ဝန်ထမ်းလစာ တိုးပေးဖို့ မဖြစ်နိုင်သေး၊ အခြားနည်းနဲ့ ပံ့ပိုးပေးမယ်လို့ ဒေါ်အောင်ဆန်းစုကြည်ပြော

ဝန်ထမ်းလစာ တိုးပေးဖို့ မဖြစ်နိုင်သေး၊ အခြားနည်းနဲ့ ပံ့ပိုးပေးမယ်လို့ ဒေါ်အောင်ဆန်းစုကြည်ပြော
ဒေါ်အောင်ဆန်းစုကြည် မိန့်ခွန်းပြောနေစဉ်(ဓာတ်ပုံ- မင်းမင်း/မဇ္ဈိမ)

နေပြည်တော်(ဇူလိုင် ၁၀ရက်၊ ၂၀၁၇ခုနှစ်)။ ။ လက်ရှိ ပြည်သူ့ဝန်ထမ်းအများစု၏ လစာနှုန်းထားသည် အခြားနယ်ပယ်ရှိ ဝန်ထမ်းများ၏ လစာနှင့် နှုန်းယှဉ်ပါက နိမ့်ကျနေသည်ကို သိရှိသော်လည်း ချက်ချင်းဖြေရှင်းပေးနိုင်မည် မဟုတ်သေးဟု နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က ပြောကြားလိုက်သည်။

“ပြည်သူ့ဝန်ထမ်းအများစုရဲ့ လုပ်ခလစာနှုန်းထားဟာ အခြားနယ်ပယ်က ဝန်ထမ်းတွေနဲ့ နှုန်းယှဉ်ရင် နိမ့်ကျနေသေးတယ်ဆိုတာကို ကျွန်မတို့ သိပါတယ်။ ဒီ(လစာ)ကိစ္စနဲ့ ပတ်သက်ပြီး ပွင့်ပွင့်လင်းလင်းပဲ ပြောပြလိုပါတယ်။ ဒီပြဿနာကို ချက်ချင်းဖြေရှင်းပေးနိုင်မယ့်နည်း  မရှိသေးပါဘူး" ဒေါ်အောင်ဆန်းစုကြည်က ပြောသည်။

နေပြည်တော်ရှိ မြန်မာအပြည်ပြည်ဆိုင်ရာကွန်ဗင်းရှင်းဗဟိုဌာနတွင် ဇူလိုင် ၁၀ရက်က ပြုလုပ်သော နိုင်ငံ့ဝန်ထမ်း ပြုပြင်ပြောင်းလဲမှုဆိုင်ရာ မဟာဗျူဟာစီမံချက် ထုတ်ပြန်သည့်အခမ်းအနားတွင် အဖွင့်မိန့်ခွန်းပြောကြားစဉ် ဒေါ်အောင်ဆန်းစုကြည်က ထိုသို့ ပြောဆိုလိုက်ခြင်း ဖြစ်သည်။

“လုပ်ခလစာ တိုးမြှင့်ပေးတဲ့အခါမှာ လေးလေးနက်နက် စဉ်းစားသုံးသပ်ပြီး ရေရှည်တည်တံ့အောင် ဖြည်းဖြည်းချင်း တိုးမြှင့်ပေးရမှာဖြစ်တဲ့အပြင် နိုင်ငံတော်ရဲ့ ရသုံးမှန်းခြေငွေစာရင်းအခြေအနေနဲ့        အညီလည်း ဆောင်ရွက်ရပါတယ်” ဟု ဒေါ်အောင်ဆန်းစုကြည်က ပြောသည်။

လစာတိုးမြှင့်ရေးသည် ဝန်ထမ်းများ မျှော်လင့်ထားသလို ချက်ချင်းမဖြစ်နိုင်သေးသော်လည်း အခြားနည်းလမ်းများဖြစ်သော ပိုမိုကောင်းမွန်သည့် အလုပ်ခွင် ဖန်တီးခြင်းနှင့် မိသားစုဝင်များအတွက် နေမှုထိုင်မှုအခြေအနေ ပိုမိုကောင်းမွန်လာရန် ကြိုးပမ်းသွားမည်ဟုလည်း ဒေါ်အောင်ဆန်းစုကြည်က အခမ်းအနားတွင် ပြောကြားသည်။

ဥပမာအနေဖြင့် အဆင်မြင့်ဝန်ထမ်းအိမ်ရာများ စတင် ဆောက်လုပ်နေပြီဖြစ်သလို အငြိမ်းစားယူပြီး ပြည်သူ့ဝန်ထမ်းအားလုံးအတွက် အိမ်ယာများ ဆောက်လုပ်ပေးသွားမည်ဟုလည်း ဒေါ်အောင်ဆန်းစုကြည်က ပြောသည်။

“အငြိမ်းစားယူပြီး ပြည်သူ့ဝန်ထမ်းအားလုံး နိုင်ငံအပေါ် သစ္စာရှိစွာ နှစ်ရှည်လများ တာဝန်ထမ်းဆောင်အပြီးမှာ လုံလုံခြုံခြုံ၊ သိက္ခာရှိရှိ နေထိုင်သွားနိုင်ဖို့ အိမ်ယာများ ဆောက်လုပ်ပေးသွားမှာ ဖြစ်ပါတယ်” ဟု သူမက ဆိုသည်။

ဝန်ထမ်းများကို ရာထူးတိုးမြှင့်ရာတွင် ဓမ္မဓိဌာန်ကျပြီး ပွင့်လင်းမြင်သာသည့် သတ်မှတ်ချက်ဖြင့် ဆုံးဖြတ်ရန်နှင့် ဝန်ထမ်းတစ်ဦးချင်းစီ၏ လုပ်ရည်ကိုင်ရည်နှင့် စွမ်းရည် အလားအလာရှိမှုကို သုံးသပ်ရန် လိုအပ်သည်ဟုလည်း ဒေါ်အောင်ဆန်းစုကြည်က ပြောဆိုခဲ့သေးသည်။

“ဘက်လိုက်မျက်နှာသာပေးတယ်၊ နီးစပ်သူကို ချီးမြှောက်တယ်လို့ အထင်အမြင် စိုးစဉ်းမျှပင် မရှိစေနိုင်ဖို့ အစွမ်းကုန် ကြိုးစားရမှာ ဖြစ်ပါတယ်။ ဘယ်လိုနည်းနဲ့မှ ခွဲခြားဆက်ဆံမှု မပြုလုပ်မိဖို့ သတိထားရပါမယ်” ဟု မိန့်ခွန်းတွင် ထည့်သွင်းပြောကြားသည်။

ထို့ပြင် အဂတိလိုက်စားခြင်းသည် လူအနည်းစု၏ အကျိုးကို အများအကျိုး၏ အထက်တွင် ထားရှိခြင်းကြောင့် ဒီမိုကရေစီ၏ ဗဟိုမူ ဖြစ်သော ပြည်သူကို ကိုယ်စားပြုသည့် အုပ်ချုပ်ရေးကို ထိပါးစေသည်ဟုလည်း ဆိုသည်။

ယနေ့ ထုတ်ပြန်လိုက်သည့် နိုင်ငံ့ဝန်ထမ်းပြုပြင်ပြောင်းလဲမှုဆိုင်ရာ မဟာဗျူဟာစီမံချက်တွင် အဂတိလိုက်စားမှု တိုက်ဖျက်ရေးအတွက် ပြည်သူ့ဝန်ထမ်းကျင့်ဝတ် တောင့်တင်းခိုင်မာရန်၊ ကိုယ်ကျင့်တရားကောင်းမွန်ရေးနှင့် အဂတိလိုက်စားမှု တိုက်ဖျက်ရေးအတွက် လေ့ကျင့်သင်ကြားရေးမှုများပေးရန်၊ တိုင်ကြားရေးနှင့် ဖော်ထုတ်ရေးဆိုင်ရာ ယန္တယား ထိရောက်မှုရှိရန်၊ အဆင့်မြှင့် ရာထူးရာခံရှိသူများ၏ ပိုင်ဆိုင်မှုများကို ထုတ်ပြန်ကြေငြာရန်၊ နည်းပညာအသစ်များဖြင့် အုပ်ချုပ်မှုဆိုင်ရာ လုပ်ငန်းစဉ်များကို ပံ့ပိုးဆောင်ရွက်ခြင်းဖြင့် အဂတိလိုက်စားမှုကို နည်းပါေးအာင် ဆောင်ရွက်ရန် စသည့် အစီအစဉ်များ ပါဝင်သည်။

အဆိုပါ စီမံချက်အား နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်၊ ဒေါ်အောင်ဆန်းစုကြည်၏ လမ်းညွှန်မှု၊ ကုလသမဂ္ဂဖွံ့ဖြိုးမှုအစီအစဉ်(UNDP)၏ နည်းပညာအကူအညီတို့ဖြင့် ပြည်ထောင်စုရာထူးဝန်အဖွဲ့က ရေးဆွဲခဲ့ခြင်း ဖြစ်သည်။

 

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly