မတရားမှုများကို ကိုယ်တိုင်ဖော်ထုတ်ကြဖို့ အမတ်များကို ဦးဝင်းမြင့် အကြိမ်ကြိမ် တိုက်တွန်း

မတရားမှုများကို ကိုယ်တိုင်ဖော်ထုတ်ကြဖို့ အမတ်များကို ဦးဝင်းမြင့် အကြိမ်ကြိမ် တိုက်တွန်း
(ဓာတ်ပုံ- မင်းမင်း/မဇ္ဈိမ)

နေပြည်တော်(ဒီဇင်ဘာ ၆ရက်)။ ။ မမှန်မကန်မှုများနှင့် မတရားမှုများကို တိတိကျကျ ဖော်ထုတ်ပြီး သက်ဆိုင်ရာအုပ်ချုပ်ရေးဌာနအပါအဝင် လွှတ်တော်သို့ ပေးပို့အကြောင်းကြားကြရန် လွှတ်တော်အမတ်များကို ဦးဝင်းမြင့်က အလေးအနက် တိုက်တွန်းလိုက်သည်။

“လက်ဆုပ်လက်ကိုင်နဲ့ လုပ်စမ်းပါ၊ ဖော်ထုတ်စမ်းပါ။ ဖော်ထုတ်ပေးလို့ မလုပ်ပေးရင် မလုပ်ပေးတဲ့ ဌာနကိုပြော။ ဘယ်ဝန်ကြီးဌာနက မလုပ်ပေးလဲ၊ ဘယ်အုပ်ချုပ်ရေးဌာနက မလုပ်ပေးလဲ၊ ပြောပါ” ဟု ဒီဇင်ဘာ(၆)ရက်၊ ပြည်သူ့လွှတ်တော်အစည်းအဝေးတွင် ဦးဝင်းမြင့်က ပြောသည်။

ဒေါက်တာခင်စိုးစိုးကြည်၊ ပြည် မဲဆန္ဒနယ်က တင်သွင်းသည့် “မြန်မာ့လယ်ယာ ဖွ့ံဖြိုးရေးဘဏ်အနေဖြင့် စိုက်ပျိုးရေးစရိတ်ချေးငွေ ထုတ်ချေးရာတွင် ကျေးရွာဘဏ် ကော်မတီများကို စနစ်တကျဖွဲ့စည်း၍
ကျေးရွာအရောက် သွားရောက်ချေးပေးသော ပုံစံပြောင်းလဲဆောင်
ရွက်ပေးရန် ပြည်ထောင်စုအစိုးရအား တိုက်တွန်းကြောင်း” အဆိုကို လွှတ်တော်အမတ်များ ဆွေးနွေးနေစဉ် ဦးဝင်းမြင့်က ပြောဆိုခဲ့ခြင်းဖြစ်သည်။

ယင်းအဆိုနှင့်ပတ်သက်ပြီး ဆွေးနွေးရန် လွှတ်တော်အမတ်(၁၇)ဦးက အမည်စာရင်းပေးထားပြီး (၈)ဦးမြောက် ဆွေးနွေးခဲ့သည့် သာယာဝတီမြို့နယ်မှ ပြည်သူ့လွှတ်တော်အမတ် ဦးအောင်မြင့်က စိုက်စရိတ်ချေးငွေနှင့်ပတ်သက်ပြီး မရိုးသားမှုများရှိနေကြောင်း၊ လယ်ဧက ၈သောင်းကျော်သာရှိသည့် ၎င်း၏ မြို့နယ်တွင် လယ်ဧက(၁)သိန်းကျော်အတွက် စိုက်စရိတ်ချေးငွေ ထုတ်ချေးထားကြောင်း၊ လယ်ယာမြေလုပ်ပိုင်ခွင့်လက်မှတ်ဟုခေါ်သော ပုံစံ(၇)ဖြင့် အမှန်တကယ် လယ်မလုပ်ဘဲ စိုက်စရိတ်ချေးငွေထုတ်ချေးနေသည့် ဝိသမသမားများ ရှိကြောင်း စသဖြင့် လွှတ်တော်တွင် ဆွေးနွေးခဲ့သည်။

ဦးအောင်မြင့်၏ ဆွေးနွေးမှုအပြီးတွင် လွှတ်တော်ဥက္ကဌ ဦးဝင်းမြင့်က “ဝါးလုံုးရှည်နဲ့သိမ်းယမ်းတဲ့ဟာမျိုး ပြောလို့ကတော့ အလုပ်လုပ်လို့ မရဘူး” ဟု ဆိုကာ “တိတိကျကျလေး ပေးပါ။ နောက်ဆုံး ကျွန်တော်တို့ဆီလည်း ပေးပါ။ ကျွန်တော်တို့ မှန်မှန်ကန်ကန်ဖြစ်အောင် လုပ်ပေးမယ်” ဟု ဦးဝင်းမြင့်က ပြောဆိုသည်။

"ကိုယ်စားလှယ်တွေဘက်က ကြိုးစားပေးပါ၊ ဖော်ထုတ်ပေးပါ။ မှန်မှန်ကန်ကန်ဖြစ်အောင်၊ ဥပဒေနဲ့အညီဖြစ်အောင် သွားနေတဲ့ မူဝါဒနဲ့လမ်းစဉ်၊ မှန်ကန်တဲ့အဖြေရလဒ်ဖြစ်အောင် ဖော်ထုတ်ပေးပါ" ဟု ဦးဝင်းမြင့်က ပြောသည်။

ထို့ပြင် မတရားမှုများ၊ မမှန်မကန်မှုများကို ကိုယ်တိုင် မဖော်ထုတ်ဘဲ လွှတ်တော်တွင် ယေဘုယျဆန်ဆန်သာ ဆွေးနွေးနေမည်ဆိုပါက “ဒီပြဿနာက မုန့်လုံးစက္ကူကပ်ပြီး ဂျာအေး သူ့အမေရိုက်နေမှာပဲ” ဟုလည်း ဦဝင်းမြင့်က ဆိုသည်။

ဦးဝင်းမြင့်အနေဖြင့် မတရားမှု၊ မသမာမှုများကို ကိုယ်တိုင်ဖော်ထုတ်ပြီး အကြောင်းကြားကြရန် လွှတ်တော်အမတ်များကို လွှတ်တော်အစည်းအဝေးတွင် မကြာခန တိုက်တွန်းပြောဆိုခဲ့ဖူးသည်။ သို့ရာတွင် “သာ် ယနေ့အထိ တစ်ခုမှ ရောက်မလာဘူး” ဟု ဦးဝင်းမြင့်က ပြောဆိုသည်။

ဒေါက်တာခင်စိုးစိုးကြည်၏ အဆိုအပေါ် လွှတ်တော်အမတ်(၇)ဦးက ဆက်လက်ဆွေးနွေးကြရန် ကျန်ရှိနေသေးပြီး အဆိုပါ ဆွေးနွေးမှုများကို လာမည့် ဒီဇင်ဘာ ၈ရက်၊ လွှတ်တော်အစည်းအဝေးကျမှသာ ဆက်လက်ဆွေးနွေးသွားမည်ဟု ဦးဝင်းမြင့်က ကြေငြာထားသည်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly