ဥပဒေပြုရေးမဏ္ဍိုင်ကို တရားစီရင်ရေးမဏ္ဍိုင်က ပြန်လည်တောင်းပန်ရ

ဥပဒေပြုရေးမဏ္ဍိုင်ကို တရားစီရင်ရေးမဏ္ဍိုင်က ပြန်လည်တောင်းပန်ရ
ပြည်ထောင်စုတရားလွှတ်တော်ချုပ်၊ တရားသူကြီး ဦးစိုးညွှန့် (ဓာတ်ပုံ- မင်းမင်း/မဇ္ဈိမ)
 

နေပြည်တော်(မေလ ၂၂ရက်၊ ၂၀၁၇ခုနှစ်)။ ။ ဥပဒေပြုရေးမဏ္ဍိုင်၏ လွှတ်တော်ကိုယ်စားလှယ်များကို ထိခိုက်၊ နစ်နာစေသည့် ဆွေးနွေးပြောဆိုမှုများအပေါ် ခွင့်လွှတ်ပေးရန် ပြည်ထောင်စုတရားလွှတ်တော်ချုပ် တရားသူကြီးက ယနေ့ မေလ ၂၂ရက် ပြည်သူ့လွှတ်တော်အစည်းအဝေးတွင် ပြန်လည်တောင်းပန်လိုက်သည်။

“ကျွန်တော့အနေနဲ့ ပြည်သူ့လွှတ်တော်ဥက္ကဌကြီးနဲ့ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်များကို လေးစားပါတယ်။ ဒါကြောင့် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်ကြီးများကို ထိခိုက်စေရန်၊ နစ်နာစေရန် ရည်ရွယ်ချက်မရှိဘဲ မထင်မှတ်ဘဲ ဖြစ်ပွားခဲ့တဲ့ ကိစ္စရပ်ကို ခွင့်လွတ်ပေးပါ” ဟု ပြည်ထောင်စုတရားလွှတ်တော်ချုပ် တရားသူကြီး ဦးစိုးညွှန့်က လွှတ်တော်သို့ တင်ပြသည်။

မတ်လ ၇ရက်က ပြည်သူ့လွှတ်တော်အစည်းအဝေးတွင် ဆွေးနွေးခဲ့သော ပဲခူးတိုင်း၊ ဝေါမဲဆန္ဒနယ်မျှ ဦးတင်ထွေး၏ “တရားစီရင်ရေးကဏ္ဍ တိမ်းစောင်းနေမှုအား ပြန်လည်တည့်မတ်နိုင်ရေးအတွက် ပြည်ထောင်စုတရားလွှတ်တော်ချုပ်သို့ တိုက်တွန်းသည့် အဆို” အား ပြန်လည်ရှင်းလင်းစဉ် ပြောဆိုချက်များအပေါ် ဦးစိုးညွှန့်က လာရောက်တောင်းပန်ခဲ့ခြင်းလည်း ဖြစ်သည်။

ယင်းအဆိုအပေါ် ထောက်ခံဆွေးနွေးကြသော လွှတ်တော်အမတ် ၂၅ဦးက တရားစီရင်ရေးကဏ္ဍသည် အဂတိလိုက်စားမှုများကြောင့် မျှတမှုမရှိသလို တရားစီရင်ရေးမဏ္ဍိုင် တည့်မတ်မှုမရှိခြင်းကြောင့် ပြည်သူများက ယုံကြည်မှုမရှိဟု ထိုစဉ်က ဆွေးနွေးကြသည်။

ထိုသို့ ဆွေးနွေးချက်များအပေါ် တရားသူကြီး ဦးစိုးညွှန့်က အထောက်အထား မခိုင်လုံသည့် စွပ်စွဲချက်များဖြစ်ကြောင်း၊ အဆိုသည် တရားရုံးများ၏ ဂုဏ်သိက္ခာကို ထိခိုက်စေနိုင်ကြောင်း၊ တရားရုံးများကို မထီမဲ့မြင်ပြုရာရောက်ကြောင်း စသဖြင့် အောက်ပါအတိုင်း ပြောဆိုခဲ့သည်။

“အဆိုဟာ တရားစီရင်ရေးကဏ္ဍမှာ အကျင့်ပျက်ခြစားမှုများကြောင့် တိမ်းစောင်းယိမ်းယိုင်မှုများ ဖြစ်ပေါ်နေတယ်လို့ စွပ်စွဲထားတာ ဖြစ်ကြောင်း တွေ့ရှိရပါတယ်။ ဒီလို တရားရုံးများရဲ့ ဂုဏ်သိက္ခာကို အကြီးအကျယ် ထိခိုက်စေတဲ့ စွပ်စွဲပြောဆိုမှုများဟာ တရားရုံးများကို မထီမဲ့မြင်ပြုရာရောက်ပါကြောင်း” ဟု ၎င်းက ပြောဆိုခဲ့ခြင်းဖြစ်သည်။

ယင်းပြောဆိုချက်များနှင့်ပတ်သက်၍လည်း လွှတ်တော်အမတ်တစ်ချို့က မကျေနပ်ကြဘဲ ဝေဖန်ပြောဆိုခဲ့ကြသည်။

ထိုပြောဆိုချက်များအပေါ် ခွင့်လွတ်ပေးရန်နှင့် ၎င်း၏ ပြောဆိုချက်များကိုလည်း ပြန်လည်ရုပ်သိမ်းပါကြောင်း ဦးစိုးညွှန့်က ယနေ့လွှတ်တော်တွင် ပြန်လည်တောင်းပန်ခဲ့သည်။

“တရားသူကြီးက သူမှားမှန်းသိလို့ သူ့အမှားအတွက် လွှတ်တော်ထဲမှာ တရားဝင်လာတောင်းပန်တာကို အန်ကယ်လ်ကတော့ ကျေနပ်ပါတယ်။ သူ့အမှားသည် သူ့လူကို ကာကွယ်ရင်း၊ ကာကွယ်ရင်း၊ ရှေ့က အမှားကြီးကို ကာကွယ်ရင်းနဲ့ သူ့အမှားဖြစ်သွားတာကတော့ မြန်မာနိုင်ငံရဲ့ တရားစီရင်ရေးစနစ်အတွက် သိပ်ဝမ်းနည်းစရာ ကောင်းပါတယ်” ဟု အဆိုရှင် ဦးတင်ထွးက ပြောသည်။

မြန်မာနိုင်ငံ၏ တရားစီရင်ရေးစနစ်သည် ငွေကြေး၊ လာဘ်လာဘအပေါ် အခြေပြုပြီး လွန်ခဲ့သည့် နှစ်ပေါင်းများစွာကတည်းက တိမ်းစောင်းနေသောကြောင့် ပြန်လည်တည့်မတ်ရန်လိုသည်ဟုဆိုကာ ဦးတင်ထွေးက တိုက်တွန်းကြောင်းအဆို တင်ခဲ့ခြင်း ဖြစ်သည်။

“ကိုယ့်ရဲ့ ထင်မြင်ချက်၊ ယူဆချက်ကို ပြောချင်ရာပြောမယ်။ ပြီးမှ မှားပါတယ်၊ တောင်းပန်ပါတယ်ဆိုတာကတော့ မဏ္ဍိုင်တစ်ရပ်ရဲ့ အကြီးအကဲတစ်ယောက်အနေနဲ့ မဖြစ်သင့်ဘူး” ဟု ပုလဲမဲဆန္ဒနယ်မှ ဒေါ်ခင်စန်းလှိုင်က ဆိုသည်။

ပြည်သူ့လွှတ်တော်အမတ်ဟောင်းတစ်ဦးဖြစ်သည့် ဦးရဲထွန်းကမူ “အဲ့လိုမတောင်းပန်ရင် ပြည်ထောင်စုတရားလွှတ်တော်ချုပ် တရားသူကြီးတွေကို စွပ်စွဲပြစ်တင်ပြီး ဖြုတ်ချကြတော့မှာလေ။ သူတို့က ဘယ်ပါတီတက်တက် အသက်(၇၀)အထိ တာဝန်ထမ်းဆောင်ခွင့် ရှိတယ်” ဟု ၎င်း၏ လူမှုကွန်ယက် ဖေ့စ်ဘွတ်တွင် မှတ်ချက်ပြု ရေးသားခဲ့သည်။

 

 

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly