သက်ငယ်မုဒိမ်းမှုများနှင့်ပတ်သက်ပြီး လူမှုဝန်ထမ်းဦးစီးဌာနက အသိပေးချက် ထုတ်ပြန်

သက်ငယ်မုဒိမ်းမှုများနှင့်ပတ်သက်ပြီး လူမှုဝန်ထမ်းဦးစီးဌာနက အသိပေးချက် ထုတ်ပြန်
(ဓာတ်ပုံ- သူရ/မဇ္ဈိမ)

နေပြည်တော်(နိုဝင်ဘာ ၂၉ရက်၊ ၂၀၁၆ခုနှစ်)။ ။ ပြည်သူလူထုအနေဖြင့် ကလေးသူငယ်များအပေါ် လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှုနှင့် အမြတ်ထုတ်မှုများ ဖြစ်ပေါ်သည်ကို သိရှိပါက သို့မဟုတ် ဖြစ်ပေါ်နေကြောင်း သံသယရှိပါက ဆက်သွယ်အကြောင်းကြားပေးရန် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ လူမှုဝန်ထမ်းဦးစီးဌာနက နိုဝင်ဘာ ၂၉ရက်တွင် အသိပေးချက် ထုတ်ပြန်လိုက်သည်။

ကလေးသူငယ်များအပေါ် လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှုနှင့် အမြတ်ထုတ်မှုများ လျော့နည်းသွားစေရေး၊ ဖြစ်ပေါ်လာပါက အလျင်အမြန်သိရှိသတင်းပို့တိုင်ကြားနိုင်ရေး၊ ထိခိုက်ခံစားရသော ကလေးသူငယ်များလိုအပ်မည့် အကူအညီများအား အလျင်အမြန်ပေးနိုင်ရေးနှင့် ဥပဒေနှင့်အညီ ကာကွယ်စောင့်ရှောက်ပေးနိုင်ရန် ဖုန်းနံပါတ် ၀၆၇၄၀၄၉၉၉ နှင့် ၀၆၇၄၀၄၂၂၂ သို့ ဆက်သွယ်အကြောင်းကြားနိုင်ကြောင်း လူမှုဝန်ထမ်းဦးစီးဌာနက အသိပေးထားသည်။

တဖက်တွင်လည်း သက်ငယ်မုဒိမ်းမှုကျူးလွန်သူအား နှစ်(၂၀)အထိ ထောင်ဒဏ်ချမှတ်ရေးကိုလည်း လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာနက စီစဉ်ဆောင်ရွက်နေပြီ ဖြစ်သည်။

“၁၉၉၃ ကလေးသူငယ်ဥပဒေကို အသစ်ပြန်ရေးဆွဲနေတယ်။ အဲ့အထဲမှာ သက်ငယ်မုဒိမ်း ကျူးလွန်ရင် အနည်းဆုံး ထောင်ဒဏ်(၁၀)နှစ်ကနေပြီးတော့ တစ်သက်တစ်ကျွန်း(ထောင်ဒဏ် ၂၀နှစ်)ထောင်ဒဏ်ထိ ချမှတ်နိုင်တယ်လို့ ထည့်ထားတယ်” ဟု လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေးက နိုဝင်ဘာ ၂၈ရက်တွင် ပြောဆိုထားသည်။

 

 

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly