စေတနာကောင်းရှိရုံ တစ်ခုတည်းနဲ့ နိုင်ငံတိုးတက်မှာမဟုတ်ဘူးလို့ အမတ်များကို လွှတ်တော်ဥက္ကဌ ပြော

စေတနာကောင်းရှိရုံ တစ်ခုတည်းနဲ့ နိုင်ငံတိုးတက်မှာမဟုတ်ဘူးလို့ အမတ်များကို လွှတ်တော်ဥက္ကဌ ပြော
ပြည်သူ့လွှတ်တော်ဥက္ကဌ ဦးဝင်းမြင့်(ဓာတ်ပုံ- မင်းမင်း/မဇ္ဈိမ)

နေပြည်တော်(မတ်လ ၁၇ရက်၊ ၂၀၁၇ခုနှစ်)။ ။ တိုင်းပြည် ဖွံ့ဖြိုးတိုးတက်လာရန် စေတနာကောင်းရှိရုံ တစ်ခုတည်းဖြင့် မအောင်မြင်နိုင်သည်ကို အမြဲသတိပြုကြရန် လွှတ်တော်အမတ်များကို ပြည်သူ့လွှတ်တော်ဥက္ကဌ ဦးဝင်းမြင့်က မှာကြားလိုက်သည်။

“မိမိတို့ရဲ့ ပညာ၊ ဗဟုသုတ၊ အတွေ့အကြံု၊ ဆင်ခြင်တုံတရားတို့နဲ့ ကောင်းမွန်တဲ့ လုပ်ဆောင်မှုတွေ၊ မှန်ကန်တဲ့ လုပ်နည်းလုပ်ဟန်တွေကို ပေါင်းစပ်အသုံးချနိုင်မှသာ နိုင်ငံတော်နှင့် နိုင်ငံသူ၊ နိုင်ငံသားတို့အတွက် အကျိုးရှိတဲ့ ရလာဒ်ကောင်းတွေ ထွက်ပေါ်လာမှာ ဖြစ်ပါတယ်” ဟု ဦးဝင်းမြင့်က ပြောသည်။

လွှတ်တော်စတုတ္ထပုံမှန်အစည်းအဝေးများပြီးဆုံး၍ သက်ဆိုင်ရာ မဲဆန္ဒနယ်အသီးသီးသို့ ပြန်ကြမည့် လွှတ်တော်အမတ်များကို မတ်လ ၁၇ရက်၊ ပြည်သူ့လွှတ်တော်အစည်းအဝေးအပြီးတွင် ဦးဝင်းမြင့်က မှာကြားလိုက်ခြင်း ဖြစ်သည်။

သက်ဆိုင်ရာ မဲဆန္ဒနယ်အသီးသီး ပြန်ရောက်သည့် ကာလအတွင်းမှာလည်း ဒေသဖွ့ံဖြိုးရေးလုပ်ငန်းများအား စေတနာအပြည့်ဖြင့် ပူးပေါင်းဆောင်ရွက်ကြရန်လည်း ၎င်းက တိုက်တွန်းခဲ့သည်။

သို့သော် “လုပ်ပိုင်ခွင့် ဘောင်ကိုကျော်လွန်ပြီး ဝင်ရောက်စွက်ဖက်တဲ့ ပုံစံမျိုး မဖြစ်ရအောင်လည်း သတိပြုဆောင်ရွက်ကြပါ” ဟု ဦးဝင်းမြင့်က ပြောသည်။

လက်နက်ကိုင်ပဋိပက္ခများကြောင့် နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေး၊ ပညာရေး စသဖြင့် အဘက်ဘက်မှ နောက်ကျကျန်ခဲ့ရသည့် အနေအထားမှ တည်ငြိမ်အေးချမ်းပြီး ခေတ်မီတိုးတက်သည့် တိုင်းပြည်ဖြစ်လာရန် စစ်မှန်သည့် ပြည်ထောင်စုစိတ်ဓာတ် ရှိကြရန်လိုသည်ဟုလည်း ဦးဝင်းမြင့်က အမတ်များကို ပြောသည်။

“ထာဝရငြိမ်းချမ်းရေး ရရှိဖို့အတွက် အစိုးရ၊ လွှတ်တော်၊ တပ်မတော်နဲ့ တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့တွေအကြား တစ်ဦးနှင့်တစ််ဦး အပြန်အလှန်ယုံကြည်မှု၊ အပြန်အလှန် နားလည်မှု၊ အပြန်အလှန် လေးစားမှု၊ သဘောထားကြီးမှု၊ စိတ်ရှည်သည်းခံမှုများနဲ့ ပြည်ထောင်စုကြီးရဲ့ အကျိုးကို မျှော်ကိုးပြီး ညှိနှိုင်းဆွေးနွေးအဖြေရှာကြရမှာ ဖြစ်ပါတယ်” ဟု ၎င်းက ဆိုသည်။

ထို့ပြင် ပြည်သူများမျှော်လင့်တောင့်တနေသည့် ဒီမိုကရေစီပန်းတိုင် ရောက်ရှိနိုင်ရန် ခရီးဆက်ကြရဦးမည်ဖြစ်ပြီး ဒီမိုကရေစီ၏ အခြေခံအုတ်မြစ်ဖြစ်သည့် လွှတ်တော်၏ အဓိကလုပ်ငန်းတာဝန်များကို ပီပြင်စွာ အကောင်အထည်ဖော်နိုင်ရန် လွှတ်တော်အမတ်များတွင် အဓိကတာဝန်ရှိသည်ဟုလည်း ဦးမြင့်က ပြောဆိုသည်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly