လွှတ်တော်အမတ်(၃)ဦးကို ပါတီစည်းကမ်းဖြင့် NLD အရေးယူ၊ အရေးယူခံရမည့် အမတ်များစွာ ရှိနေဟုဆို

လွှတ်တော်အမတ်(၃)ဦးကို ပါတီစည်းကမ်းဖြင့် NLD အရေးယူ၊ အရေးယူခံရမည့် အမတ်များစွာ ရှိနေဟုဆို

နေပြည်တော်(နိုဝင်ဘာ ၂၆ရက်၊ ၂၀၁၆ခုနှစ်)။ ။ ပြည်သူ့လွှတ်တော်မှ NLD အမတ်(၃)ဦးအား ပါတီက ပေးအပ်ထားသည့်တာဝန်နှင့် လွှတ်တော်ကော်မတီတွင် ပေးအပ်ထားသည့် တာဝန်များကို ရုတ်သိမ်းကာ ပါတီစည်းကမ်းအရ နိုဝင်ဘာ ၂၆ရက်တွင် အရေးယူလိုက်သည်။

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(NLD)၊ ဗဟိုအလုပ်အမှုဆောင်အဖွဲ့၏ နိုဝင်ဘာ ၂၅ရက် အစည်းအဝေးဆုံးဖြတ်ချက်အရ ပြည်သူ့လွှတ်တော်အမတ်များဖြစ်သည့် ရွှေပြည်သာမြို့နယ်အမတ် ဦးဉာဏ်လင်း၊ မြောင်းမြမြို့နယ်အမတ် ဒေါက်တာစိုးမိုးသူနှင့် မအူပင်မြို့နယ်အမတ် ဦးစိန်ဝင်းတို့ (၃)ဦးကို အရေးယူလိုက်ခြင်းဖြစ်ကြောင်း ပါတီ၏ ဗဟိုအလုပ်အမှုဆောင်ကော်မတီ အတွင်းရေးမှူးအဖွဲ့ဝင် ဦးဝင်းထိန်က မဇ္ဈိမကို ပြောသည်။

အရေးယူခံရသည့် အဆိုပါ လွှတ်တော်အမတ်(၃)ဦးသည် ပါတီတွင် ပါတီဝင်အဖြစ်သာ ဆက်ရှိနေမည်ဖြစ်ပြီး လွှတ်တော်တွင်းရှိ ကော်မတီများတွင်လည်း တာဝန်ထမ်းဆောင်ခွင့် ရှိတော့မည် မဟုတ်ဘဲ သာမန်လွှတ်တော်အမတ် အဖြစ်သာ ဆက်ရှိနေတော့မည် ဖြစ်သည်။

အဆိုပါ (၃)ဦးအပြင် ပါတီစည်းကမ်းဖောက်ဖျက်သည့် ပါတီဝင်လွှတ်တော်အမတ် များစွာရှိနေပြီး အရေးယူမှုများ ဆက်လက်လုပ်ဆောင်သွားမည်ဟု ဦးဝင်းထိန်က ဆိုသည်။

“နောက်ထပ်ရှိသေးတယ်။ အများကြီး။ မထိခလုတ်၊ ထိခလုတ်လေးတွေ ပါတီစည်းကမ်းဖောက်တဲ့သူတွေ ရှိတယ်။ အဲ့ဒါ နောက်မှဆက်ပြီး အရေးယူမှာ။ အခုကတော့ သူတို့(၃)ယောက်ကတော့ နိုင်ငံကျော်ဖြစ်နေလို့ ချက်ချင်း အရေးယူလိုက်ရတာ” ဟု ၎င်းက ပြောသည်။

လွှတ်တော်အမတ်(၃)ဦးကို အရေးယူရသည့်ကိစ္စနှင့်ပတ်သက်ပြီးလည်း ဦးဝင်းထိန်က အောက်ပါအတိုင်း ပြောဆိုသည်။

“ဦးစိန်ဝင်းကတော့ ကိုယ့်ပါတီထဲက တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ်ကို တရားစွဲတဲ့ကိစ္စနဲ့ပတ်သက်လို့ ပါတီဝင်အချင်းချင်း မလုပ်ရဘူး။ မလုပ်သင့်တဲ့အလုပ်ကို လုပ်တယ်ဆိုပြီးတော့ အရေးယူတာ”

“ဒေါက်တာစိုးမိုးသူကတော့ သူ့ကိစ္စကတော့ ရှင်းသွားပြီ။ သူ့ကောင်မလေးနဲ့ကိစ္စကလည်း ရှင်းသွားပြီ။ သူတို့ချင်းကလည်း တရားဝင် ကွာရှင်းပြီးသား။ ဒါတွေက အဲ့လိုဖြစ်သွားတော့ ဘာမှတော့ လုပ်လို့မရဘူး။ လူမှုရေးကိစ္စကိုး။ ဒါပေမယ့် ပါတီရဲ့ပုံရိပ်နဲ့ လွှတ်တော်ကိုယ်စားလှယ်ရဲ့တာဝန်ကို ထိခိုက်တယ်”

“ဦးဉာဏ်လင်းကျတော့ အုပ်ချုပ်မှုကဏ္ဍနယ်ပယ်ကို ဥပဒေပြုကဏ္ဍနယ်ပယ်ကလူက သွားပြီး စွက်ဖက်တာ။ ကိုယ်ကိုယ်တိုင် မလုပ်သင့်တဲ့ကိစ္စကို လုပ်မိတဲ့အတွက်ကြောင့်မို့လို့ အရေးယူတာပေါ့” ဟု ဆိုသည်။

ဦးစိန်ဝင်းသည် ပြည်သူ့လွှတ်တော်၏ တောင်သူလယ်သမားနှင့် အလုပ်သမားရေးရာကော်မတီတွင် ဥက္ကဌအဖြစ်လည်းကောင်း၊ ဦးဉာဏ်လင်းသည် ပြည်သူ့လွှတ်တော်၏ ဥပဒေကြမ်းကော်မတီတွင် အဖွဲ့ဝင်အဖြစ် လည်းကောင်း အသီးသီး တာဝန်ပေးခံထားရသူများ ဖြစ်သည်။ ဒေါက်တာစိုးမိုးသူမှာလည်း အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်၏ လူငယ်တာဝန်ခံတစ်ဦး ဖြစ်သည်။

“သူတို့သည် သာမန်ပါတီဝင်အဖြစ်သာလျှင် အသိအမှတ်ပြုတယ်။ ဦးစိန်ဝင်းဆိုရင် လွှတ်တော်မှာ ကော်မတီဥက္ကဌ။ စိုးမိုးသူဆိုလို့ရှိရင် ပါတီမှာ လူငယ်ခေါင်းဆောင်။ ဦးစိန်ဝင်းကိုလည်း လွှတ်တော်က ကော်မတီမှာ တာဝန်မပေးတော့ဘူး။ ဒေါက်တာစိုးမိုးသူကိုလည်း လူငယ်ခေါင်းဆောင်အဖြစ်ကနေ ရပ်စဲမယ်။ ဦးဉာဏ်လင်းကျတော့လည်း သူက အလားတူပဲ။ လွှတ်တော်မှာ ဥပဒေကြမ်းကော်မတီမှာပါတဲ့အတွက်ကြောင့် သူက ကော်မတီအဖွဲ့ဝင်အဖြစ်က ဖယ်ရှားပြီးတော့မှ သာမန်ပါတီဝင်အဖြစ်နဲ့ သတ်မှတ်တဲ့ အရေးယူမှုပေါ့” ဟု ဦးဝင်းထိန်က ဆိုသည်။

အရေးယူခံရမှုနှင့်ပတ်သက်ပြီး ဦးစိန်ဝင်းက “လက်ခံပါတယ်။ အယူခံလည်း မတင်ပါဘူး။ လူကြီးတွေက သင့်မြတ်လို့ ကောင်းတယ်ထင်လို့ ဆုံးဖြတ်တဲ့အပေါ်မှာ စောဒက မတက်ပါဘူး” ဟု မှတ်ချက်ပြုသည်။

ဒေါက်တာစိုးမိုးသူနှင့် ဦးဉာဏ်လင်းတို့ကို အရေးယူခံရမှုအပေါ် မေးမြန်းရန် မဇ္ဈိမက တယ်လီဖုန်းဖြင့် ဆက်သွယ်ခဲ့ရာတွင် ဦးဉာဏ်လင်းက ဖုန်းပိတ်ထားပြီး ဒေါက်တာစိုးမိုးသူမှာလည်း ဆက်သွယ်၍ မရခဲ့ပေ။

 

 

 

 

 

 

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly