မောင်တောဖြစ်စဉ်တွင် လူ့အခွင့်အရေးချိုးဖောက်သည့် ရဲတပ်ဖွဲ့ဝင်အချို့ကို ထိရောက်စွာ အရေးယူမည်ဟုဆို

မောင်တောဖြစ်စဉ်တွင် လူ့အခွင့်အရေးချိုးဖောက်သည့် ရဲတပ်ဖွဲ့ဝင်အချို့ကို ထိရောက်စွာ အရေးယူမည်ဟုဆို
ဓာတ်ပုံ- Ro Nay San Lwin ဖေ့စ်ဘွတ်မှ

နေပြည်တေ်ာ်(ဇန်နဝါရီလ ၁ရက်၊ ၂၀၁၆ခုနှစ်)။ ။ ရခိုင်ပြည်နယ်၊ မောင်တောဒေသတွင် ဖြစ်ပေါ်ခဲ့သည့် ဖြစ်စဉ်များနှင့် ပတ်သက်ပြီး နယ်မြေရှင်းလင်းစဉ် လူ့အခွင့်အရေးချိုးဖောက်သည့် ရဲတပ်ဖွဲ့ဝင်အချို့ကို ထိထိရောက်ရောက် အရေးယူသွားမည်ဖြစ်ကြောင်း နိုင်ငံတော်အတိုင်ပင်ခံရုံးသတင်းထုတ်ပြန်ရေးကော်မတီ၊ အတွင်းရေးမှူးဖြစ်သူ ဦးဇော်ဌေးက ပြောဆိုလိုက်သည်။

မောင်တောဒေသရှိ ကိုးတန်ကောက်ကျေးရွာအတွင်းသို့ ၂၀၁၅ခုနှစ်၊ နိုဝင်ဘာလ ၅ရက်က အမှတ်(၂)နယ်ခြားစောင့်ရဲတပ်ဖွဲ့ခွဲနှင့် အမှတ်(၃၆) လုံခြံုရေးရဲတပ်ဖွဲ့ခွဲတို့ ဝင်ရောက်ရှင်းလင်းစဉ် ရဲတပ်ဖွဲ့ဝင်အချို့က ရိုက်နှက်ကန်ကျောက်သည့် ဗီဒီယိုဖိုင်မှာ လူမှုကွန်ယက်တွင် ပြန့်နှံ့နေမှုများအပေါ် ဦးဇော်ဌေးက ဇန်နဝါရီလ ၁ရက်တွင် ဖြေကြားခဲ့ခြင်း ဖြစ်သည်။

“အဲ့လိုမျိုး လူ့အခွင့်အရေးချိုးဖောက်မှုတွေ ရှိတယ်ဆိုရင် ကျွန်တာ်တို့ မူလကလည်း ပြောထားပြီးသား။ အရေးယူမယ်၊ ခွင့်မလွတ်ဘူး” ဟု ဦးဇော်ဌေးက ပြောသည်။

အဆိုပါ ဗီဒီယိုဖိုင်မှာ ရွာအတွင်း ရှင်းလင်းစဉ် အမှတ်(၃၆) လုံခြံုရေးရဲတပ်ဖွဲ့ခွဲမှ ရဲတပ်သား ဇော်မျိုးထိုက်က ၎င်း၏ လက်ကိုင်ဖုန်းဖြင့် ရိိုက်ကူးခဲ့ခြင်းဖြစ်ကြောင်း နိုင်ငံတော်အတိုင်ပင်ခံသတင်းထုတ်ပြန်ရေးကော်မတီက ဇန်နဝါရီ ၁ရက်၊ ညဦးပိုင်းတွင် သတင်းထုတ်ပြန်ထားသည်။

အဆိုပါ ဖြစ်စဉ်တွင် ဦးစီးခေါင်းဆောင် တာဝန်ရှိသူမှာ အမှတ်(၂)နယ်ခြားစောင့်ရဲတပ်ဖွဲ့ခွဲမှ ရဲမှူး ရဲထွန်းနိုင်၊ အမှတ်(၃၆) လုံခြံုရေးရဲတပ်ဖွဲ့ခွဲမှ ဒုတိယရဲအုပ် တေဇာလင်း၊ ဗီဒီယိုရိုက်ကူးသူ ရဲတပ်သား ဇော်မျိုးထိုက်နှင့် ရွာသားများအား ရိုက်နှက်ကန်ကျောက်သူ ရဲတပ်သား ပြည့်ဖြိုးသွင်တို့ဖြစ်ကြောင်း ကနဦး စိစစ်ဖော်ထုတ်ရရှိသည်ဟုလည်း ထုတ်ပြန်ချက်တွင် ပါရှိသည်။

ရိုက်နှက်ကန်ကျောက်သည့် ကျန်ရဲတပ်ဖွဲ့ဝင်များအား ဆက်လက် ဖော်ထုတ်လျက်ရှိသလို ကနဦး စိစစ်ဖော်ထုတ်ရရှိသူများကို ထိန်းသိမ်းထားရှိပြီး ရဲစည်းကမ်းထိန်းသိမ်းရေးဥပဒေအရ ထိရောက်စွာ အရေးယူနိုင်ရေး ဆောင်ရွက်လျက်ရှိနေသည်ဟုလည်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

“ကျွန်တော်တို့ကတော့ ဒါကို လုပ်တဲ့အခါမှာ သတိထားပြီးလုပ်ဖို့ အတန်တန်မှာတယ်။ လူ့အခွင့်အရေးချိုးဖောက်မှုတွေ မရှိအောင် လုပ်ရမယ်။ နောက် တရားဥပဒေနဲ့အညီ လုပ်ရမယ်ဆိုတာ တပ်မတော်ပိုင်းကိုရော၊ ရဲတပ်ဖွဲ့ကိုရော အဆင့်ဆင့် ညွှန်ကြားထားပြီး ဖြစ်တယ်။ ဖြစ်လာရင် တာဝန်ရှိသူအဆင့်ဆင့်ကို အရေးယူမယ် ပြောထားပြီးသား” ဟု ဦးဇော်ဌေးက ဆိုသည်။

အဆိုပါနေ့တွင် ကိုးတန်ကောက်ရွာသို့ သွားရောက်ရှင်းလင်းရသည့် အကြောင်းအရင်းမှာ နိုဝင်ဘာ ၃ရက်၊ ညနေပိုင်းက အကြမ်းဖက်သမား(၆)ဦးက မောင်တော- အလယ်သံကျော်လမ်းအတိုင်း ဆိုင်ကယ်(၃)စီး မောင်းနှင်လာပြီး ရဲကင်းစခန်းပေါက်အနီး ရပ်တန့်ကာ လက်နက်ငယ်ဖြင့် ပစ်ခတ်ခဲ့သောကြောင့် တာဝန်ကျ ရဲဒုတပ်ကြပ်တစ်ဦး သေဆုံးပြီး ရဲတပ်ကြပ်တစ်ဦး ဒဏ်ရာရရှိခဲ့ကြောင်း၊ အဆိုပါ တိုက်ခိုက်သူများသည် ကိုးတန်ကောက်ကျေးရွာသို့ သွားရောက်တိမ်းရှောင်နေသည်ဟု နယ်မြေသတင်း ရရှိကြောင်း၊ နိုဝင်ဘာ (၃)ရက်က နိုင်ငံခြားသံတမန်အဖွဲ့များ ကိုးတန်ကောက်ရွာသို့ ရောက်ရှိစဉ် ဖြစ်စဉ်မှန်မဟုတ်သည့် စာရွက်စာတမ်းများ ကိုင်ဆောင်ကာ ကျေးရွာလူထုက ဆန္ဒပြအသွင်ဆောင်ရွက်သဖြင့် ယင်းစာရွက်၊ စာတမ်း ဖြန့်ဝေသည်ဟု သတင်းရရှိထားသူကို စိစစ်ရန် ကိုးတန်ကောက်ရွာသို့ ဝင်ရောက်ရှင်းလင်းရခြင်းဖြစ်ကြောင်း သတင်းထုတ်ပြန်ချက်တွင် ပါရှိသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly