ဦးဝင်းထိန် ကျန်းမာရေးအခြေအနေ မမှန်သတင်းဖြန့်သူ ဖိုးထောင်အား ထောင်ဒဏ် ၆လ ချမှတ်

ဦးဝင်းထိန် ကျန်းမာရေးအခြေအနေ မမှန်သတင်းဖြန့်သူ ဖိုးထောင်အား ထောင်ဒဏ် ၆လ ချမှတ်
တရားစွဲခံထားရသည့် အောင်မြင့်ထွန်း(ခ)ဖိုးထောင်အား ပုဒ်မ ၆၆(ဃ)ကို ကန့်ကွက်သူများက ရုံးချိန်တစ်ခုတွင် လာရောက်ဝန်းရံစဉ်(ဓာတ်ပုံ- Maung Saungkha ဖေ့စ်ဘွတ်မှ)

နေပြည်တော်(ဧပြီ ရရက်၊ ၂၀၁၇ခုနှစ်)။ ။ ပါတီအမှတ်တံဆိပ်ကို အသုံးပြုပြီး လူမှုကွန်ယက် ဖေ့စ်ဘွတ်တွင် မမှန်သတင်းဖြန့်ဝေခဲ့သည်ဟုဆိုကာ တရားစွဲခံထားရသူ အောင်မြင့်ထွန်း(ခ)ဖိုးထောင်အား နေပြည်တော်၊ ဇဗ္ဗူသီရိမြို့နယ်တရားရုံးက ဧပြီ ရရက်တွင် ထောင်ဒဏ် ၆လ ချမှတ်လိုက်သည်။

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(NLD)၏ ဗဟိုအလုပ်အမှုဆောင်အတွင်းရေးမှူးအဖွဲ့ဝင် ဦးဝင်းထိန်မှာ ကျန်းမာရေးအခြေအနေကြောင့် ပါတီမှ နှုတ်ထွက်ခွင့်ပြုရန် တင်ပြစာနှင့် ပါတီတံဆိပ်ပါ နှုတ်ထွက်ခွင့်ပြုကြောင်း စာရွက်(၂)ရွက်အား စစ်ကိုင်းတိုင်း၊ မုံရွာမြို့နေ ဖိုးထောင်ဆိုသူက လူမှုကွန်ယက်တွင် ဖြန့်ဝေခဲ့ခြင်းကြောင့် တရားစွဲခံခဲ့ရခြင်း ဖြစ်သည်။

ဥတ္တရသီရိခရိုင်မှ NLD ပါတီဝင် ဦးသန်းဌေး(ခ)ဦးသန့်ဇင်က ဆက်သွယ်ရေးဥပဒေ ပုဒ်မ ၆၆ (ဃ)ဖြင့်၂၀၁၆ ခုနှစ် အောက်တိုဘာလတွင် တရားစွဲဆိုခဲ့ခြင်းဖြစ်ကာ နှစ်ဖက်သက်သေများအား စစ်ဆေးပြီးနောက် ပြစ်မှုထင်ရှားသည်ဟုဆိုကာ တရားရုံးက ထောင်ဒဏ် ၆လ အမိန့်ချလိုက်ခြင်းဖြစ်သည်။

သို့သော် အောင်မြင့်ထွန်း(ခ)ဖိုးထောင်မှာ တရားစွဲခံရပြီးနောက် ဖမ်းဆီးထိန်းသိမ်းခံထားရသည်မှာ ၅လကျော် ကြာမြင့်နေပြီဖြစ်သည့်အတွက် လာမည့် ဧပြီ ၁၃ရက်တွင် ပြန်လည်လွတ်မြောက်မည် ဖြစ်သည်။

“ကျွန်တော်လည်း ပါတီဝင်တစ်ယောက်ပါ။ ဖေ့စ်ဘွတ်မှာ အန်ကယ်လ် ဦးဝင်းထိန် ကျန်းမာရေးကြောင့် နှုတ်ထွက်ခွင့်ပြုပါ၊ နှုတ်ထွက်ခွင့်ပြုတယ်ဆိုတာလေးတွေ့လို့ ကူးပြီး တဆင့် ပြန် Share(ဖြန့်ဝေ)လိုက်တာ” ဟု အောင်မြင့်ထွန်း(ခ)ဖိုးထောင်က ပြောသည်။

အောင်မြင့်ထွန်း(ခ) ဖိုးထောင်ကဲ့သို့ပင် ဆက်သွယ်ရေးဥပဒေပုဒ်မ ၆၆(ဃ)ဖြင့် တရားစွဲဆိုခံထားရသူ ဦးမျိုးရန်နောင်သိမ်းကိုလည်း ရန်ကုန်တိုင်း၊ ကမာရွတ်မြို့နယ်တရားရုံးက ယနေ့တွင် ထောင်ဒဏ် ၆လ ချမှတ်ခဲ့သည်။

ဆက်သွယ်ရေး ဥပဒေ ပုဒ်မ ၆၆(ဃ) တွင် ဆက်သွယ်ရေး ကွန်ရက်တခုခုကို အသုံးပြုပြီး ပုဂ္ဂိုလ် တဦးဦးအား ခြောက်လှန့်တောင်းယူခြင်း၊ အနိုင်အထက်ပြုခြင်း၊ မတရား တားဆီးကန့်ကွက်ခြင်း၊ အသရေဖျက်ခြင်း၊ နှောင့်ယှက်ခြင်း၊ မလျော်သြဇာသုံးခြင်း(သို့မဟုတ်) ခြိမ်းခြောက်ခြင်းလုပ်သူများကို အရေးယူရန် ပြဌာန်းထားသည်။ ဥပဒေတွင် ယင်းပုဒ်မသည် အာမခံ မရနိုင်ကြောင်း ဖော်ပြထားသေးသည်။ ထိုပုဒ်မအတွက် ပြစ်ဒဏ် သတ်မှတ်ချက်သည် သုံးနှစ်ထက် မပိုသော ထောင်ဒဏ်ဖြစ်စေ၊ ငွေဒဏ်ဖြစ်စေ၊ ဒဏ်နှစ်ရပ်စလုံးဖြစ်စေ ချမှတ်ခံရမည် ဖြစ်ကြောင်း ပြဌာန်းထားသည်။

လက်ရှိတွင် ပုဒ်မ ၆၆(ဃ)ဖြင့် တရားစွဲခံရသည့် အမှုပေါင်း(၅၄)မှုရှိသည်ဟု ဆက်သွယ်ရေးဥပဒေဆိုင်ရာ သုတေသနအဖွဲ့က ထုတ်ပြန်ထားသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly