အခွင့်အရေးကျတော့တောင်း တာဝန်ကိုတော့ အစိုးရလို့ ယူဆတာ ဒီမိုကရေစီ မဟုတ်ဘူးလို့ ဒေါ်အောင်ဆန်းစုကြည် ပြော

အခွင့်အရေးကျတော့တောင်း တာဝန်ကိုတော့ အစိုးရလို့ ယူဆတာ ဒီမိုကရေစီ မဟုတ်ဘူးလို့ ဒေါ်အောင်ဆန်းစုကြည် ပြော
(ဓာတ်ပုံ- မင်းမင်း/မဇ္ဈိမ)

နေပြည်တော်(မတ်လ ၆ရက်၊ ၂၀၁၇ခုနှစ်)။ ။ မိမိတို့ရဲ့ အခွင့်အရေးတွေကို တောင်းနေရုံတင်မကဘဲ တာဝန်တွေကိုလည်း ကျေပွန်အောင်ထမ်းဆောင်ဖို့ နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က တိုက်တွန်းပြောဆိုလိုက်ပါတယ်။

အခွင့်အရေးတောင်းပြီးတော့ တာဝန်တွေကိုတော့ “အစိုးရက အားလုံးလုပ်” ဆိုပြီး ယူဆနေရင်တော့ ဒီမိုကရေစီစ စံချိန်၊ စံညွှန်းတွေနဲ့ မကိုက်ညီဘူးလို့ မတ်လ ၆ရက်က Kempinski Hotel မှာ ပြုလုပ်တဲ့ မြန်မာအမျိုးသမီးများ ရက်သတ္တပတ်၏ ဖိုရမ် ဖွင့်ပွဲအခမ်းအနားမှာ ဒေါ်အောင်ဆန်းစုကြည်က ပြောဆိုလိုက်တာပါ။

ဒေါ်အောင်ဆန်းစုကြည် ပြောကြားတဲ့မိန်းခွန်းအပြည့်အစုံကတော့ အောက်ပါအတိုင်း ဖြစ်ပါတယ်။

“ဒီအခမ်းအနားမှာ ကြွရောက်လာတဲ့ ဧည့်သည်တော်များအားလုံးကို ကျွန်မက ကြိုဆိုနှုတ်ခွန်း ဆက်သပါတယ်။ ကျွန်မတို့အခု အမျိုးသမီးများနဲ့ သက်ဆိုင်တဲ့ကိစ္စတွေကို ဆွေးနွေးမယ့်အပတ်မှာ အမျိုးသမီးများနဲ့ သက်ဆိုင် တဲ့ ကိစ္စတွေကို ဖော်ယူခြင်းဖြစ်ပါတယ်။

ကျွန်မတို့အခု အမျိုးသမီးများရဲ့ကဏ္ဍဆိုတာဟာ ကျွန်မတို့နိုင်ငံတင် မကပါဘူး။ တစ်ကမ္ဘာလုံးအတွက် အင်မတန်မှ အရေးကြီးပါတယ်။

ကျွန်မတို့နိုင်ငံမှာတော့ အမျိုးသမီးများဟာ အမျိုးသားများနဲ့ တန်းတူရည်တူ အခွင့်အရေးရှိတယ်ဆိုပြီး ကြွားဝါပြီး ပြောလေ့ရှိပါတယ်။ တကယ်တော့ မမှန်ပါဘူးဆိုတာလည်း အများကြီး သိကြပါတယ်။

ဘယ်လိုပဲပြောပြော ကျွန်မတို့ရဲ့ ယဉ်ကျေးမှုအရ၊ ကျွန်မတို့ ဒေသရဲ့ ယဉ်ကျေးမှုအရ ပြောရမယ်ဆိုလို့ရှိရင် ကမ္ဘာကြီးရဲ့ ယဉ်ကျေးမှုအရ အမျိုးသမီးများဟာ အမျိုးသားများထက် သမိုင်းအစဉ်အလာအရ ပိုပြီးတော့ အခွင့်အရေးတွေ ရခဲ့ပါတယ်။

သို့သော်ငြားလည်း ကျွန်မတို့ မြန်မာနိုင်ငံက အမျိုးသမီးများကတော့ တတ်နိုင်တဲ့ဘက်ကနေ အမျိုးသားများနဲ့ တန်းတူရင်ဘောင်တန်းပြီးတော့ လုပ်ခဲ့တာရှိပါတယ်။

တတ်နိုင်တဲ့ဘက်ကဆိုတာ ကျွန်မတို့ရဲ့သမိုင်းကို ပြန်ကြည့်လိုက်လို့ရှိရင် စီးပွားရေးဘက်မှာ အစကတည်းက ကျွန်မတို့အမျိုးသမီးတွေ ပါဝင်တာကို ကျွန်မတို့ တွေ့ခဲ့ရပါတယ်။

ဒါကြောင့်မို့လို့ ကျွန်မတို့ရဲ့ အမျိုးသမီးများ အပတ်(ရက်သတ္တပတ်)ကို အမျိုးသမီးလုပ်ငန်းရှင်တွေနဲ့ ဆွေးနွေးတာ ဆိုတာဟာ အင်မတန်မှ သင့်တော်ပါတယ်။

သို့သော်ငြားလည်း ကျွန်မ တစ်ခါထဲ ပြောသွားပါမယ်။ ကျွန်တို့ နှစ်ဆန်းကတည်းက သတ်မှတ်လိုက်တာဟာ ကျွန်မက လတိုင်း၊ လတိုင်း ငြိမ်းချမ်းရေးနဲ့ပတ်သက်တဲ့ စကားဝိုင်း Peace Talk ဆိုပြီး ကျင်းပသွားမယ်။

ဒီလိုပဲ ပြည်သူတွေထဲက ကဏ္ဍအသီးသီးနဲ့သက်ဆိုင်တဲ့ပုဂ္ဂိုလ်များနဲ့ ငြိမ်းချမ်းရေးနဲ့ပတ်သက်တဲ့ဆွေးနွေးစကား ပြောမယ်ဆိုပြီးတော့ ကျွန်မတို့ မူချထားတာ ဖြစ်ပါတယ်။

အခု ဒီနေ့ဟာတော့ Bussiness Talk ဆိုတဲ့ စီးပွားရေးနဲ့ဆိုင်တဲ့ စကားဝိုင်းဟာလည်း စီးပွားရေးဘက်ကနေပြီးတော့ ဘယ်လိုငြိမ်းချမ်းရေးကို ပံ့ပိုးပေးနိုင်မလဲဆိုတဲ့အနေနဲ့ပဲ ကျွန်မတို့ ဆွေးနွေးသွားစေချင်ပါတယ်။

ဘာဖြစ်လို့လည်းဆိုတော့ အားလုံးသိတဲ့အတိုင်းပဲ။ နိုင်ငံတစ်နိုင်ငံမှာ ငြိမ်းချမ်းရေးမရှိဘဲနဲ့ ဘယ်လိုလုပ် စီးပွားရေးဟာ ရေရှည်ဖွံ့ဖြိုးတိုးတက်နိုင်မှာ မဟုတ်ပါဘူး။

ကျွန်မတို့ကမ္ဘာကြီးမှာလည်း ထိုနည်းလည်းကောင်းပါပဲ။ စီးပွားရေးကို အားပေးတယ်ဆိုတာဟာ လူသားများရဲ့ အကျိုးစီးပွားကို အားပေးတာပါ။

ပုဂ္ဂိုလ်တစ်ခု၊ အဖွဲ့အစည်းတစ်ခု၊ လုပ်ငန်းတစ်ခုအတွက် အကျိုးစီးပွားကို အားပေးတာ မဟုတ်ပါဘူး။ လူသားများအားလုံးရဲ့ အကျိုးစီးပွားကို ဦးတည်ပြီးတော့ ကျွန်မတို့က အားပေးတာ ဖြစ်ပါတယ်။

ဘယ်လိုပဲပြောပြော ကျွန်မတို့ လူသားများဟာ စိတ်ပိုင်း၊ ရုပ်ပိုင်းရှိတဲ့နေရာမှာ ရုပ်ပိုင်းကို ဘယ်လိုမှ လျစ်လျူရှုထားလို့ မရပါဘူး။ စီးပွားရေးဆိုတာ ရုပ်ပိုင်းပံ့ပိုးမှုအတွက် အရေးကြီးသလို စိတ်ပိုင်းပံ့ပိုးမှုအတွက်လည်း အင်မတန်မှ ထိရောက်နိုင်ပါတယ်ဆိုတာလည်း သဘောပေါက်ဖို့ လိုပါတယ်။

အဲ့တော့ အခု ကျွန်မတို့အနေနဲ့ အမျိုးသမီးများရဲ့ အခွင့်အရေးတွေကို စဉ်းစားတဲ့အခါမှာ ကျွန်မတို့ နိုင်ငံဟာ အမျိုးသမီးများရဲ့ အခွင့်အရေးတွေနဲ့ပတ်သက်လို့ တန်းတူရည်တူရှိတယ်လို့ ပြောနိုင်ပါ့မလားဆိုတာကို ကျွန်မတို့ စဉ်းစားရမှာပါ။

ဥပဒေတွေနဲ့ပဲ ကြည့်မယ်ဆိုရင်တော့ တချို့နိုင်ငံတွေဟာ ကျွန်မတို့ထက် သာနေတယ်ဆိုတာဟာ ငြင်းလို့မရပါဘူး။

သို့သော်လည်းပဲ ဥပဒေတွေကိုပဲ ကြည့်လို့လည်း မရပါဘူး။ ဥပဒေရဲ့ အကျိုးသက်ရောက်မှုကိုလည်း ကျွန်မတို့ကြည့်ရမှာ ဖြစ်ပါတယ်။

ဒါကြောင့် ကျွန်မတို့ဟာ အမျိုးသမီးများရဲ့အခွင့်အရေးများကို စဉ်းစားမယ်ဆိုလို့ရှိရင် တရားဥပဒေစိုးမိုးရေးကိုလည်း အဓိကထားပြီးတော့ စဉ်းစားဖို့ အင်မတန်မှ အရေးကြီးပါတယ်။

တရားဥပဒေစိုးမိုးမှုမရှိဘဲနဲ့ အမျိုးသမီးတွေ တန်းတူညီတူ အခွင့်အရေးရဖို့ ဘယ်လိုဥပဒေတွေပဲ ပြဌာန်း၊ ပြဌာန်း ဒီဥပဒေတွေဟာ စက္ကူပေါ်မှာပဲရှိပြီးတော့ ကျွန်မတို့ရဲ့ လူထုအသိုင်းအဝိုင်းအပေါ်မှာ အကျိုးသက်ရောက်မှု ရှိနိုင်မှာ မဟုတ်ပါဘူး။

အခုဆိုလို့ရှိရင် ကုလသမဂ္ဂ အဖွဲ့အစည်းများနဲ့ပတ်သက်ပြီးတော့ အစိုးရမဟုတ်တဲ့အဖွဲ့အစည်တွေ အများကြီးပါဝင်ပြီးတော့ ဖွဲ့စည်းနေတယ်ဆိုတာ ကျွန်မတို့ တွေ့ခဲ့ရပါတယ်။

အရင်နှစ်တုန်းက ကျွန်မ ကမ္ဘာ့ကုလသမဂ္ဂ အစည်းအဝေးကြီးကို တက်တဲ့အခါမှာ အဲ့ဒီအစည်းအဝေးကြီး ကျင်းပတဲ့အချိန်မှာ အစိုးရမဟုတ်တဲ့အဖွဲ့အစည်းများ၊ လူမှုအသိုင်းအဝိုင်းနဲ့ဆိုင်တဲ့အဖွဲ့အစည်းများ အများအပြားရောက်နေကြတယ်ဆိုတာ ကျွန်မ သတိပြုမိပါတယ်။

ဒီအဖွဲ့အစည်းဟာလည်း ကုလသမဂ္ဂရဲ့ ဆုံးဖြတ်ချက်တွေပေါ်မှာ အတော်အတန် ဩဇာသက်ရောက်မှုရှိတယ်ဆိုတာလည်း ကျွန်မ သတိပြုမိပါတယ်။

အဲ့တော့ ကျွန်မတို့နိုင်ငံက အမျိုးသမီးများဟာ အစိုးရမဟုတ်တဲ့အဖွဲ့အစည်းတွေထဲမှာ ပါဝင်ကြလို့ရှိရင်လည်း တာဝန်ယူမှုကိုတော့ အဓိကထားစေချင်ပါတယ်။

တချို့ အစိုးရမဟုတ်တဲ့အဖွဲ့အစည်းများဟာ အစိုးရမဟုတ်လို့ အစိုးရလို တာဝန်မရှိပေမယ့်လည်း ဩဇာရှိချင်တဲ့နေရာမှကျတော့ အစိုးရထက်တောင်မှ ရှေးပြေးချင်သေးတဲ့ပုဂ္ဂိုလ်တွေရှိတယ်ဆိုတာ ကျွန်မတို့ တွေ့ရပါတယ်။

ဒီတော့ တာဝန်ယူမှုကို ထားပစ်ခဲ့ပြီးတော့ လုပ်ပိုင်ခွင့်ကိုပဲ စဉ်းစားလို့ မဖြစ်ပါဘူး။ ဒါကြောင့် ကျွန်မတို့ အမျိုးသမီးများဟာ ဒီနေရာမှာ စံနမူနာ ဖြစ်စေချင်ပါတယ်။

တကမ္ဘာလုံးသိအောင်လို့ ကျွန်မတို့အမျိုးသမီးများဟာ အခွင့်အရေးတောင်းလာတာနဲ့အမျှ တာဝန်ယူဖို့ မတွန့်တိုဘူး။ တာဝန်ယူဖို့ သတ္တိရှိတာကိုပြဖို့ အင်မတန်မှ အရေးကြီးပါတယ်။

ဒါကြောင့် အမျိုးသမီးများအခွင့်အရေး ရခြင်းအားဖြင့် နိုင်ငံတစ်နိုင်ငံရဲ့ စံနှုန်း၊ စံထားတွေဟာ မြင့်မားလာတယ်။

ဒီအမျိုးသမီးများဟာ မိမိတို့ရဲ့ အခွင့်အရေးတွေ တောင်းနေရုံတင်မက မိမိတို့ရဲ့တာဝန်တွေကို ကျေပွန်အောင်ထမ်းဆောင်ဖို့ စိတ်အားထက်သန်တယ်ဆိုတာ ကျွန်မတို့နိုင်ငံက အမျိုးသမီးတွေကို ပြစေချင်ပါတယ်။

အခွင့်အရေးတောင်းပြီးတော့ တာဝန်ဘက်ကျတော့ အစိုးရအားလုံးလုပ်ဆိုတာဟာ ဒါဟာ ဒီမိုကရေစီ စံနှုန်း၊ စံထားတွေနဲ့ မကိုက်ညီဘူးလို့ ကျွန်မဒီလိုပဲ သုံးသပ်ပါတယ်။

ကိုယ့်မှာ အခွင့်အရေးရှိသမျှ တာဝန်ယူရတာကိုလည်း ဂုဏ်ယူရမယ်။ တာဝန်ဆိုတာ မလုပ်မဖြစ်လုပ်ရမယ့် ဝန်ထုပ်ဝန်ပိုးကြီးလို့ မစဉ်းစားဘဲနဲ့ တာဝန်ယူပိုင်ခွင့် ရတာကိုက အခွင့်အရေးကြီးပဲ။

နိုင်ငံသားတစ်ယောက်ရဲ့ ရသင့်တဲ့အခွင့်အရေးတစ်ခု ဖြစ်တယ်။ ဒါကြောင့်မို့လို့ တာဝန်ကိုယူမယ်။ တာဝန်ကို ကျေပွန်အောင် ထမ်းဆောင်မယ်ဆိုတဲ့စိတ်ဓာတ်နဲ့ ကျွန်မတို့ အမျိုးသမီးများဟာ ကျွန်မတို့ နိုင်ငံ တိုးတက်ရေးအတွက် ကမ္ဘာကြီး တိုးတက်ရေးအတွက်ကို ဦးတည်ပြီးတော့ လုပ်သွားစေချင်ပါတယ်။

ကွက်ပြီးတော့ ကိစ္စတစ်ခုကို မြင်ခြင်းအားဖြင့် ရသင့်၊ ရထိုက်တဲ့တိုးတက်မှုတွေ မရနိုင်ပါဘူး။

ဒါကြောင့်မို့လို့ ဒီနေ့ဆိုရင် စီးပွားရေးလုပ်နေတဲ့ အမျိုးသမီးများ အသိုင်းအဝိုင်း ရောက်နေတာ ဖြစ်ပါတယ်။

သို့သော်လည်းပဲ စီးပွားရေးအသိုင်းအဝိုင်းအတွက်ပဲ စဉ်းစားလို့ မရပါဘူး။ ကျွန်မတို့ ဆွေးနွေးပွဲမှာလည်း ပြောသွားတာတွေ ရှိမှာပါ။

တချို့စီးပွားရေးလုပ်ငန်းရှင်တွေက ဘယ်လိုပရဟိတလုပ်ငန်းတွေကနေ စပြီးလုပ်ခဲ့တယ်။ စီးပွားရေးကနေ ဘယ်လို လူမှုရေးကို အထောက်အကူပြုခဲ့တယ်။ ဒါတွေလည်း ပါသွားမယ်လို့ ကျွန်မ ထင်ပါတယ်။

ဒါကြောင့် စီးပွားရေးလုပ်ငန်းရှင်များဟာ စီးပွားရေးကိုပဲ ကွက်ပြီးတော့ ကြည့်လို့မရသလို ကျွန်မတို့ရဲ့ နိုင်ငံအတွက်ပဲ ကြည့်လို့လည်း မရပါဘူး။ နောက်ဆုံးကျတော့ တစ်ကမ္ဘာလုံးအတွက် ကြည့်ရမှာပါ။

အထူးသဖြင့် အခုခေတ်၊ အခုအခါမှာ ဘယ်လိုမှရှောင်ရှားလို့ မရပါဘူး။ ကျွန်မတို့နိုင်ငံနဲ့ တခြားပြင်ပနိုင်ငံတွေဟာ ဆက်နွယ်မှုတွေ အမျိုးမျိုး ရှိနေပါတယ်။

ဒီဆက်နွယ်မှုတွေကို ကျွန်မတို့ကနေပြီးတော့ အသိအမှတ်ပြုပြီးတော့ ဘယ်လိုအကောင်းဆုံးဖြစ်အောင်လုပ်ရမလဲ အတ္တဟိတ၊ ပရဟိတ ကိုယ့်အတွက်၊ သူ့အတွက်၊ ကျွန်မတို့နိုင်ငံအတွက်၊ တခြားနိုင်ငံများအတွက် အဲ့ဒီလို ကျွန်မတို့ကြည့်မှ တကယ့်စစ်မှန်တဲ့တိုးတက်မှု ရမှာပါ။

တခြားနိုင်ငံတွေ မစဉ်းစားနိုင်သေးတဲ့ကိစ္စတွ ကျွန်မတို့ စဉ်းစားနိုင်မှ တီထွင်မှုဆိုလို့ရှိရင် အများက စီးပွားရေးနဲ့ ရုပ်ပိုင်းဆိုင်ရာကိစ္စတွေ စဉ်းစားကြပါတယ်။ ဥပမာအားဖြင့်ဆိုရင် စီးပွားရေးနဲ့ပတ်သက်တဲ့ တီထွင်မှုတွေ မဟုတ်တဲ့ ကျန်းမာရေးနဲ့ပတ်သက်တဲ့ တီထွင်မှုတွေရှိနိုင်တယ်၊ ပညာရေးနဲ့ပတ်သက်တဲ့ တီထွင်မှုတွေ ရှိနိုင်တယ်။

အဲ့တော့ ဒီလို တီထွင်မှုဆိုတာဟာ လက်တွေ့ကျကျ လုပ်ငန်းအတွက်ဆိုပြီးတော့ အများက စဉ်းစားကြပါတယ်။

ဒါပေမယ့် အရေးအကြီးဆုံးတီထွင်မှုဆိုတာကတော့ စိတ်ပိုင်းဆိုင်ရာ တီထွင်မှုပါပဲ။

ကျွန်မတို့အနေနဲ့ ဒီမိုကရေစီတော်လှန်ရေး၊ ဒီမိုကရေစီလှုပ်ရှားရေးဆိုပြီးတော့ စပြီးတော့ လုပ်လာကတည်းက ကျွန်မ ပြောခဲ့ပါတယ်။ ကျွန်မတို့ရဲ့ အဓိကတော်လှန်ရေးက စိတ်ဓာတ်တော်လှန်ရေးပဲဖြစ်တယ်။ နိုင်ငံရေးတော်လှန်ရေးလည်း မဟုတ်ဘူး။ လူမှုရေးတော်လှန်ရေးလည်း မဟုတ်ဘူး။ စိတ်ဓာတ်တော်လှန်ရေးပဲ ဖြစ်တယ်။

စိတ်ဓာတ်ကို ပြောင်းနိုင်မှ လူမှုရေး၊ နိုင်ငံရေးကို ပြောင်းနိုင်မှာပါ။ ကျွန်မတို့စိတ်ဓာတ်တွေကို မပြောင်းနိုင်ဘူး ဆိုလို့ရှိရင် လူမှုရေး၊ နိုင်ငံရေးကိုလည်း ကျွန်မတို့ ပြောင်းနိုင်မှာ မဟုတ်ပါဘူး။

ဒါကြောင့်မို့လို့ ကျွန်မတို့ရဲ့ အမျိုးသမီးများဟာ ကျွန်မတို့နိုင်ငံတိုးတက်တယ်ဆိုတာ ပြချင်လို့ရှိရင် အမျိုးသမီးများအခွင့်အရေးပိုပြီးရလာတဲ့ ကိစ္စကိုသာ အားသန်တာ မဟုတ်ဘဲနဲ့ ကျွန်မတို့နိုင်ငံက ဘယ်လိုစိတ်ဓာတ်တော်လှန်ရေးကြီးကို အောင်မြင်အောင် အမျိုးသမီးများ ပံ့ပိုးနိုင်သလဲဆိုတဲ့ အမြင်ကနေ၊ ရှုထောင့်ကနေ ကြည့်ပြီးတော့ လုပ်ပေးစေချင်ပါတယ်။

ကျွန်မတို့ရဲ့ စိတ်ဓာတ်တော်လှန်ရေးမှာ အမျိုးသမီးများက ရှေ့တန်းက ပါဝင်ခဲ့တဲ့အစဉ်အလာကို ချနိုင်မယ်ဆိုလို့ရှိရင် တခြားနိုင်ငံမှာ အမျိုးသမီးများအခွင့်အရေးအတွက် လုပ်ဆောင်နေတဲ့ပုဂ္ဂိုလ်များကလည်း အမျိုးသမီးများအခွင့်အရေးဆိုတာ တကယ်တော့ လူသားများတိုးတက်ရေးအတွက်ဖြစ်တယ်ဆိုတာ သဘောပေါက်လာမယ်လို့ ကျွန်မတို့ ထင်ပါတယ်။

လူသားများတိုးတက်ရေးအတွက် အဓိကျတဲ့ကိစ္စကတော့ ငြိမ်းချမ်းရေးပဲ ဖြစ်ပါတယ်။

ငြိမ်းချမ်းရေးဆိုတာ ပြည်တွင်းငြိမ်းချမ်းရေးတင်မကဘူး။ တကမ္ဘာလုံးငြိမ်းချမ်းရေး ဖြစ်ပါတယ်။

ငြိမ်းချမ်းရေးဆိုတာလည်း စိတ်ထဲကစတဲ့ကိစ္စပါ။ ငြိမ်းချမ်းချင်တဲ့စိတ်ဓာတ်ရှိမှ ငြိမ်းချမ်းရေးကို ရနိုင်မှာပါ။

ငြိမ်းချမ်းရေးကို တကယ်မလိုလားဘူးဆိုရင် ပါးစပ်က ဘယ်လိုပဲ ပြောပြော၊ ငြိမ်းချမ်းရးရအောင်လို့ အထောက်အကူပြုနိုင်မှာ မဟုတ်ပါဘူး။

ဒါကြောင့် ကျွန်မတို့ အမျိုးသမီးများဟာ ငြိမ်းချမ်းရေးရဖို့အတွက် ဘယ်လိုစိတ်ဓာတ်တွေ လိုအပ်သလဲဆိုတာကို သေသေချာချာ စဉ်းစားဆင်ခြင်ပြီးတော့ မိမိတို့လုပ်နေရတဲ့တာဝန်တွေနဲ့ ဒွန်တွဲပြီးတော့ ဒီလိုစိတ်ဓာတ်တွေ ရှင်သန်၊ တိုးတက်လာဖို့ ကူညီပေးစေချင်ပါတယ်။

စီးပွားရေးလုပ်ငန်းရှင်များကလည်း စီးပွားရေးကဏ္ဍကနေပြီးတော့ ဘယ်လို ငြိမ်းချမ်းရေးကို ဆောက်တည်ပေးနိုင်မယ့်၊ ငြိမ်းချမ်းရေးကို အားပေးနိုင်မယ့် စိတ်ဓာတ်တွေ တစ်ကမ္ဘာလုံးမှာ မြင့်မားလာအောင်လို့ ငါတို့ စီးပွားရေးရှုထောင့်ကနေ ဘယ်လိုလုပ်ရမလဲ။ စီးပွားရေးလုပ်ငန်းရှင်တွေအနေနဲ့ ဘယ်လိုလုပ်နိုင်မလဲဆိုတာ စဉ်းစားဆင်ခြင်ကြပါလို့ တိုက်တွန်းချင်ပါတယ်။

နိဂုံးချုပ်အားဖြင့်တော့ ကျွန်မတို့အခု အမျိုးသမီးများရဲ့ အခမ်းအနားမှာ အမျိုးသားတချို့ပါလာတဲ့အတွက် အင်မတန်မှ ဝမ်းသာပါတယ်။ မိခင်နှင့်ကလေးစောင့်ရှောက်ရေးအဖွဲ့ ပြန်လည်ပြီးတော့  ဖွဲ့စည်းတဲ့အခါကျတော့ ပထမက တင်ပြတဲ့အထဲမှာ အမျိုးသားတစ်ယောက်မှ မပါပါဘူး။ အဲ့တော့ ကျွန်မက ပြောတယ်။

အမျိုးသမီးတွေ၊ ကလေးတွေ စောင့်ရှောက်ရေးဆိုတာ အမျိုးသားတွေနဲ့ရော မဆိုင်ဘူးလားဆိုတော့ အခုတော့ အမျိုးသားတွေ ပါလာပါတယ်။

ကျွန်မတို့ဟာ အမျိုးသမီးတွေအတွက် အမျိုးသားတွေက တာဝန်ယူရသလို အမျိုးသားတွေအတွက်လည်း အမျိုးသမီးတွေက တာဝန်ယူရမှာ ဖြစ်ပါတယ်။

အဲ့ဒါကြောင့် ကိုယ့်ရဲ့ခင်ပွန်းတွေ၊ သားတွေ အစ်ကိုတွေ၊ မောင်တွေကိုလည်း စောင့်ရှေက်သလို၊ သွန်သင်ဆုံးမစရာရှိလို့ရှိရင်လည်း သွန်သင်ဆုံးမကြပါလို့ ပြောရင် နိဂုံးချုပ်ပါတယ်”

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly