၂၀၁၇ခုနှစ် နှစ်အစကို ငြိမ်းချမ်းရေး စကားဝိုင်းဖြင့် ဒေါ်အောင်ဆန်းစုကြည် စတင်

၂၀၁၇ခုနှစ် နှစ်အစကို ငြိမ်းချမ်းရေး စကားဝိုင်းဖြင့် ဒေါ်အောင်ဆန်းစုကြည် စတင်
(ဓာတ်ပုံ- မင်းမင်း/မဇ္ဈိမ)

၂၀၁၇ခုနှစ်၏ အစနေ့ဖြစ်သော ဇန်နဝါရီလ ၁ရက်တွင် ငြိမ်းချမ်းရေးစကားဝိုင်းဖြင့် နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က စတင်လိုက်သည်။

ယနေ့ မွန်းလွဲ ၂နာရီက နေပြည်တော်ရှိ MICC- 2တွင် နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်က လူငယ်မူဝါဒရေးဆွဲရေးတွင် ပါဝင်နေကြသည့် လူငယ်အချို့နှင့်တွေ့ဆုံကာ ငြိမ်းချမ်းရေးနှင့်ပတ်သက်ပြီး အပြန်အလှန်ဆွေးနွေးခဲ့ကြခြင်း ဖြစ်သည်။

“၂၀၁၇ခုနှစ်ရဲ့အစမှာ ငြိမ်းချမ်းရေးနဲ့ပတ်သက်တဲ့စကားတွေနဲ့ စချင်တယ်လို့ ကျွန်မဆုံးဖြတ်ခဲ့ပါတယ်” ဟု ဒေါ်အောင်ဆန်းစုကြည်က စကားဝိုင်း ပြုလုပ်ရသည့်အကြောင်းအရင်းကို ပြောသည်။

တစ်နိုင်ငံလုံး အပစ်အခတ်ရပ်စဲပြီးမှ စစ်မှန်သည့် ပြည်တွင်းငြိမ်းချမ်းရေးကို ရရှိနိုင်မည်ဟု စကားဝိုင်းတွင် ဒေါ်အောင်ဆန်းစုကြည်က ပြောဆိုသည်။

“ဘာလို့ လက်နက်ကိုင်နေကြလည်းဆိုတော့ လက်နက်ကိုင်ပြီးတိုက်မယ်ဆိုရင် ကိုယ်လိုချင်တာကို ပိုလွယ်လွယ်နဲ့ရမယ် ထင်လို့ပဲ။ လက်နက်နဲ့တိုက်ယူရင် ရေတိုမှာတော့ ရမယ်။ ရေရှည်မှာတော့ မရနိုင်တာကို ဒုတိယကမ္ဘာစစ်ကပေးတဲ့သင်ခန်းစာကို မယူကြတာလည်း ထူးဆန်းတယ်” ဟု သူမက ဆိုသည်။

လက်ရှိတွင် တစ်နိုင်ငံလုံးပစ်ခတ်ရပ်စဲရေးသဘောတူစာချုပ်(NCA)ကို တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်း(၈)ဖွဲ့ကသာ လက်မှတ်ရေးထိုးရသေးသည်။

စစ်မှန်သည့် ငြိမ်းချမ်းရေးရရှိရေးအတွက် ပြည်ထောင်စုစိတ်ဓာတ်ရှိရန်လိုအပ်ကြောင်း ဒေါ်အောင်ဆန်းစုကြည်က ပြောကြားသည်။

“ဘုံတူညီချက်ရမယ်ဆိုရင် ငြိမ်းချမ်းရေးရမယ်ဆိုတော့ ဘုံတူညီချက်ဆိုတာ ပြည်ထောင်စုစိတ်ဓာတ်ပဲ။ ပြည်ထောင်စုစိတ်ဓာတ်သာ အားလုံးမှာ ရှိမယ်ဆိုလို့ရှိရင် ကျန်တာတွေက ကျော်လွှားနိုင်မယ်။ ကိုယ့်ရဲ့အဖွဲ့အစည်းတစ်ခုအတွက်ပဲ စဉ်းစားနိုင်မယ်ဆိုရင်တော့ ပြည်ထောင်စုစိတ်ဓာတ်မဟုတ်တော့ဘူး” ဟု ဆိုသည်။

အပြန်အလှန် ဆွေးနွေးကြသည့် စကားဝိုင်းတွင် ငြိမ်းချမ်းရေးနှင်ပတ်သက်သည့် လူငယ်များ၏ အမြင်ကိုလည်း ဒေါ်အောင်ဆန်းစုကြည်က မေးမြန်းခဲ့သည်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly