ဦးဖြိုးမင်းသိန်း နှလုံးခွဲစိတ်ကုသမှု အောင်မြင်

ဦးဖြိုးမင်းသိန်း နှလုံးခွဲစိတ်ကုသမှု အောင်မြင်
ရန်ကုန်တိုင်းဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်း(ဓာတ်ပုံ- မင်းမင်း/မဇ္ဈိမ)
 

နေပြည်တော်(မတ်လ ၅ရက်၊ ၂၀၁၇ခုနှစ်)။ ။ ရန်ကုန်တိုင်းဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းသည် မွေးရာပါ နှလုံးအဆို့ရှင်မလုံခြင်းနှင့်သက်ဆိုင်သော သွေးကြောမကြီး ကြီးနေခြင်းအတွက် ရန်ကင်းကလေးဆေးရုံကြီးတွင် မတ်လ ၅ရက် နံနက် ရနာရီတွင် နှလုံးခွဲစိတ်ကုသခဲ့ရာ မွန်းလွဲ ၁နာရီခွဲတွင် အောင်မြင်စွာ ခွဲစိတ်ပြီးစီးခဲ့သည်ဟု ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနက သတင်းထုတ်ပြန်လိုက်သည်။

ရန်ကင်းကလေးဆေးရုံကြီး နှလုံးနှင့်သွေးကြောခွဲစိတ်ကုသဌာန၏ အစီအစဉ်ဖြင့် နှလုံးခွဲစိတ်ကုသခဲ့ခြင်းဖြစ်ပြီး “ဝန်ကြီးချုပ်၏ ကျန်းမာရေး အခြေအနေမှာ တည်ငြိမ်ကောင်းမွန်လျက်ရှိပြီး အထူးကြပ်မတ်ကုသဆောင်တွင် ကုသမှု ခံယူလျက် ရှိပါသည်” ဟု ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနက သတင်းထုတ်ပြန်ထားသည်။

ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းအား UK နိုင်ငံမှ ပါမောက္ခအောင်ရဲဦး ဦးဆောင်၍ ပါမောက္ခဝင်းကျော်နှင့် ပါမောက္ခအောင်သူတို့က ပူးပေါင်းပြီး ခွဲစိတ်ကုသခဲ့ခြင်း ဖြစ်သည်။

ပါမောက္ခအောင်ရဲဦးသည် ဆေးတက္ကသိုလ်(၁) ရန်ကုန်မှ ဆေးပညာဘွဲ့ကို ၁၉၈၈ခုနှစ်တွင် အောင်မြင်ခဲ့ပြီး လက်ရှိတွင် UK နိုင်ငံ Liverpool မြို့ရှိ Liverpool Heart and Chest Hospital တွင် ၂၀၁၄ ခုနှစ်မှ စတင်၍ Chief of Surgery နှင့် Professor အဖြစ် တာဝန်ထမ်းဆောင်နေသူ ဖြစ်သည်။ သူသည် ယူကေနိုင်ငံ နှလုံးသွေးကြောမကြီးကျွမ်းကျင်ပညာရှင်များအဖွဲ့၏ လက်ရှိ ဥက္ကဌအဖြစ် တာဝန်ယူထားသူလည်း ဖြစ်သည်။

ထို့ပြင် ပါမောက္ခအောင်ရဲဦးသည် UK နိုင်ငံတွင် တာဝန်ထမ်းဆောင်စဉ် မြန်မာနိုင်ငံသို့ နှစ်စဉ်လာရောက်ပြီး ရန်ကင်းကလေးဆေးရုံကြီးတွင် ၂၀၁၃ခုနှစ်မှ စတင်၍ နှလုံးနှင့်သွေးကြော ဝေဒနာရှင် (၉၀)ဦးခန့်ကို ဦးဆောင်ကူညီ ခွဲစိတ်ကုသပေးခဲ့သူ ဖြစ်သည်ဟု ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၏ ထုတ်ပြန်ချက်တွင် ပါရှိသည်။

ကျန်းမာရေးအရ ခွင့်ယူထားသော ရန်ကုန်တိုင်းဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်း၏ တာဝန်များကို လုံခြံုရေးနှင့်နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး တင်အောင်ထွန်းက ခေတ္တတာဝန်ယူထားမည် ဖြစ်သည်။

 

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly