နေပြည်တော်(ဇူလိုင် ၁၀ရက်၊ ၂၀၁၇ခုနှစ်)။ ။ လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီးဖြစ်သူ ဦးဖေဇင်ထွန်းသည် ခွင့်ယူထားသောကြောင့် ၎င်း၏ ဝန်ကြီးဌာနအား ဆောက်လုပ်ရေးဝန်ကြီး ဦးဝင်းခိုင်က ပူးတွဲတာဝန်ထမ်းဆောင်လျက်ရှိသည်။
ဦးဖေဇင်ထွန်းမှာ “ခွင့်ယူထားလို့ပါ” ဟု ဝန်ကြီးဌာန(၂)ကို ပူးတွဲတာဝန်ယူထားရသူ ဦးဝင်းခိုင်က ဇူလိုင် ၁၀ရက်တွင် မဇ္ဈိမကို ပြောသည်။
ပြန်ကြားရေးဝန်ကြီးဌာန၏ သတင်းထုတ်ပြန်မှုတွင် လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာနနှင့် ဆောက်လုပ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဝင်းခိုင်သည် ဇူလိုင် ၈ရက်က မင်းဘူးမြို့ရှိ လျှပ်စစ်ဓာတ်အားထုတ်လုပ်ရေးလုပ်ငန်း၊ မန်း သဘာဝဓာတ်ငွေ့သုံး ဓာတ်အားပေးစက်ရုံကို သွားရောက်ခဲ့သည်ဟု ဖော်ပြထားသည်။
ဦးဖေဇင်ထွန်းသည် ပြီးခဲ့သည့် သမ္မတဦးသိန်းစိန်အစိုးရလက်ထက်က လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာနတွင် အမြဲတမ်းအတွင်းဝန်အဖြစ် တာဝန်ထမ်းဆောင်ခဲ့သူဖြစ်ပြီး NLD ဦးဆောင်သည့် အစိုးရလက်ထက်တင် ဝန်ကြီးအဖြစ် ခန့်အပ်ခြင်း ခံရသူလည်း ဖြစ်သည်။
လက်ရှိတွင်မူ ကျန်းမာရေးကြောင့် ခွင့်ယူထားခြင်းဖြစ်သည်ဟု မဇ္ဈိမက စုံစမ်းသိရှိရသည်။
ဦးဖေဇင်ထွန်းအပါအဝင် ပြည်ထောင်စုဝန်ကြီးတချို့အား အစားထိုးခန့်အပ်ဖွယ်ရှိသည်ဟု သတင်းများထွက်ပေါ်လျက်ရှိသော်လည်း အတည်ပြုနိုင်ခြင်း မရှိသေးပေ။