုခဲ့သည်။

“ပုဒ်မ ၆၆(ဃ)ကို လိုရင် လိုသလို၊ မလိုရင် မလိုသလို တလွဲအသုံးပြုနေတာကြောင့် ပြည်သူကို ဒုက္ခပေးခဲ့လို့ လွှတ်တော်က ဖျက်သိမ်းလိုက်ရတဲ့ ၁၉၅၀ အရေးပေါ်စီမံမှု ဥပဒေ၊ ၁၉၇၅ နိုင်ငံတော်အား နှောင့်ယှက်ဖျက်ဆီးလိုသူများ၏ ဘေးအန္တရာယ်မှ ကာကွယ်စောင့်ရှောက်ရေးဥပဒေ၊ ဧည့်စာရင်းဥပဒေ များကဲ့သို့ပဲ ကျင့်သုံးပုံ လွဲမှားမှုကြောင့် နာမည်ဆိုးနဲ့ ကျော်ကြားနေပြီ ဖြစ်ပါတယ်” ဟု ဦးအောင်ကျော်ကျော်ဦးက ပြောသည်။

ပြည်သူ့လွှတ်တော်၊ ဥပဒေကြမ်းကော်မတီကမူ ကိုင်တွယ်ကျင့်သုံးသူတို့၏ ချွတ်ယွင်းချက်ကြောင့် ဥပဒေတစ်ခုကို ပယ်ဖျက်လိုက်ရမည်ဆိုလျှင် တရားမျှတမှု ရှိမည်မဟုတ်ဟု လွှတ်တော်တွင် ဆွေးနွေးသည်။

 “လွတ်လပ်စွာပြောဆိုခွင့် Totally Freedom ဆိုတာ ဒီမိုကရေစီနိုင်ငံတွေမှာတောင် မရပါဘူး။ သူတို့ကို တည်ဆဲဥပဒေများနဲ့အညီသာ လွတ်လပ်ခွင့်ပေးရတာ ဖြစ်ပါတယ်။ ကျွန်တော်တို့ ပြဌာန်းထားတဲ့ ၂၀၁၃ခုနှစ်၊ ဆက်သွယ်ရေးဥပဒေဟာ တည်ဆဲဥပဒေ ဖြစ်ပါတယ်။ ဒီ တည်ဆဲဥပဒေနဲ့အညီသာ လွတ်လွတ်လပ်လပ် ပြောဆိုခွင့်ရမှာ ဖြစ်ပါတယ်” ဟု ပြည်သူ့လွှတ်တော်၊ ဥပဒေကြမ်းကော်မတီဥက္ကဌ ဦးထွန်းထွန်းဟိန်က ပယ်ဖျက်ရန်မသင့်ကြောင်း ပြောဆိုသည်။

ထို့ကြောင့် ပုဒ်မ ၆၆(ဃ)ကို မဲခွဲဆုံးဖြတ်ရာတွင် အမျိုးသားလွှတ်တော်က အတည်ပြုထားသည့် “ဆက်သွယ်ရေး ကွန်ယက်တစ်ခုခုကို အသုံးပြု၍ ပုဂ္ဂိုလ်တစ်ဦးဦးအား ခြောက်လှန့်တောင်းယူခြင်း၊ အသရေဖျက်ခြင်း၊ နှောင့်ယှက်ခြင်း သို့မဟုတ် ခြိမ်းခြောက်ခြင်း” ဟူသည့် အဓိပ္ပာယ်သတ်မှတ်ချက်အတိုင်း ပြည်သူ့လွှတ်တော်က အတည်ပြုခဲ့သည်။

ထို့ပြင် အဆိုပါ ပုဒ်မ ၆၆(ဃ)အရ ပြစ်မှုထင်ရှားကြောင်း တရားစီရင်ခြင်းခံရလျှင် ပြစ်ဒစ်ကို ၃နှစ်အောက် ထောင်ဒဏ်ဟု ဥပဒေကြမ်းကော်မတီက ပြင်ဆင်ခဲ့သော်လည်း ဝေါမြို့နယ်အမတ် ဦးတင်ထွေးနှင့် အခြားလွှတ်တော်အမတ် (၁၀)ဦးတို့က ၂နှစ်ထက်မပိုသော ထောင်ဒဏ်ဟု ပြင်ဆင်လိုကြောင်း တင်ပြခဲ့သဖြင့် မဲခွဲဆုံးဖြတ်ရာတွင်မူ ဦးတင်ထွေးတို့ အနိုင်ရရှိခဲ့သည်။

အမျိုးသားလွှတ်တော်က ပြင်ဆင်ချက်ဖြင့် ပြီးခဲ့သည့်ရက်ပိုင်းက အတည်ပြု၍ ပေးပို့လာသော ဆက်သွယ်ရေးဥပဒေကို ပြင်ဆင်သည့် ဥပဒေကြမ်းပါ ပုဒ်မ ၆၆(ဃ)အား ပယ်ဖျက်ရန် အမျိုးသားလွှတ်တော်အမတ်တစ်ချို့က အဆိုပြုခဲ့သော်လည်း အောင်မြင်ခဲ့ခြင်း မရှိပေ။

ပြည်သူ့လွှတ်တော်က ထပ်မံပြင်ဆင်သည့်အချက်များကို အမျိုးသားလွှတ်တော်သို့ ပြန်လည်ပေးပို့မည်ဖြစ်ပြီး ယင်းပြင်ဆင်ချက်များကို အမျိုးသားလွှတ်တော်က သဘောမတူပါက ပြည်ထောင်စုလွှတ်တော်အစည်းအဝေးတွင် မဲခွဲဆုံးဖြတ်မည် ဖြစ်သည်။

ဆက်သွယ်ေ်ရးဥပဒေဆိုင်ရာ သုတေသနအဖွဲ့၏ စာရင်းများအရ ၂၀၁၇ခုနှစ်၊ ဩဂုတ်လ ၁၇ရက်နေ့အထိ ပုဒ်မ ၆၆(ဃ)ဖြင့် တရားစွဲဆိုခံထားရသည့် အမှုပေါင်း (၈၈)မှုအထိ ရှိနေသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly