နေပြည်တော်ကောင်စီက ကျပ်သန်းပေါင်း ၂၇၀၀၀ကျော်သုံးစွဲရန် လွှတ်တော်တွင် တောင်းခံ

နေပြည်တော်ကောင်စီက ကျပ်သန်းပေါင်း ၂၇၀၀၀ကျော်သုံးစွဲရန် လွှတ်တော်တွင် တောင်းခံ
(ဓာတ်ပုံ- မင်းမင်း/မဇ္ဈိမ)

နေပြည်တော်(ဖေဖော်ဝါရီ ၁ရက်၊ ၂၀၁၇ခုနှစ်)။ ။ပြည်ထောင်စုအစိုးရရုံးစိုက်ရာ နေပြည်တော်ကောင်စီက လာမည့် ဘဏ္ဍာနှစ်အတွက် အသုံးစရိတ်အဖြစ် ကျပ်သန်းပေါင်း ၂၇၀၀၀ကျော်(၂,၇၃၁၆ဒဿမ ၁၅၄သန်း)သုံးစွဲရန် ပြည်ထောင်စုလွှတ်တော်သို့ တင်ပြတောင်းခံထားသည်။

“နေပြည်တော်ကောင်စီရဲ့ အသုံးစရိတ်လျာထားချက် စုစုပေါင်း ၂၇၃၁၆ဒဿမ ၁၅၄သန်းအား အတည်ပြုပေးပါရန် လေးစားစွာ တင်ပြအပ်ပါတယ်” ဟု နေပြည်တော်ကောင်စီဝင် ဦးတင်ထွဋ်က ဖေဖော်ဝါရီ ၁ရက်တွင်ပြုလုပ်သည့် ပြည်ထောင်စုလွှတ်တော်အစည်းအဝေးတွင် ပြောသည်။

လာမည့် ဘဏ္ဍာနှစ်အတွက် ရသုံးမှန်းခြေငွေစာရင်းနှင့်ပတ်သက်ပြီး လျာထားတောင်းခံမှုများအပေါ် ရှင်းလင်းတင်ပြစဉ် နေပြည်တော်ကောင်စီက လျာထားသည့် အသုံးစရိတ်ကို ဦးတင်ထွဋ်က လွှတ်တော်သို့ ရှင်းလင်း တင်ပြခဲ့ခြင်း ဖြစ်သည်။

ဦးတင်ထွဋ်၏ လွှတ်တော်သို့ ရှင်းလင်းတင်ပြချက်အရ နေပြည်တော်ကောင်စီက သာမန်အသုံးစရိတ်အဖြစ် ကျပ်သန်းပေါင်း ၁၅၁၄သန်း၊ ငွေလုံးငွေရင်းအသုံးစရိတ်အဖြစ် ကျပ်သန်းပေါင်း ၂၅၈၀၂ဒဿမ ၁၅သန်း သုံးစွဲရန် လျာထားသည်။

သာမန်အသုံးစရိတ်အဖြစ် စရိတ်ချီးမြှင့်ငွေကျပ် ၁၉၆ဒဿမ ၃၄၄သန်း ခရီးစရိတ် ၆သန်း၊ ပစ္စည်းဝယ်ယူခြင်းဆောင်ရွက်ပေးမှုများအတွက် ကုန်ကျစရိတ်နဲ့ လုပ်အားခ ကျပ်သန်းပေါင်း ၂၁၅ဒဿမ ၈သန်း၊ ပြင်ဆင်ထိန်းသိမ်းစရိတ် ကျပ် ၁၆၈ဒဿမ ၂၉၂သန်း၊ ပညာရေးနဲ့ လူမှုရေးအသုံးစရိတ်ကျပ် သန်း ၁၁၀၊ ဧည့်ခံကျွေးမွေးစရိတ် ၁၇ဒဿမ ၅၅သန်းနှင့် ထောက်ပံ့ငွေ ကျပ်သန်း ၈၀၀ သုံးစွဲမည်ဖြစ်သည်။

ငွေလုံးငွေရင်း အသုံးစရိတ်အဖြစ် လမ်းလုပ်ငန်းအတွက် ကျပ်သန်းပေါင်း ၄၃၄၉ဒဿမ ၉၇၂သန်း၊ တံတားလုပ်ငန်းအတွက် ကျပ်သန်းပေါင်း ၁၄၉၉ဒဿမ ၇၁၄သန်း၊ ရေရရှိရေးလုပ်ငန်းအတွက် ကျပ်သန်းပေါင်း ၄၉၆ဒဿမ ၉၀၄သန်း၊ လျှပ်စစ်မီးရရှိရေးလုပ်ငန်းအတွက် ကျပ်သန်းပေါင်း ၂၄၂၉ဒဿမ ၂၀၉သန်း၊ အဆောက်အဦ ဆောက်လုပ်ခြင်းလုပ်ငန်းများအတွက် ကျပ်သန်းပေါင်း ၁၇၀၂၆ဒဿမ ၃၅သန်း သုံးစွဲမည် ဖြစ်သည်။

နေပြည်တော်ကောင်စီက တင်ပြတောင်းခံသည့် အသုံးစရိတ်စုစုပေါင်းသည် ပြည်ထောင်စုအဆင့်ဌာနအဖွဲ့အစည်းအသီးသီးက တင်ပြတောင်းခံသည့် အသုံးစရိတ်အားလုံး၏ ဝဒဿမ ၁၃ရာခိုင်နှုန်းသာရှိသည်ကို တွေ့ရသည်။

ပြည်ထောင်စုအဆင့်ဌာနအဖွဲ့အစည်းအသီးသီးက လာမည့် ဘဏ္ဍာနှစ်အတွက် ကျပ်ငွေ ၂၀,၈၉၆ ဘီလီယံ သုံးစွဲရန် ပြည်ထောင်စုလွှတ်တော်သို့ တင်ပြထားခြင်း ဖြစ်သည်။

နေပြည်တော်ကောင်စီဝင်တစ်ဦးဖြစ်သူ ဦးတင်ထွန်းက ဘဏ္ဍာငွေများကို မလိုအပ်ဘဲ သုံးစွဲမည်မဟုတ်ဟု မဇ္ဈိမကို ပြောဆိုထားဖူးသည်။

အစိုးရရုံးစိုက်ရာ နေပြည်တော်ကောင်စီနယ်မြေသည် မြေဧကပေါင်း ၁,၇၄၃,၈၄၄ဧက ကျယ်ဝန်းပြီး လူဦးရေ တစ်သန်းကျော် နေထိုင်လျက် ရှိသည်။ နေပြည်တော်ကောင်စီနယ်မြေတွင် မြို့နယ်ပေါင်း(၈)မြို့နယ်ပါဝင်ပြီး ၎င်းတို့မှာ ပျဉ်းမနား၊ လယ်ဝေး၊ တပ်ကုန်း၊ ဇဗ္ဗူသီရိ၊ ပုဗ္ဗသီရီ၊ ဒက္ခိဏသီရိ၊ ဥတ္တရသီရိနှင့် ဇေယျာသီရိမြို့နယ်တို့ ဖြစ်သည်။

 

 

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly