တရားရုံးတွေကို လွှတ်တော်က မထီမဲ့မြင်ပြုတယ်လို့ ပြည်ထောင်စုတရားလွှတ်တော်ချုပ် စွပ်စွဲ

တရားရုံးတွေကို လွှတ်တော်က မထီမဲ့မြင်ပြုတယ်လို့ ပြည်ထောင်စုတရားလွှတ်တော်ချုပ် စွပ်စွဲ
ပြည်ထောင်စုတရားလွှတ်တော်ချုပ်၊ တရားသူကြီး ဦးစိုးညွှန့်
 

နေပြည်တော်(မတ်လ ရရက်၊ ၂၀၁၇ခုနှစ်)။ ။ ပြည်သူ့လွှတ်တော်တွင် ယနေ့ဆွေးနွေးသည့် တရားစီရင်ရေးကဏ္ဍ တိမ်းစောင်းမှုအပေါ် ပြန်လည်တည့်မတ်ရေး အဆိုသည် လွှတ်တော်ဆိုင်ရာ နည်းဥပဒေနှင့် ဆန့်ကျင်၊ တရားရုံးများ၏ ဂုဏ်သိက္ခာကို ထိခိုက်၊ တရားရုံးများကို မထီမဲ့မြင်ပြုရာရောက်သည်ဟု ပြည်ထောင်စုတရားလွှတ်တော်ချုပ်၊ တရားသူကြီးဖြစ်သူ ဦးစိုးညွှန့်က စွပ်စွဲပြောဆိုလိုက်သည်။

ဝေါ မဲဆန္ဒနယ်မှ ပြည်သူ့လွှတ်တော်အမတ် ဦးတင်ထွေး တင်သွင်းသည့် “တရားစီရင်ရေးကဏ္ဍ တိမ်းစောင်းနေမှုအား ပြန်လည်တည့်မတ်နိုင်ရေးအတွက် ပြည်ထောင်စုတရားလွှတ်တော်ချုပ်သို့ တိုက်တွန်းသည့် အဆို” အား မတ်လ (၇)ရက်၊ ပြည်သူ့လွှတ်တော်အစည်းအဝေးတွင် လွှတ်တော်အမတ် (၂၅)ဦးက ဆွေးနွေးပြီးနောက် ပြည်ထောင်စုတရားလွှတ်တော်ချုပ်၊ တရားသူကြီး ဦးစိုးညွှန့်က အောက်ပါအတိုင်း ပြောဆိုလိုက်ခြင်း ဖြစ်သည်။

“အဆိုဟာ တရားစီရင်ရေးကဏ္ဍမှာ အကျင့်ပျက်ခြစားမှုများကြောင့် တိမ်းစောင်းယိမ်းယိုင်မှုများ ဖြစ်ပေါ်နေတယ်လို့ စွပ်စွဲထားတာ ဖြစ်ကြောင်း တွေ့ရှိရပါတယ်။ ဒီလို တရားရုံးများရဲ့ ဂုဏ်သိက္ခာကို အကြီးအကျယ် ထိခိုက်စေတဲ့ စွပ်စွဲပြောဆိုမှုများဟာ တရားရုံးများကို မထီမဲ့မြင်ပြုရာရောက်ပါကြောင်း” ဟု ဦးစိုးညွှန့်က ပြောသည်။

ယင်းအဆိုအပေါ် ထောက်ခံဆွေးနွေးကြသော လွှတ်တော်အမတ် ၂၅ဦးကလည်း တရားစီရင်ရေးကဏ္ဍသည် အဂတိလိုက်စားမှုများကြောင့် မျှတမှုမရှိသလို တရားစီရင်ရေးမဏ္ဍိုင် တည့်မတ်မှုမရှိခြင်းကြောင့် ပြည်သူများက ယုံကြည်မှုမရှိဟု ဆွေးနွေးကြသည်။

အကျင့်ပျက်ခြစားနေသည့် တရာစီရင်ရေးကဏ္ဍမှ ဥပဒေအရာရှိများနှင့် တရားသူကြီးများကို ထိထိရောက်ရောက် အရေးယူရန် လိုအပ်သည်ဟု လယ်ဝေးမြို့နယ် အမတ် ဦးမျိုးဇော်ဦးက ပြောသည်။

ကျောက်ဖြူမြို့နယ် အမတ် ဦးဘရှိန်ကလည်း “တရားသူကြီးတွေကို မထိန်းချုပ်ရင် တရားရေးမဏ္ဍိုင် တိမ်းစောင်းနေဦးမှာပဲ” ဟု ဆွေးနွေးခဲ့သည်။

ထို့ပြင် တရားသူကြီးများကိုယ်တိုင် ကျမ်းကျိန်သင့်သည်ဟု ထောက်ပြသည့် လွှတ်တော်အမတ်ရှိသလို ဆင်းရဲသည့် တရားသူကြီးကို မမြင်ဖူးကြောင်းလည်း လွှတ်တော်အမတ်တစ်ဦးက ဆွေးနွေးခဲ့သည်။

ကလောမြို့နယ်အမတ် ဒေါ်ပြံုးကေသီနိုင်ကမူ “တရားရေးမဏ္ဍိုင်အပေါ် ပြည်သူတွေ ယုံကြည်မှု မရှိတော့ပါဘူး” ဟု ဆိုသည်။

အထက်ပါ ဆွေးနွေးပြောဆိုချက်များသည် အထောက်အထား ခိုင်လုံမှုမရှိသည့် စွပ်စွဲပြောဆိုချက်များဟု ဦးစိုးညွှန့်က ဆိုကာ အဆိုကို လွှတ်တော်က အတည်ပြုမည်ဆိုပါက တရားစီရင်းရေးကဏ္ဍ၏ ပုံရိပ်ကို ထိခိုက်ရုံသာမက တိုင်းပြည်၏ ပုံရိပ်ကိုပါ ထိခိုက်နိုင်သည့်အတွက် မှတ်တမ်းအဖြစ်သာ ထားရှိရန် လွှတ်တော်သို့ တင်ပြခဲ့သည်။

“တရားစီရင်ရေးကဏ္ဍ တိမ်းစောင်းနေတယ်ပြောတာကိုတော့ လက်ခံရန် မသင့်ပါဘူး” ဟု ဦးစိုးညွှန့်က ပြောသည်။

အထောက်အထား ခိုင်လုံပါက ပြတ်ပြတ်သားသား အရေးယူရန် လက်နှေးမည်မဟုတ်ဟုလည်း ၎င်းက ဆိုသည်။

သို့သော် ၆နှစ်အတွင်း လာဘ်ပေးလာဘ်ယူမှုနှင့် ကိုယ်ကျင့်တရားပျက်ပြားမှုကြောင့် ထောင်ဒဏ်ချမှတ်ခံရသည့် တရားသူကြီး တစ်ဦးသာ ရှိခဲ့သည်ဟု ဦးစိုးညွှန့်က လွှတ်တော်တွင် ပြောသည်။

ပြည်ထောင်စုတရားလွှတ်တော်ချုပ်၊ တရားသူကြီး ဦးစိုးညွှန့်၏ ပြောဆိုချက်များသည် တရားစီရင်ရေးကဏ္ဍမှ အကျင့်ပျက်ခြစားသူများကို ကာကွယ်ပြောဆိုခြင်းဖြစ်ပြီး “မိုးကြိုးပစ်တာကို ထန်းလက်နဲ့ကာဖို့ မလိုဘူး” ဟု အဆိုရှင် ဦးတင်ထွေးက ဝေဖန်ခဲ့သည်။

“ပြည်သူတွေအတွင်းမှာ ဖြစ်တဲ့အဖြစ်အပျက်ကို လွှတ်တော်ကို တရားဝင်တင်ပြတာ။ အကြောင်းမဲ့ လာတင်ပြတာ မဟုတ်ဘူး။ ပြည်သူတွေ တကယ်ခံစားနေရတာကို လုပ်ပေးတာ။ နိုင်ငံတော်မှာ အမြင့်ဆုံးဖြစ်တဲ့ တရားရုံးချုပ်ကနေပြီးတော့ သူတို့လူတွေအားလုံးက မဟုတ်ပါဘူး။ တစ်ရာခိုင်နှုန်းလောက်ပဲ အရေးယူတာ ခံရတာ ရှိတယ်။ ဒါကြောင့်မို့ ကျန်တဲ့သူတွေကောင်းပါတယ်လို့ ပြောသွားခြင်းဟာ တကယ် နိုင်ငံအပေါ် ကောင်းတဲ့စိတ်ထားရှိတဲ့သူတွေ မပြောသင့်တဲ့စကားကို ပြောသွားတာ” ဟု ဦးတင်ထွေးက မှတ်ချက်ပြုသည်။

ပြည်သူ့လွှတ်တော်ဥက္ကဌဖြစ်သူ ဦးဝင်းမြင့်ကလည်း လွှတ်တော်ဆိုင်ရာ နည်းဥပဒေနှင့် ညီညွတ်သောကြောင့် ဦးတင်ထွေး၏ အဆိုကို ခွင့်ပြုခဲ့ခြင်းဖြစ်သည်ဟု လွှတ်တော်သို့ တင်ပြခဲ့သည်။

“ဥပဒေပြုရေးအာဏာကိုတော့ တရားစီရင်ရေးအာဏာက အဲ့လို ဝင်ရောက်စွက်ဖက်လို့ မဖြစ်သင့်ပါဘူး။ ဒါ ကျွန်တော် ရိုးရိုးရှင်းရှင်းပဲ ပြောပါမယ်။ နောက်တစ်ခုက ကိုယ်စားလှယ်တွေက ဆွေးနွေးပိုင်ခွင့်အရ ဆွေးနွေးတာကို တရားရုံးကို မထီမဲ့မြင်ပြုတယ်လို့လည်း စွပ်စွဲလို့ မသင့်ပါဘူး။ ဒါကို ပြည်ထောင်စုတရားလွှတ်တော်ချုပ်အနေနဲ့ အလေးအနက် သတိပြုစေလိုပါတယ်” ဟု ဦးဝင်းမြင့်က ပြောဆိုသည်။

ထို့နောက် အဆိုနှင့်ပတ်သက်ပြီး လွှတ်တော်တွင် မဲခွဲဆုံးဖြတ်ခဲ့ရာ ထောက်ခံမဲ ၂၈၆မဲ၊ ကန့်ကွက်မဲ ၄မဲ၊ ကြာနေမဲ ၆၁မဲ ရရှိသည့်အတွက် အဆိုကို လွှတ်တော်က အတည်ပြုလိုက်သည်။

အုပ်ချုပ်ရေးကဏ္ဍနှင့် ဥပဒေပြုရေးကဏ္ဍတို့တွင် ပုံမှန်လည်ပတ်နေသော်လည်း တရားစီရင်ရေးကဏ္ဍတွင် အဂတိလိုက်စားမှုများ လျော့နည်းသွားခြင်း မရှိသေးကြောင်း အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(NLD)၏ ဗဟိုအလုပ်အမှုဆောင် အတွင်းရေးမှူးအဖွဲ့ဝင် ဦးဝင်းထိန်က ပြောဆိုထားသည်။

“အုပ်ချုပ်ရေးကဏ္ဍကတော့ လူတွေက ဘယ်လိုပဲ ပြောပြော၊ ကြိုက်သည်ဖြစ်စေ၊ မကြိုက်သည်ဖြစ်စေ၊ ပုံမှန်လည်ပတ်နေတာ။ ဥပဒေပြုရေးမှာလည်း ပြည်သူ့လွှတ်တော်၊ အမျိုးသားလွှတ်တော်၊ တိုင်းဒေသကြီး လွှတ်တော်တွေမှာ ယန္တယားတွေ လည်ပတ်နေတယ်။ တရားစီရင်ရေးကဏ္ဍမှာတော့ အဂတိလိုက်စားမှု တဖြည်းဖြည်းလျော့သွားတာတော့ မတွေ့သေးဘူး” ဟု ဖေဖော်ဝါရီ ၂၀ရက်တွင် ဦးဝင်းထိန်က ပြောသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly