RCSS နှင့် တိုက်ပွဲဖြစ်ပွားရခြင်းနှင့် ပတ်သက်ပြီး တပ်မတော်မှ JMC-U သို့ တိုင်ကြားစာပို့ထား

RCSS နှင့် တိုက်ပွဲဖြစ်ပွားရခြင်းနှင့် ပတ်သက်ပြီး တပ်မတော်မှ JMC-U သို့ တိုင်ကြားစာပို့ထား

ရန်ကုန်၊ ဒီဇင်ဘာ ၂၂ ။            ။ အပစ်ရပ်လက်မှတ် ထိုးထားသည့် ရှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ (RCSS/SSA) နှင့် တပ်မတော်တိုက်ပွဲဖြစ်ပွားရခြင်းနှင့် ပတ်သက်ပြီး တပ်မတော်ဘက်မှ ပြည်ထောင်စုအဆင့် ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးဆိုင်ရာ ပူးတွဲစောင့်ကြည့်ရေးကော်မတီ (JMC-U) သို့တိုင်ကြားစာပေး ပို့ထားသည်ဟု သိရသည်။

JMC-U အတွင်းရေးမှူး (၂) ဗိုလ်မှူးကြီး ၀ဏ္ဏအောင်က “ တပ်ဘက်မှ JMC-U သို့ပို့ထားသည့်တိုင်ကြားစာကို RCSS ဘက်မှ တာဝန်ရှိသူများ ထံသို့ပြန်လည်ပေးပို့ထားပြီး ၄င်းတို့ဘက်မှ အကြောင်းမပြန်သေး “ ဟုပြောဆိုသည်။

“ ကိုယ်တို့ဆီက စာပို့ပြီးပါပြီ ။ သူတို့(RCSS/SSA) ဆီတော့ စီစစ်နေတုန်းဖြစ်လိမ့်မယ်၊ ပြန်မလာသေးဘူး ” ဟု ဟု ဗိုလ်မှူးကြီး ၀ဏ္ဏအောင်က ပြောသည်။

RCSS ဘက်မှ နယ်မြေ ကျော်လွန်ဝင်ရောက်လာခြင်းကြောင့် တိုက်ပွဲဖြစ်ပွားရသည် ဟု ကာကွယ်ရေးဦးစီးချုပ်ရုံးမှ ဒီဇင်ဘာ ၁၆ ရက် ရက်စွဲဖြင့် ထုတ်ပြန်ထားပြီး ယခု တပ်ဘက်မှ တိုင်ကြားသည့်စာကို RCSS/SSA ဘက်သို့ ပြန်လည်ပေးပို့ထားခြင်းဖြစ်သည်။
“ ဖြစ်စဉ်အတိုင်းပါပဲ ကြေညာထားတဲ့အတိုင်းပါပဲ။  ဖြစ်စဉ်ကိုပဲပို့ထားတာပေါ့” ဟု စာပါအကြောင်းအရာနှင့် ပတ်သက်ပြီး ဗိုလ်မှူးကြီး ၀ဏ္ဏအောင်က ပြောသည်။

အဆိုပါကိစ္စရပ်အပေါ် တပ်ဖက်မှ JMC-U သို့တိုင်ကြားစာပေးပို့သည့် နေ့ရက်နှင့် JMC-U မှ RCSS/SSA သို့ စာပြန်လည်ပေးပို့ထားသည့် နေ့ရက်ကိုတော့ ပြောဆိုခြင်းမရှိခဲ့ပေ။

ရှမ်းပြည်တောင်ပိုင်း၊ ဟိုပုံးမြို့နယ်အတွင်း၌ ဒီဇင်ဘာ ၁၆ ရက်က အပစ်ရပ်လက်မှတ် NCA ထိုးထားသည့် ရှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ RCSS နှင့် တပ်မတော်တို့ တိုက်ပွဲဖြစ်ရခြင်းမှာ မူးယစ်ဆေးသတင်းရ၍ နှစ်ဖက်လုံးမှသွားရောက်ရာမှ မမျှော်လင့်ဘဲ တိုက်ပွဲဖြစ်ပွားရခြင်းဖြစ်သည်ဟု (JMC-U) အတွင်းရေးမှူး (၁) ဒေါက်တာရွှေခါးက မဇ္စျိမသို့ ဖြေကြားထားသည်။

ဟိုပုံးမြို့နယ် မိုင်းပျဉ်းကျေးရွာအုပ်စု အရှေ့ခြမ်းနယ်မြေအတွင်းမှာ တပ်မတော်စစ်ကြောင်းက နယ်မြေလုံခြံုရေး လုပ်ဆောင်ချိန်တွင် RCSS အဖွဲ့နှင့် တွေ့ဆုံတိုက်ပွဲ ၄ ကြိမ်ဖြစ်ပွားခဲ့ခြင်းဖြစ်သည်။

RCSS/SSA အဖွဲ့မှ အင်အား ၃၀ ခန့်က သတ်မှတ်နယ်မြေ ကျော်လွန်လာခြင်းကြောင့် တိုက်ပွဲဖြစ်ပွားခဲ့ရခြင်းဖြစ်ကာ တပ်မတော်ဘက်မှ စစ်သည်တစ်ဦး ဒဏ်ရာရရှိခဲ့ကြောင်း တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံး၏ ထုတ်ပြန်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly

Tags