ရခိုင်ပဋိပက္ခအပေါ် HRW ထုတ်ပြန်ချက် မှန်ကန်မှုမရှိဟု မြန်မာအစိုးရ တုံ့ပြန်

ရခိုင်ပဋိပက္ခအပေါ် HRW ထုတ်ပြန်ချက် မှန်ကန်မှုမရှိဟု မြန်မာအစိုးရ တုံ့ပြန်
နိုင်ငံတော်အတိုင်ပင်ခံရုံး သတင်းထုတ်ပြန်ရေးကော်မတီက နိုဝင်ဘာ ၁၆ရက်၊ ညနေပိုင်းက သတင်းစာရှင်းလင်းပွဲပြုလုပ်စဉ်(ဓာတ်ပုံ- မင်းမင်း/မဇ္ဈိမ)

နေပြည်တော်(နိုဝင်ဘာ ၁၆ရက်၊ ၂၀၁၆ခုနှစ်)။ ။ စစ်ဆင်ရေးနယ်မြေအဖြစ် တပ်မတော်က သတ်မှတ်ထားသော ရခိုင်ပြည်နယ်၊ မောင်တောဒေသရှိ အခြေအနေများအပေါ် လူ့အခွင့်အရေးစောင့်ကြည့်လေ့လာသူများအဖွဲ့(HRW)က ထုတ်ပြန်လိုက်သည့် အစီရင်ခံစာပါ အချက်အလက်များသည် မြေပြင်အခြေအနေနှင့် ကွဲလွဲနေပြီး မှန်ကန်မှုမရှိကြောင်း ယနေ့ဖွဲ့စည်းလိုက်သည့် နိုင်ငံတော်အတိုင်ပင်ခံရုံး သတင်းထုတ်ပြန်ရေးကော်မတီက တုံ့ပြန် ပြောဆိုလိုက်သည်။

ပြီးခဲ့သည့် အောက်တိုဘာလ ၉ရက်က မောင်တောဒေသတွင် စတင်ဖြစ်ပွားခဲ့သည့် စီးနင်းတိုက်ခိုက်မှုများ၏ နောက်ဆက်တွဲအဖြစ် နေအိမ်များ မီးလောင်ပျက်စီးခဲ့သည့် အခြေအနေများအပေါ် HRW ၏ ထုတ်ပြန်ချက်သည် မြေပြင်အခြေအနေနှင့် ကွဲလွဲပြီး မှန်ကန်မှုမရှိဟု နိုင်ငံတော်အတိုင်ပင်ခံရုံး သတင်းထုတ်ပြန်ရေးကော်မတီ အတွင်းရေးမှူး ဦးဇော်ဌေးက နိုဝင်ဘာ ၁၆ရက်၊ ညနေပိုင်းတွင်ပြုလုပ်သည့် သတင်းစာရှင်းလင်းပွဲတွင် ပြောသည်။

ရခိုင်ပြည်နယ်၊ မောင်တောဒေသရှိ နေအိမ်များ မီးလောင်မှုနှင့်ပတ်သက်ပြီး HRW ၏ နိုဝင်ဘာ ၁၀ရက် ထုတ်ပြန်ချက်တွင် ဝါးပိတ်ကျေးရွာတွင် အိမ်ခြေ ၁၀၀လုံး၊  ကြက်ရိုးပြင်ရွာတွင် အိမ်ခြေ ၂၄၅၊ ပြောင်ပိုက်ရွာတွင် ၈၅နှင့် ဒါးကြီးဇားရွာတွင် အိမ်ခြေ ရ၀၀ မီးရှို့ဖျက်ဆီးခံရကြောင်း ဖော်ပြထားသည်ဟုဆိုသည်။

သို့ရာတွင် တပ်မတော် ရဟတ်ယာဉ်ဖြင့် ဓာတ်ပုံရိုက်ခြင်း၊ မျက်မြင်စစ်ဆေးခြင်းများ ပြုလုပ်ရာ မြေပြင်အခြေအနေတွင် ဝါးပိတ်ရွာတွင် အိမ်ခြေ ၁၀၅လုံး၊ ကြက်ရိုးပြင်ရွာတွင် အိမ်ခြေ ၃၀လုံး၊ ပြောင်ပိုက်ရွာတွင် အိမ်ခြေ ၂၀လုံးနှင့် ဒါးကြီးဇားရွာတွင် အိမ်ခြေ ၃၀လုံးသာ ပျက်စီးခဲ့သည်ဟု ဦးဇော်ဌေးက ပြောသည်။

“တပ်မတော်ရော၊ အစိုးရရော ဘာမှ ထိန်ချန်ထားခြင်း မရှိပါဘူး” ဟု ၎င်းက ဆိုသည်။

မောင်တောနယ်မြေအတွင်း အကြမ်းဖက်လှုပ်ရှားနေသော ဘင်္ဂါလီအကြမ်းဖက်သမားများအနေဖြင့် နယ်မြေရှင်းလင်းရေးဆောင်ရွက်နေသော လုံခြံုရေးတပ်ဖွဲ့များအပေါ် အထင်အမြင်လွဲမှားစေရေး၊ ကျေးရွာများအား မီးရှို့ဖျက်ဆီးလျက်ရှိကြောင်းနှင့် ထိုသို့ ဆောင်ရွက်ပြီးပါက အချို့သတင်းမီဒီယာများဖြင့် ချိတ်ဆက်၍ လိမ်လည် သတင်းဖြန့်ချီခြင်း၊ နိုင်ငံတကာမှ အထောက်အပံ့များရရှိအောင် လုပ်ကြံဖန်တီးခြင်းများ ပြုလုပ်လျက်ရှိသည်ဟု နိုင်ငံတော်အတိုင်ပင်ခံရုံး သတင်းထုတ်ပြန်ရေးကော်မတီ၏ ယနေ့ ထုတ်ပြနချက်တွင် ဖော်ပြထားသည်။

ကော်မတီအနေဖြင့် မောင်တောနယ်မြေအတွင်း နယ်မြေရှင်းလင်းရေးဆောင်ရွက်နေမှုများအား အချိန်နှင့်တပြေးညီ ထုတ်ပြန်သွားမည်ဟုလည်း ဆိုသည်။

အောက်တိုဘာ ၉ရက်၊ နံနက်ပိုင်းက ရခိုင်ပြည်နယ် မောင်တောဒေသရှိ နယ်ခြားစောင့်ဂိတ်များ စတင်စီးနင်းခံရပြီးနောက် ထိုဒေသတွင်း ပဋိပက္ခများ ဖြစ်ပွားနေခြင်း ဖြစ်သည်။

အဆိုပါ စီးနင်းတိုက်ခိုက်မှုဖြစ်စဉ်များသည် ၎င်းဒေသတွင်း အများစုရောက်ရှိနေသော အစ္စလာမ်ဘာသာဝင်များအတွင်း အစွန်းရောက်အကြမ်းဖျက်ဝါဒ တိုးမြင့်လာစေရန် အချိန်ယူ၍ စည်းရုံးသိမ်းသွင်း ဆောင်ရွက်ခြင်း ဖြစ်သည်ဟု အောက်တိုဘာ ၁၄ရက်တွင် နိုင်ငံတော်သမ္မတရုံးက သတင်းထုတ်ပြန်ထားသည်။

အဆိုပါ ပဋိပက္ခတွင် တပ်မတော်မှ အရာရှိ ၁ဦးနှင့် အခြားအဆင့် ၆ဦး၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့မှ အရာရှိ ၁ဦးနှင့် အခြားအဆင့် ၉ဦး ကျဆုံးခဲ့ရပြီး တပ်ဖွဲ့ဝင် ၁၂ဦး ဒဏ်ရာရရှိခဲ့သည်ဟု နိုင်ငံတော်အတိုင်ပင်ခံရုံး သတင်းထုတ်ပြန်ရေးကော်မတီက ယနေ့ညနေတွင် သတင်းထုတ်ပြန်သည်။

နိုင်ငံတော်အတိုင်ပင်ခံရုံး သတင်းထုတ်ပြန်ရေးကော်မတီတွသ် နိုင်ငံတော်အတိုင်ပင်ခံရုံးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးခင်မောင်တင်က ဥက္ကဌအဖြစ် တာဝန်ယူထားသည်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly