ရန်ကုန်စည်ပင်နယ်နိမိတ်အတွင်း ဆိုင်ကယ် စီးနင်းခွင့် မပြုနိုင်ဟုဆို

ရန်ကုန်စည်ပင်နယ်နိမိတ်အတွင်း ဆိုင်ကယ် စီးနင်းခွင့် မပြုနိုင်ဟုဆို
(ဓာတ်ပုံ- မဇ္ဈိမ)

နေပြည်တော်(နိုဝင်ဘာ ၁၇ရက်၊ ၂၀၁၆ခုနှစ်)။ ။ ပြည်သူများအတွက် ဘေးအန္တရာယ်ဖြစ်စေနိုင်သဖြင့် ရန်ကုန်စည်ပင်သာယာနယ်နိမိတ်အတွင်း မော်တော်ဆိုင်ကယ်စီးနင်းခွင့်ပြုနိုင်မည် မဟုတ်ကြောင်း ပို့ဆောင်ရေးနှင့် ဆယ်သွယ်ရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးကျော်မျိုးက နိုဝင်ဘာ ၁၇ရက်၊ ပြည်သူ့လွှတ်တော်အစည်းအဝေးတွင် ပြောသည်။

“ပြည်သူများ ဘေးအန္တရာယ်ဖြစ်စေနိုင်သဖြင့် လတ်တလောအခြေအနေမှာ မော်တော်ဆိုင်ကယ်စီးနင်းမှုကို ခွင့်ပြုပေးနိုင်ခြင်း မရှိသေးပါ” ဟု ဦးကျော်မျိုးက ပြောကြားသည်။

ရွှေပြည်သာမဲဆန္ဒနယ်မှ ဦးဉာဏ်လင်းက ရွှေပြည်သာ၊ လှိုင်သာယာစသည့် မြို့သစ်များနှင့် ယာဉ်ကြောပိတ်ဆို့မှုမရှိသော မြို့နယ်များတွင် မော်တော်ဆိုင်ကယ်စီးနင်းခွင့်ပြုရန်နှင့် လိုင်စင်များ ပြုလုပ်ပေးရန် အစီအစဉ် ရှိ/မရှိ လွှတ်တော်တွင် မေးမြန်းမှုအပေါ် ဒုဝန်ကြီးက လာရောက် ဖြေကြားခဲ့ခြင်း ဖြစ်သည်။

လတ်တလောအခြေအနေတွင် မော်တော်ဆိုင်ကယ်စီးနင်းခွင့်မပြုကြောင်းနှင့် လိုင်စင်ထုတ်ပေးရန် မရှိကြောင်း ရန်ကုန်တိုင်းအစိုးရနှင့် ပေါင်းစပ်ညှိနှိုင်းပြီး လာရောက်ဖြေကြားခြင်းဖြစ်သည်ဟုလည်း ဦးကျော်မျိုးက ပြောသည်။

“လူဦးရေထူထပ်တဲ့ အဲ့ဒီမြို့နယ်တွေမှာ မော်တော်ဆိုင်ကယ်စီးနင်းမှုကြောင့် ပြည်သူများ ဘေးအန္တရာယ်ဖြစ်စေနိုင်တာမို့ လတ်တလောအခြေအနေမှာတော့ ဆိုင်ကယ်စီးနင်းခွင့်ပြုနိုင်ခြင်း မရှိသေးပါကြောင်းနှင့် လိုင်စင်ထုတ်ပေးနိုင်ခြင်း မရှိသေးပါကြောင်း ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့က ဖြေကြားထားပါတယ်”

“ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန၊ ကုန်းလမ်းပို့ဆောင်ရေးညွှန်ကြားမှု ဦးစီးဌာနအနေနဲ့ ဒေသအာဏာပိုင်ဖြစ်တဲ့ ရန်ကုန်တိုင်းဒေသကြီးရဲ့ သဘောထားနှင့်အညီ ထုတ်ပြန်ထားသော ညွှန်ကြားချက်၊ အမိန့်များကို အကောင်အထည်ဖော်ဆောင်ရွက်ရန် ပူးပေါင်းဆောင်ရွက်ပေးမှာ ဖြစ်ပါတယ်” ဟု ဦးကျော်မျိုးက ဆိုသည်။

ရန်ကုန်တိုင်းအတွင်း မြို့နယ်ပေါင်း ၄၅မြို့နယ်ရှိသည့်အနက် ၃၁မြို့နယ်မှာ ရန်ကုန်မြို့တော်စည်ပင်သာယာရေးဧရိယာနယ်နိမိတ်အတွင်း တည်ရှိပြီး စည်ပင်နယ်နိမိတ်အတွင်း ခွင့်ပြုချက်မရှိဘဲ မော်တော်ဆိုင်ကယ်စီးနင်းဝင်ရောက်ခြင်းမပြုရဟု ၂၀၁၄ခုနှစ်၊ နိုဝင်ဘာ ၁၃ရက်တွင် အမိန့်ထုတ်ပြန်ထားသည်။

(ဒါပေမယ့် နယ်တွေမှာတော့ ဆိုင်ကယ်ဟာ အဓိက ပို့ဆောင်ရေးယာဉ်တစ်ခုအဖြစ် အရေးပါနေဆဲဖြစ်ပါတယ်။ ကမ္ဘာကျော်မင်းသမီး မီရှဲလ်ယိုးကတော့ ဆိုင်ကယ်စီးရင် ဘယ်လို အချက်တွေကို လိုက်နာသင့်သလဲဆိုတာ ဒီရုပ်သံမှာ ရှင်းပြထားပါတယ်။)

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly