လယ်ဝေးမြို့နယ် ၆၆ ဃ အမှုတွဲ နောက်ထပ် NLD ပါတီဝင်တစ်ဦး အဖမ်းခံရပြန်

လယ်ဝေးမြို့နယ် ၆၆ ဃ အမှုတွဲ နောက်ထပ် NLD ပါတီဝင်တစ်ဦး အဖမ်းခံရပြန်
ဒေါ်သက်သက်မော်ကို ရဲတပ်ဖွဲ့က ယနေ့ လာရောက်ဖမ်းဆီးစဉ် ခင်ပွန်းဖြစ်သူ ဦးမျိုးလှိုင်ဦးက ရိုက်ကူးထားသည့် ဓာတ်ပုံ

ကျေးရွာ အုပ်ချုပ်ရေးမှူးတစ်ဦးအား လွှတ်တော်ရန်ပုံငွေအလွဲသုံးစားလုပ်သည်ဆိုသော စွပ်စွဲချက်ကို ဖေ့စ်ဘွတ်တွင် ရေးသား၍ ဆက်သွယ်ရေးဥပဒေ ပုဒ်မ ၆၆(ဃ) ဖြင့် တိုင်ကြားခြင်းခံရသူ  လယ်ဝေးမြို့နယ်၊ အေလာမြို့နေ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(NLD)မှ မြို့နယ်အလုပ်အမှုဆောင်ဖြစ်သူ ဒေါ်သက်သက်မော်အား ယနေ့တွင် ရဲတပ်ဖွဲ့က ဖမ်းဆီးလိုက်သဖြင့် ၎င်းအမှုတွဲတွင် အဖမ်းခံရသူ နှစ်ဦးရှိသွားပြီဖြစ်သည်။

 “မနက် ၁၁နာရီခွဲလောက်က ရဲအုပ်တစ်ယောက်ရယ်၊ ဒုရဲအုပ်တစ်ယောက်ရယ်၊ သက်သေတစ်ယောက်နဲ့ အိမ်မှာလာပြီး ကားနဲ့ ဖမ်းသွားတာပါ” ဒေါ်သက်သက်မော်၏ ခင်ပွန်းဖြစ်သူ ဦးမျိုးလှိုင်ဦးက မဇ္ဈိမကို ပြောသည်။

ကျေးရွာရံပုံငွေအား အလွဲသုံးစားမှုဖြင့် အချုပ်ကျအဖြစ် အမှုရင်ဆိုင်နေရသူ လယ်ဝေးမြို့မှ ၂၅ မိုင်ခန့်ဝေးသော ဒလန့်ချွန်ကျေးရွာ၏ အုပ်ချုပ်ရေးမှူးဟောင်း ဦးတင်ဌေး၏ ဦးလေးတော်စပ်သူ ဦးမောင်ဝင်းဆိုသူက တရားလိုပြုလုပ်ကာ ပုဒ်မ ၆၆(ဃ)ဖြင့် တိုင်တန်းခဲ့ခြင်းဖြစ်သည်။

ဦးတင်ဌေးသည် အုပ်ချုပ်ရေးမှူးဖြစ်စဉ်က လွှတ်တော်ရံပုံငွေထဲမှ ရွာလမ်းနှင့် ရေရရှိရေးအတွက် ၂၀၁၅-၂၀၁၆ဘဏ္ဍာနှစ်အတွင်း ပေးအပ်သော ကျပ်သိန်း ၆၀ ကို အလွဲသုံးစားပြုလုပ်သည်ဟူသော စွပ်စွဲချက်ကို ဒေါ်သက်သက်မော်က ၄င်း၏ဖေ့စ်ဘွတ်စာမျက်နှာတွင် ဧပြီလ ၆ ရက်နေ့ ညနေ ၅ နာရီကျော်က ရေးသားထားခဲ့သည်။ စွပ်စွဲချက်တွင် အမှုနှင့် ပတ်သက်၍ မြို့နယ်အာဏာပိုင်တို့က အရေးယူမှုမပြုခဲ့ဟု သဘောသက်ရောက်သည့် “မြို့နယ်ထွေအုပ်နဲ့ပေါင်းပြီး ခွေထားခဲ့ကြတယ်” ဟုလည်း ပါရှိသည်။

ဒေါ်သက်သက်မာ၏ ခင်ပွန်း ဦးမျိုးလှိုင်ဦးက “ကျွန်တော့အမြင်အရ ပြောရရင်တော့ ဒါ (ဆက်သွယ်ရေး)ဥပဒေရဲ့ အားနည်းချက်လို့ ပြောရမယ် ခင်ဗျ။ အမှန်တရားကို လူတွေမပြောရဲအောင် လုပ်တယ်လို့ ကျွန်တော်က ယူဆတယ်” ဟု ပြောသည်။

မဇ္ဈိမအနေဖြင့် တရားလိုဘက်ကို ဆက်သွယ်၊ မေးမြန်းနိုင်ခြင်း မရှိခဲ့ပါ။

ဒေါ်သက်သက်မော်၏ ရေးသားချက်ကို ဖေ့စ်ဘွတ်တွင် မျှဝေခြင်း share လုပ်သူ အခြားသော ဒလန့်ချွန်ရွာသားတစ်ဦးဖြစ်ပြီး NLD ပါတီဝင်လည်းဖြစ်သူ ကိုကျော်မျိုးလွင်ကိုလည်း ဦးမောင်ဝင်းကပင် ဆက်သွယ်ရေးဥပဒေပုဒ်မဖြင့် ဧပြီလကတည်းက တရားစွဲဆိုခဲ့သည်။ တရားစွဲဆိုမှုပြုအပြီး သုံးလကျော်အကြာဖြစ်သည့် ယမန်နေ့က ကိုကျော်မျိုးလွင်ကို ရဲက ဖမ်းဆီးခဲ့သည်။

 “တရားစွဲဆိုခွင့်ပြုမိန့် မကျသေးလို့ ကြန့်ကြာနေတာပါ။ ဒါကြောင့် အခုမှ ဖမ််းဆီးလိုက်တဲ့ သဘောပေါ့” ဟု ကိုကျော်မျိုးလွင်ကို ဖမ်းဆီးခဲ့မှုနှင့် ပတ်သက်၍ လယ်ဝေးမြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူးကျော်ညွှန့်က မဇ္ဈိမကို ပြောသည်။ 

ကိုကျော်မျိုးလွင်အား လယ်ဝေးမြို့နယ်တရားရုံးတွင် ယနေ့ ရမန်ယူခဲ့ပြီး ဒေါ်သက်သက်မာကိုလည်း မနက်ဖြန်တွင် ဆက်လက် ရမန်ယူမည် ဖြစ်သည်။  

ဆက်သွယ်ရေး ဥပဒေ ပုဒ်မ ၆၆(ဃ) တွင် ဆက်သွယ်ရေး ကွန်ရက်တခုခုကို အသုံးပြုပြီး ပုဂ္ဂိုလ် တဦးဦးအား ခြောက်လှန့်တောင်းယူခြင်း၊ အနိုင်အထက်ပြုခြင်း၊ မတရား တားဆီးကန့်ကွက်ခြင်း၊ အသရေဖျက်ခြင်း၊ နှောင့်ယှက်ခြင်း၊ မလျော်သြဇာသုံးခြင်း(သို့မဟုတ်) ခြိမ်းခြောက်ခြင်းလုပ်သူများကို အရေးယူရန် ပြဌာန်းထားသည်။  

ပုဒ်မ ၆၆(ဃ)ဖြင့် တရားစွဲခံရသည့် အမှု စုစုပေါင်းမှာ ယခုအမှု အပါအဝင်ဆိုပါက (၇၅)မှုအထိ ရှိလာသည်ဟု ဆက်သွယ်ရေးဥပဒေဆိုင်ရာ သုတေသနအဖွဲ့မှ ကဗျာဆရာ မောင်ဆောင်းခက မဇ္ဈိမကို ပြောသည်။

လက်ရှိတွင် ဆက်သွယ်ရေးဥပဒေအားပြင်ဆင်သည့်ဥပဒေကြမ်းကို အမျိုးသားလွှတ်တော်တွင် စတင်ဆွေးနွေးနေပြီဖြစ်သည်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly