ငြိမ်းချမ်းရေးအတွက် ပူးပေါင်းပါဝင်ကြဖို့ UNFC ကို ဒေါ်အောင်ဆန်းစုကြည် ဖိတ်ခေါ်

ငြိမ်းချမ်းရေးအတွက် ပူးပေါင်းပါဝင်ကြဖို့ UNFC ကို ဒေါ်အောင်ဆန်းစုကြည် ဖိတ်ခေါ်
(ဓာတ်ပုံ- နိုင်ငံတော်အတိုင်ပင်ခံရုံး)

နေပြည်တော်(မတ်လ ၂ရက်၊ ၂၀၁၇ခုနှစ်)။ ။ တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးသဘောတူစာချုပ်(NCA) လက်မှတ်ရေးထိုးထားခြင်းမရှိသေးသော UNFC ၏ နိုင်ငံရေးဆိုင်ရာညှိနှိုင်းဆွေးနွေးရေးကိုယ်စားလှယ်အဖွဲ့(DPN)အား ငြိမ်းချမ်းရေးအတွက် ပူးပေါင်းပါဝင်ကြရန် နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က အဓိကထားပြောကြားလိုက်သည်ဟု DPN ခေါင်းဆောင် ခူဦးရယ်က ပြောကြားသည်။

ညီညွတ်သောတိုင်းရင်းသားလူမျိုးများဖက်ဒရယ်ကောင်စီ(UNFC)က ဖွဲ့စည်းထားသာ DPN နှင့် နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်တို့ နေပြည်တော်တွင် မတ်လ ၁ရက်၊ ညနေပိုင်းက ၁နာရီခွဲကြာ တွေ့ဆုံဆွေးနွေးခဲ့ခြင်း ဖြစ်သည်။

တွေ့ဆုံမှုနှင့်ပတ်သက်ပြီး ခူဦးရယ်က “နိုင်ငံတော်အတိုင်ပင်ခံပြောတာကတော့ ငြိမ်းချမ်းရေးတည်ဆောက်ရေးမှာ အားလုံးသန္ဒိဌာန်ရှိဖို့လိုတယ်ဆိုတာကို ပြောပါတယ်။ ကျွန်တော်တို့က လူ့ဘဝအဖြစ် အမြဲတမ်းရှင်သန်နေရမယ့်သူတွေ မဟုတ်ဘူးပေါ့နော်။ တစ်နေ့မဟုတ်တစ်နေ့ အကြောင်းကြောင်းကြောင့် ဆုံးပါးသွားရမယ့်သူတွေဖြစ်တဲ့အခါကျတော့ ကျွန်တော်တို့လုပ်နိုင်၊ ကိုင်နိုင်တဲ့အချိန်မှာ ကျွန်တော်တို့လက်ထဲမှာ မပြီးမြောက်ရင်တောင်မှ ရလာဒ်ကောင်းတစ်ခုကို တည်ပေးသွားနိုင်ရင်လည်း အောင်မြင်မှုပဲပေါ့လေ။ ချုပ်ပြီးပြောရမယ်ဆိုရင်တော့ နိုင်ငံတော်အတိုင်ပင်ခံအနေနဲ့ အစိုးရအဖြစ် ရှိနေတဲ့ကာလအတွင်းမှာတော့ ကျွန်တော်တို့ကို ပူးပေါင်းပါဝင်ဆောင်ရွက်ဖို့ ဆန္ဒရှိတယ်ဆိုတာကို သူက အဓိကထား ပြောပါတယ်” ဟု တွေ့ဆုံမှုအပြီးတွင် မီဒီယာများကို ပြောသည်။

ဒေါ်အောင်ဆန်းစုကြည်နှင့် တွေ့ဆုံစဉ် UNFC ဘက်က အဆိုပြုထားသည့် ၉ချက်ကို အသေးစိတ် ဆွေးနွေးနိုင်ခဲ့ခြင်း မရှိသော်လည်း ငြိမ်းချမ်းရေးအတွက် နောက်တစ်ဆင့်တက်လှမ်းရန် တိုးတက်မှုများစွာရှိသည်ဟု ခူဦးရယ်က ဆိုသည်။

“ပြောရရင် တွေ့ဆုံမှုကတော့ အရမ်း ကျွန်တော်တို့အတွက် တိုးတက်မှု ရှိပါတယ်။ အောင်မြင်မှုလည်း ရှိပါတယ်။ နောက်တစ်ဆင့်လှမ်းဖို့အတွက် အများကြီးလှမ်းစပိုပြီး ပွင့်လာတယ်လို့ ကျွန်တာ်တို့ မြင်ပါတယ်” ဟု ခူဦးရယ်က ဆိုသည်။

DPN အနေဖြင့် လာမည့် မတ်လ ၃ရက်တွင် ဒေါက်တာတင်မျိုးဝင်းဦးဆောင်သည့် ငြိမ်းချမ်းရေးကော်မရှင်နှင့် ရန်ကုန်မြို့ရှိ NRPC တွင် တွေ့ဆုံဆွေးနွေးရန်လည်း ရှိနေသည်။

NCA လက်မှတ် ရေးထိုးရေးကိစ္စနှင့်ပတ်သက်၍လည်း ခူဦးရယ်က “ဘယ်အချိန်မှာ NCA အဆုံးသတ် လက်မှတ်ရေးထိုးနိုင်မယ်ဆိုတာကတော့ တချို့သော ညှိနှိုင်းဆောင်ရွက်လို့ ချက်ချင်း သဘောတူနိုင်တဲ့ အခြေခံတစ်ချို့ရှိမယ်။ နောက်ပြီးတော့ ခုနပြောသလို ဆက်လက်ပြီးတော့ ညှိနှိုင်းသွားရဦးမယ့် အခြေခံတွေ ရှိမယ်။ တချို့က ညှိနှိုင်းရင်းနဲ့ အကောင်အထည်ဖော်ရမယ့် အကြောင်းအရာတွေလည်း ပါပါတယ်။ အဲ့ဒီအပေါ်မှာ မူတည်ပြီးတော့ ကျွန်တော်တို့ ထိုးနိုင်ဖို့အခြေအနေကို ဖြည်းဖြည်းလေး နီးစပ်သွားဖို့ များပါတယ်” ဟု ဆိုသည်။

တွေ့ဆုံပွဲတွင် DPN အဖွဲ့ခေါင်းဆောင် KNPP အတွင်းရေးမှူး ခူဦးရယ်၊ ဒုတိယအဖွဲ့ခေါင်းဆောင်(၁) SSPP ဗဟိုကော်မတီဝင် ဦးစိုင်းထူး၊ အဖွဲ့ဝင်များဖြစ်သည့် NMSP ဗဟိုအလုပ်မှုဆောင်ကော်မတီဝင် ဒေါက်တာနိုင်ရွှေ သိန်း၊ NMSP ဗဟိုကော်မတီဝင် နိုင်အောင်မငေး၊ ANCမှ ဦးမင်းထွန်း၊ WNO မှ တာ့ညီလူ၊ နည်းပညာအထောက်အကူပြုရုံးအဖွဲ့မှ နိုင်ဗညားမွန်၊ ခူတော်ရယ်၊ ကိုဆန်အောင်၊ နော်ချောစု၊ ခွန်နောင်မင်းဗညား၊ ကြာရှဲဘိုနှင့် စိုင်းအောင်သိုင်းတို့ တက်ရောက်ကြသည်။

အစိုးရဘက်ကလည်း ဒေါ်အောင်ဆန်းစုကြည် အပါအဝင် ပြည်ထောင်စုဝန်ကြီး ဦးကျော်တင့်ဆွေ၊ ငြိမ်းချမ်းရေးကော်မရှင်ဥက္ကဋ္ဌ ဒေါက်တာတင်မျိုးဝင်း၊ ပြည်ထောင်စုရှေ့နေချုပ် ဦးထွန်းထွန်းဦး၊ ဒုတိယဝန်ကြီးဦးမင်းသူတို့ တက်ရောက်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly

Tags