“စစ်တပ်” ၊ “အစိုးရတပ်” ဆိုတဲ့ ခပ်စိမ်းစိမ်း အသုံးအနှုန်းတွေ မသုံးစွဲဖို့ တပ်မတော် ပြော

“စစ်တပ်” ၊ “အစိုးရတပ်” ဆိုတဲ့ ခပ်စိမ်းစိမ်း အသုံးအနှုန်းတွေ မသုံးစွဲဖို့ တပ်မတော် ပြော
ဆွေးနွေးပွဲသို့ တက်ရောက်လာသည့် တပ်မတော်သတင်းမှန် ပြန်ကြားရေးအဖွဲ့(ဓာတ်ပုံ- မင်းမင်း/မဇ္ဈိမ)

နေပြည်တော်(ဇူလိုင် ၂၇ရက်၊ ၂၀၁၇ခုနှစ်)။ ။ သတင်းမီဒီယာအချို့တွင် တပ်မတော်ကို “စစ်တပ်” ၊ “အစိုးရတပ်” စသဖြင့် ခပ်စိမ်းစိမ်း အသုံးအနှုန်းများဖြင့် သုံးနှုန်းနေသည်ကို တွေ့ရသောကြောင့် ဝိုင်းဝန်းထိန်းသိမ်းပေးရန် တပ်မတော်သတင်းမှန်ပြန်ကြားရေးအဖွဲ့မှ ဗိုလ်ချုပ်အောင်ရဲဝင်းက ပြောကြားလိုက်သည်။

“တပ်မတော်ဆိုတဲ့ အသုံးအနှုန်းနဲ့ ပတ်သက်ပြီးတော့မှ မှန်မှန်ကန်ကန်လေး သုံးစွဲစေချင်လို့ ဖြစ်ပါတယ်။ ဆိုလိုတာကတော့ “တပ်မတော်ကို ‘တပ်မတော်’ လို့ပဲ ခေါ်စေချင်ပါတယ်။ အလားတူပဲ တပ်မတော်မဟုတ်တဲ့ အဖွဲ့အစည်းတွေကိုလည်း ‘တပ်မတော်’ လို့ မသုံးစွဲစေချင်ပါဘူး” ဟု ဗိုလ်ချုပ်အောင်ရဲဝင်းက ပြောသည်။

အကြမ်းဖမ်းသောင်းကျန်းသူဟု သတ်မှတ်ထားသည့် အဖွဲ့အစည်းများနှင့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများကို “တပ်မတော်” ဟူ၍ သုံးစွဲနေမှုအပေါ်လည်း “ဝိုင်းဝန်းပြီးတော့မှ ထိန်းသိမ်းပေးစေလိုပါတယ်” ဟု ပြည်သူ့ဆက်ဆံရေးနှင့် စိတ်ဓာတ်စစ်ဆင်ရေးညွှန်ကြားရေးမှူးရုံးမှ ညွှန်ကြားရေးမှူးလည်းဖြစ်သူ ဗိုလ်ချုပ် အောင်ရဲဝင်းက ဆိုသည်။

နေပြည်တော်ရှိ ပြန်ကြားရေးဝန်ကြီးဌာနတွင် တပ်မတော်သတင်းမှန်ပြန်ကြားရေးအဖွဲ့နှင့် မြန်မာနိုင်ငံသတင်းမီဒီယာကောင်စီအပါအဝင် မီဒီယာအဖွဲ့အစည်းများတက်ရောက်သည့် မီဒီယာကဏ္ဍဖွံ့ဖြိုးတိုးတက်ရေးဆွေးနွေးပွဲတွင် ထိုသို့ ပြောဆိုလိုက်ခြင်း ဖြစ်သည်။

ထို့ပြင် စစ်ဘက်ရာထူး၊ အဆင့်အခေါ်အဝေါ်များ သုံးစွဲမှုနှင့် ပတ်သက်၍လည်း တပ်မတော်သတင်းမှန်ပြန်ကြားရေးအဖွဲ့က ဇူလိုင် ၂၆ရက်၊ ရက်စွဲဖြင့် သတင်းထုတ်ပြန်ထားသေးသည်။

“တပ်မတော်(ကြည်း၊ ရေ၊ လေ) စစ်မှုထမ်းများသာ သုံးစွဲခွင့်ရှိသည့် စစ်ဘက်ရာထူး၊ အဆင့်အခေါ်အဝေါ်များအား အခြားသော မသက်ဆိုင်သည့် အဖွဲ့အစည်းများမှ လူပုဂ္ဂိုလ်များ၏ ကိစ္စရပ်များတွင် ခေါ်ဝေါ်သုံးစွဲခြင်း၊ ရေးသားဖော်ပြခြင်းများ မပြုလုပ်ရန်” ဟူ၍ တပ်မတော်သတင်းမှန် ပြန်ကြားရေးအဖွဲ့၏ ထုတ်ပြန်ချက်တွင် ပါရှိသည်။

ဇူလိုင် ၂၂ရက်က ကချင်ပြည်နယ်၊ ဗန်းမော်ခရိုင်၊ မိုးမောက်မြို့တွင် ဖြစ်ပွားခဲ့သော ပေါက်ကွဲမှုတစ်ခုတွင် သေဆုံးခဲ့သူ လဝါယန်ပြည်သူ့စစ်အဖွဲ့မှ စီးပွားရေးတာဝန်ခံ၏ အမည်နာမ အရှေ့တွင် “ဗိုလ်မှူး” ဟူ၍ နေ့စဉ်ထုတ်သတင်းစာများနှင့် ဂျာနယ်အချို့တွင် ရေးသားခဲ့မှုအပေါ် အထက်ပါအတိုင်း သတင်းထုတ်ပြန်ခဲ့ခြင်း ဖြစ်သည်။

“တပ်မတော်စစ်မှုထမ်းများကလွဲရင် ကျန်တဲ့အဖွဲ့အစည်းတွေ အားလုံးသည် ကျွန်တော်တို့ ပြဌာန်းချက်၊ သတ်မှတ်ချက်အရ ဒီစစ်ဘက်ရာထူး၊ အဆင့်အခေါ်အဝေါ်တွေဟာ သုံးစွဲခွင့် မရှိပါဘူး။ ဥပမာ- ဗိုလ်မှူးတို့၊ ဗိုလ်ကြီးတို့၊ အလားတူပဲ ဒုတိယဗိုလ်ချုပ်ကြီးတို့ ဒါတွေဟာ သုံးစွဲခွင့် မရှိပါဘူး” ဟု ဗိုလ်ချုပ်အောင်ရဲဝင်းက ဆွေးနွေးပွဲတွင် ထည့်သွင်း ပြောဆိုသည်။

ထိုသို့ အခေါ်အဝေါ်၊ အသုံးအနှုန်းများနှင့်ပတ်သက်ပြီး ငြိမ်းချမ်းရေးဆွေးနွေးပွဲများတွင် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းခေါင်းဆောင်များ၏ နာမည်အရှေ့၌ “ဗိုလ်ချုပ်” “ဗိုလ်ချုပ်ကြီး” စသဖြင့် နာမည်တပ်ပြီး သုံးစွဲလျက်ရှိသည်ကို သတင်းမီဒီယာအဖွဲ့အစည်းများက ဆွေးနွေးပွဲတွင် ပြန်လည်ထောက်ပြကြသည်ဟု မြန်မာနိုင်ငံသတင်းမီဒီယာကောင်စီမှ ဦးသီဟစောက ပြောသည်။

သို့သော် ဆွေးနွေးပွဲသည် တစ်စုံတစ်ရာ ဆုံးဖြတ်ချက်ချမှတ်သည့် ဆွေးနွေးပွဲမျိုးမဟုတ်ဘဲ နှစ်ဖက်သဘောထားအမြင်များကို လွတ်လွတ်လပ်လပ်ဆွေးနွေးသည့် အနေအထားသာဖြစ်သည်ဟု သူက ဆိုသည်။

ဆွေးနွေးပွဲသို့ ပြန်ကြားရေးဝန်ကြီး ဒေါက်တာဖေမြင့်၊ ကာကွယ်ရေးဒုဝန်ကြီး ဗိုလ်ချုပ်မြင့်နွယ်၊ တပ်မတော်သတင်းမှန်ပြန်ကြာရေးအဖွဲ့၊ မြန်မာနိုင်ငံသတင်းမီဒီယာကောင်စီနှင့် မြန်မာဂျာနယ်လစ်ကွန်ယက်တို့မှ တာဝန်ရှိသူများ တက်ရောက်ကြသည်။

 

 

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly