ငြိမ်းချမ်းရေးကော်မရှင်နှင့် မြောက်ပိုင်းမဟာမိတ်တို့ ဒီဇင်ဘာလကုန်ပိုင်းတွင် တွေ့ရန်စီစဉ်နေ

ငြိမ်းချမ်းရေးကော်မရှင်နှင့် မြောက်ပိုင်းမဟာမိတ်တို့ ဒီဇင်ဘာလကုန်ပိုင်းတွင် တွေ့ရန်စီစဉ်နေ
ပြည်ထောင်စုငြိမ်းချမ်းရေးကော်မရှင် အဖွဲ့ဝင်များ။ (ဓာတ်ပုံ-Peace Commission)

ရန်ကုန်၊ ဒီဇင်ဘာ ၂၅ ။               ။ ငြိမ်းချမ်းရေးကော်မရှင်နှင့် မြောက်ပိုင်းမဟာမိတ်တို့ ဒီဇင်ဘာလကုန်ပိုင်းလောက်တွင် တွေ့ဆုံနိုင်ရန် စီစဉ်နေကြောင်း ငြိမ်းချမ်းရေး ကော်မရှင်အဖွဲ့ဝင် ဦးအောင်စိုးက မဇ္ဈိမသို့ အတည်ပြုပြောသည်။

တပ်မတော်နှင့် လက်ရှိတိုက်ပွဲဖြစ်ပွားနေသည့် ကချင်အဖွဲ့့(KIA)၊ တအောင်းအဖွဲ့(TNLA)၊ ရခိုင်အဖွဲ့ (AA) နှင့် ကိုးကန့် အဖွဲ့ (MNDAA) တို့ပူးပေါင်းထားသည့် မြောက်ပိုင်းမဟာမိတ်နှင့် ငြိမ်းငြိမ်းရေးကော်မရှင်တို့ တွေ့ဆုံရန်သေချာနေပြီး အသေးစိတ်ကိုတော့ ဆက်လက်ဆွေးနွေးနေဆဲဖြစ်ကြောင်း ၎င်းကပြောဆိုသည်။

တွေ့ဆုံဆွေးနွေးကြမည့်ရက်နှင့် ပတ်သက်ပြီး ဦးအောင်စိုးက “ကျွန်တော်တို့ ဒီဇင်ဘာ၂၈ရက် လားရှိုးဘက်ထွက်ပြီးတော့ လကုန်လောက်မှာ ပြန်ရောက်မှာပါခင်ဗျ" ဟုပြောဆိုသည်။

ငြိမ်းချမ်းရေးကော်မရှင်အဖွဲ့ ဥက္ကဋ္ဌ ဒေါက်တာတင်မျိုးဝင်း အပါအဝင် ကော်မရှင်အဖွဲ့ဝင်များ၊ တပ်မတော်ကိုယ်စား လှယ်များ၊ သက်ဆိုင်ရာ အစိုးရတာဝန်ရှိသူများနှင့် လွှတ်ကိုယ်စားလှယ်အချို့အပါအဝင် သွားရောက်ကြမှာဖြစ်ပြီး ကော်မရှင် ဥက္ကဌအနေဖြင့် လိုက်ပါ တွေ့ဆုံမသေချာသေးကြောင်း သိရသည်။

ဒီဇင်ဘာ ၁ရက်နေ့က တရုတ်နိုင်ငံကူမင်းမြို့တွင် တစ်ဖွဲ့ချင်းတွေဆုံဆွေးနွေးရန် ကော်မရှင်ဘက်မှ ကမ်းလှမ်းခဲ့သော်လည်း မြောက်ပိုင်းမဟာမိတ်ဘက်မှ အဖွဲ့အားလုံးပါမှတွေ့ဆုံမည်ဟု ဆိုသောကြောင့် ညှိနှိုင်းမှု အဆင်မပြေဖြစ်ခဲ့သည်။

“သွားဖို့ကတော့သေချာပြီ ဘယ်သူနဲ့ ဘယ်အဖွဲ့နဲ့ ဘယ်လိုတွေ့မယ်ဆိုတာတော့ အသေးစိတ်မထွက်သေးပါဘူး” ဟု ဦးအောင်စိုးကပြောဆိုသည်။

မြောက်ပိုင်းမဟာမိတ်တပ်ဘက်မှ တရုတ်အစိုးရကို သက်သေထားပြီး တွေ့ဆုံဆွေးနွေးရန် ဒီဇင်ဘာလ ၂၂ ရက်နေ့က ကြေညာချက်ထုတ်ပြန်ထားသည်။

အဆိုပါ ထုတ်ပြန်စာနှင့် ပက်သက်ပြီး ငြိမ်းချမ်းရေးကော်မရှင်အဖွဲ့ဝင် ဦးအောင်စိုးက “ထိပ်ပိုင်းခေါင်းဆောင်တွေ ညှိနှိုင်းနေပါတယ်။ နိုင်ငံတကာပါလာပြီဆိုတော့ နိုင်ငံ့ခေါင်းဆောင်တွေ ညှိနှိုင်းရတော့မယ်လေ ညှိနှိုင်းနေဆဲဖြစ်ပါသေးတယ်" ဟုပြောသည်။

လက်ရှိတွင် ကော်မရှင်အဖွဲ့နှင့် မြောက်ပိုင်းမဟာမိတ်တို့တွေ့ ဆုံရန်ညှိနှိုင်းနေဆဲဖြစ်ပြီး ဒီဇင်ဘာ ၂၈ ရက်တွင် တွေ့ဆုံ ဆွေးနွေးရန် ပထမခြေလှမ်းအဖြစ် ရှမ်းပြည်နယ် လားရှိုးမြို့သို့သွားရောက်မည်ဖြစ်ကြောင်း ၄င်းကဆက် လက်ပြောသည်။

ရှမ်းပြည်မြောက်ပိုင်း မူဆယ် ၁၀၅ မိုင် ကုန်သွယ်ရေးစခန်းအနီး တပ်မတော်နဲ့ မြောက်ပိုင်းမဟာမိတ်တို့ တိုက်ပွဲဖြစ်ပွားခဲ့ပြီး လက်ရှိအချိန်ထိ ထိတွေ့မှုအချို့ရှိနေသည်။

နိုဝင်ဘာ ၂၀ ရက်မှ စတင်ဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး ယနေ့ (ဒီဇင်ဘာ ၂၅ရက်)ထိ ၃၅ ရက်တာကြာမြင့်ခဲ့ပြီဖြစ်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly