ရဲဘက်စခန်းများ ဖျက်သိမ်းမည်မဟုတ်ဟု ပြည်ထဲရေးဒုဝန်ကြီး ပြော

ရဲဘက်စခန်းများ ဖျက်သိမ်းမည်မဟုတ်ဟု ပြည်ထဲရေးဒုဝန်ကြီး ပြော
ပြည်ထဲရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဗိုလ်ချုပ်အောင်စိုး(ဓာတ်ပုံ- မင်းမင်း/မဇ္ဈိမ) 
 

နေပြည်တော်(ဒီဇင်ဘာ ၁၄ရက်၊ ၂၀၁၆ခုနှစ်)။ ။ ရဲဘက်စခန်းဟု လူသိများသော အကျဉ်းဦးစီးဌာနလက်အောက်ရှိ စိုက်ပျိုးမွေးမြူရေးနှင့် အသက်မွေးအတတ်သင်စခန်းများကို ဖျက်သိမ်းရန် အစီအစဉ်မရှိကြောင်း ပြည်ထဲရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဗိုလ်ချုပ်အောင်စိုးက ပြောဆိုလိုက်သည်။

ဒီဇင်ဘာ ၁၄ရက်က ကျင်းပသော ပြည်သူ့လွှတ်တော်အစည်းအဝေးတွင် တွံတေးမြို့နယ်၊ ပြည်သူ့လွှတ်တော်အမတ် ဦးမြင့်လွင်က မြန်မာနိုင်ငံရှိ ရဲဘက်စခန်းများအား ဖျက်သိမ်းရန် အစီအစဉ် ရှိ၊ မရှိ မေးမြန်းမှုအပေါ် ဒုတိယဝန်ကြီး ဗိုလ်ချုပ်အောင်စိုးက ဖြေကြားခဲ့ခြင်း ဖြစ်သည်။

“အကျဉ်းသားများကို ပြစ်ဒဏ်ပေး အကျဉ်းချထားရန် သက်သက်မဟုတ်ဘဲ စာရိတ္တပြုပြင်ရေး ရည်ရွယ်ချက်ဖြင့် ပြုပြင်ပြောင်းလဲဆောင်ရွက်ပေးခြင်းနှင့် ပြစ်ဒဏ်မှ လွတ်မြောက်လာတဲ့အခါ ဘဝရပ်တည်မှုအတွက် အသက်မွေးပညာရပ်များ သင်ကြားခြင်းများကိုလည်း အလေးအနက်ထားဆောင်ရွက်နေတဲ့အပြင် စခန်းများစနစ်တကျရှိစေရေးတို့ကိုလည်း တာဝန်ရှိသူအဆင့်ဆင့်နဲ့ အဖွဲ့အစည်းများမှ စဉ်ဆက်မပြတ် စိစစ်ဆောင်ရွက်လျက်ရှိတဲ့အတွက် စိုက်ပျိုးမွေးမြူရေးနှင့် သက်မွေးအတတ်သင်စခန်းများကို ဖျက်သိမ်းပေးရန် အစီအစဉ် မရှိပါ” ဟု ဗိုလ်ချုပ်အောင်စိုးက ပြောသည်။

အဆိုပါ စခန်းများသည် ၁၉၆၂ခုနှစ်၊ တော်လှန်ရေးကော်စီအစိုးရလက်ထက်က “ပြစ်မှုကြွေး ချွေးဖြင့်ဆပ်မည်” ဟူသည့် ဆောင်ပုဒ်ဖြင့် ပေါ်ပေါက်လာပြီး စခန်းများရှိ အကျဉ်းသားများကို တရားဝင်ထုတ်ပြန်ထားခြင်း မရှိသည့် “ရဲဘက်” ဟူသော အခေါ်အဝေါ်များ ပေါ်ပေါက်လာခြင်းဖြစ်သည်ဟု ဗိုလ်ချုပ်အောင်စိုးက ဆိုသည်။

၁၉၇၈ ခုနှစ်၊ ဧပြီလ ၁၇ ရက်နေ့ကစပြီး စိုက်ပျိုးမွေးမြူရေးအလုပ်စခန်းများ ဖွင့်လှစ်ခဲ့ပြီးသည့်နောက် ၂၀၀၄ ခုနှစ်၊ မေလ ၁၂ ရက်နေတွင် ၎င်းစခန်း ၃၆ ခုအနက် ၂၉ ခုကိုပဲချန်ထားပြီး ၎င်းစခန်းများကို စိုက်ပျိုးမွေးမြူရေးအလုပ်စခန်းများ နှင့် ကုန်ထုတ်စခန်းများအဖြစ် ပြောင်းလဲဖွင့်လှစ်ခဲ့ပါကြောင်း၊ အကျဉ်းဦးစီးဌာန ကွပ်ကဲမှုအောက်ရှိ ဖွင့်လှစ်ဆောင်ရွက်ခဲ့သော စိုက်ပျိုးမွေးမြူရေးအလုပ်စခန်းများကို ၂၀၀၄ ခုနှစ်၊ မေလ ၁၂ ရက်နေ့တွင် စိုက်ပျိုးမွေးမြူရေးစခန်းနှင့် ကုန်ထုတ်စခန်းများအဖြစ် ပြောင်းလဲ ဆောင်ရွက်
ခဲ့ရာ ၂၀၁၃ ခုနှစ်၊ သြဂုတ်လ ၁၆ ရက်နေ့မှစ၍ စိုက်ပျိုးမွေးမြူရေးနှင့်
အသက်မွေးမှု အတတ်သင်စခန်းများအဖြစ် ပြောင်းလဲဖွင်‌့့လှစ်ထားရှိခဲ့သည်ဟုလည်း ဗိုလ်ချုပ်အောင်စိုးက လွှတ်တော်တွင် ပြောသည်။

“အကျဉ်းဦးစီးဌာနဟာ အကျဉ်းသားများကို အပြစ်ပေး အပြစ်ချထားရန်သက်သက် မဟုတ်ဘဲ စာရိတ္တပြုပြင်ရေး ရည်ရွယ်ချက်ဖြင့် ရုပ်ပိုင်ဆိုင်ရာ၊ စိတ်ပိုင်းဆိုင်ရာများ ပြုပြင်ပြောင်းလဲပေးရန် တရားစခန်းများ ဖွင့်လှစ်ပေးခြင်း၊ စာသင်ပညာသင်ကြားစေ ခြင်းအပြင် အသက်မွေးမှုသင်တန်းများကိုပါ လေ့ကျင့်သင်ကြားပေးခြင်းတို့ကို အလေးအနက်ထား ဆောင်ရွက် လျှက်ရှိပါတယ်” ဟု ၎င်းက ပြောသည်။

လက်ရှိ အကျဉ်းဦးစီးဌာနအောက်တွင် အကျဉ်းထောင် ၄၆ ခုရှိပြီး အကျဉ်းသားဝင်ဆံ့မှုမှာ ရ၄၄၁၁ ဦးဖြစ်ပြီး လက်ရှိအကျဉ်းသား နှင့် အချုပ်သားဦးရေ ရ၄၈၉၃ ဦးရှိသည့်အတွက် အကျဉ်းထောင်ဝင်ဆံ့မှုထက် လူပေါင်း ၃၀၀၀၀ ကျော် ပိုနေတာကိုတွေ့ရှိရပါကြောင်း၊ ပိုနေသည့်
အကျဉ်းသားများနှင့်ပတ်သက်ပြီး အကျဉ်းထောင် ၄၆ ခုမှာ အကျဉ်းသား ၅၈၀၀၀ ဦးကိုထားရှိပြီး ပိုနေသည့်အကျဉ်းသား ၁၅၀၀၀ ခန့်ကို စိုက်ပျိုးရေး၊ မွေးမြူရေး နှင်‌့ အသက်မွေးမှုအတတ်သင်စခန်းများတွင် စခန်းတစ်ခုလျှင် အကျဉ်းသား ၅၀၀ ဦးခန့်ဖြင့် ၁၅၀၀၀ ခန့်ကို ရွေးချယ်ထားရှိရပါကြောင်းလည်း ဗိုလ်ချုပ်အောင်စိုးက ပြောဆိုသည်။

မေးခွန်းမေးမြန်းခဲ့သည့် ဦးမြင့်လွင်ကမူ ၎င်းအနေဖြင့် ၁၉၇၀ခုနှစ်အတွင်းက ကျောင်းသားနိုင်ငံရေးအကျဉ်းသားဘဝဖြင့် အင်းစိန်ထောင်တွင် နေခဲ့ရစဉ် ၎င်းနှင့် ထောင်ထဲတွင် ရင်းနှီးခဲ့သည့် အကျဉ်းသားတစ်ဦးမှာ ရဲဘက်စခန်းတွင် ခြောက်လခန့် နေရပြီးနောက် ပြန်လာသည့်အခါ မမှတ်မိလောက်အောင် ပြောင်းလဲသွားကြောင်း ၎င်း၏အတွေ့အကြံုကို လွှတ်တော်တွင် ပြောသည်။

“တစ်ကိုယ်လုံးမှာ ဝဲတွေ၊ ပွေးတွေ ပေါက်နေတယ်။ လက်တွေ၊ ခြေတွေရော ဖောယောင်နေတယ်။ ဆေးရုံမှာ လူနာစားဖို့ချက်တဲ့ ဟင်းသီးဟင်းရွက်တွေ ပစ်ထားတဲ့ အမှိုက်ပုံထဲက ကောင်းတာလေးတွေ ရှာဖွေစားသောက်ရတာ ကျွန်တော်တို့ မျက်မြင်ကိုယ်တွေ့ပါ။ သိပ်မကြာခင်မှာပဲ သူသေသွားပါတယ်” ဟု ဦးမြင့်လွင်က ဆိုသည်။

ဒီမိုကရေစီစနစ်တွင် အကျဉ်းသားများ၏ လုပ်အားကိုရယူပြီး နိုင်ငံတော်တည်ဆောက်ရေး၊ ဖွံ့ဖြိုးရေးအတွက် အသုံးပြုခြင်းသည် သင့်တော်မှုမရှိဟုလည်း ၎င်းက ပြောဆိုခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly