ကုန်ဈေးနှုန်းတက်နေမှုကိစ္စ ဝန်ကြီးဖြေကြားမှုအပေါ် လွှတ်တော်အမတ်တို့ ဝေဖန်

ကုန်ဈေးနှုန်းတက်နေမှုကိစ္စ ဝန်ကြီးဖြေကြားမှုအပေါ် လွှတ်တော်အမတ်တို့ ဝေဖန်

နေပြည်တော်(နိုဝင်ဘာ ၁၆ရက်၊ ၂၀၁၆ခုနှစ်)။ ။ အရပ်ရပ်ကုန်ဈေးနှုန်း တရိပ်ရိပ်တက်နေမှုအား အစိုးရက ထိန်းချုပ်မည့် အစီအစဉ်ရှိ၊ မရှိဟူသည့် လွှတ်တော်အမတ်၏ မေးမြန်းမှုအပေါ် လွှတ်တော်တွင် လာရောက်ဖြေကြားသော ပြည်ထောင်စုန်ကြီး၏ ဖြေကြားချက်သည် ပြည့်စုံမှုမရှိဘဲ မေးခွန်းနှင့်အဖြေ ကွဲလွဲနေသည်ဟု လွှတ်တော်အမတ်တို့က ဝေဖန်လိုက်သည်။

ကုန်ဈေးနှုန်းတက်နေမှုကို အစိုးရတရပ်၏ တာဝန်ယူမှု၊ တာဝန်ခံမှုအရလည်းကောင်း၊ အစိုးရ၏ မူဝါဒဖြစ်သော ပြည်သူအများစုဘဝ လွတ်လပ်လုံခြံုစွာ ဖွံ့ဖြိုးတိုးတက်ရေးကိုလည်းကောင်း မည်ကဲ့သို့ ဆောင်ရွက်နေသည်ကို ပန်းတောင်းမြို့နယ်၊ ပြည်သူ့လွှတ်တော်အမတ် ဒေါ်ခင်နှင်းသစ်က နိုဝင်ဘာလ ၁၆ရက်၊ ပြည်သူ့လွှတ်တော်အစည်းအဝေးတွင် မေးမြန်းခဲ့သည်။

အဆိုပါ မေးခွန်းကို စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီး ဒေါက်တာသန်းမြင့်က လွှတ်တော်တွင် လာရောက်ဖြေကြားရာတွင် ငွေကြေးဖောင်းပွမှု အခြေအနေများ၊ ကုန်ဈေးနှုန်းတက်ရသည့် အကြောင်းအရင်းများနှင့် ကုန်ဈေးနှုန်းမြင့်မားလာသည့် နှုန်းထားများကိုသာ အကျယ်တဝင့် ရှင်းပြနေသည့်အတွက် လွှတ်တော်ဥက္ကဌ ဦးဝင်းမြင့်က “နိဂုံးချုပ်ပါ” ဟူ၍ ဝန်ကြီးကို သတိပေးသည်။

“မေးခွန်းကို ထိထိရောက်ရောက် ဖြေစေချင်ပါတယ်” ဟု ဦးဝင်းမြင့်က ဆိုသည်။

ယင်းနောက် ဆက်လက်ဖြေကြားရန် အချိန် ၂မိနစ် တိုးမြှင့်ပေးခဲ့ရာတွင် ဝန်ကြီး ဒေါက်တာသန်းမြင့်က “ဈေးကွက်စီးပွားရေးစနစ်အရ ကုန်ဈေးနှုန်းအား အစိုးရမှ တိုက်ရိုက်ထိန်းချုပ်ရန် မသင့်” ဟု လွှတ်တော်တွင် ဖြေကြားခဲ့သည်။

ယင်းနောက် မေးခွန်းရှင်ဖြစ်သူ ဒေါ်ခင်နှင်းသစ်က ဝန်ကြီး၏ ဖြေကြားမှုသည် ပြည့်စုံမှုမရှိဟုဆိုကာ ထပ်ဆင့်မေးခွန်းဆက်လက်မေးမြန်းခဲ့ရာ အဆင်သင့်မဖြစ်သေးသောကြောင့် လာမည့် လွှတ်တော် Section မှသာ ဖြေကြားပေးမည်ဟု ဝန်ကြီးဒေါက်တာသန်းမြင့်က ပြောဆိုသည်။

“ဝန်ကြီးဖြေတာ မေးခွန်းနဲ့ အဖြေနဲ့ မကိုက်ဘူး။ ကျွန်မမေးတာက ကုန်ဈေးနှုန်းတက်နေတာကို ထိန်းချုပ်ပေးဖို့ အစီအစဉ်ရှိ၊ မရှိ မေးတာလေ။ သူဖြေတဲ့အထဲမှာတော့ ကုန်ဈေးနှုန်းတက်နေတာကို အသေးစိတ်ရှင်းပြသွားတယ်။ ကျွန်မလိုချင်တာ အဲ့အဖြေမဟုတ်ဘူး။ ကုန်ဈေးနှုန်းတက်နေတာ အကုန်လုံး သိတယ်။ သူကတော့ ဈေးကွက်စီးပွားရေးစနစ်အရဆိုပြီး အကြောင်းပြချက်တစ်ခုတော့ ပြောတယ်။ ဒါပေမယ့် ဒီမိုကရေစီစနစ်ဆိုတာ ပြည်သူကို အခြေပြုတဲ့နိုင်ငံရေးစနစ် ဖြစ်တဲ့အတွက်ကြောင့် ပြည်သူ့အသံကို နားထောင်ဖို့ လိုပါတယ်။ ပြည်သူတွေက ဒီကုန်ဈေးနှုန်းနဲ့ပတ်သက်လို့ အသံကြီးက ကျယ်လောင်နေပြီလေ” ဟု မေးခွန်းမေးမြန်းခဲ့သူ ဒေါ်ခင်နှင်းသစ်က လွှတ်တော်အစည်းအဝေးအပြီးတွင် ပြောသည်။

မြောက်ဦးမြို့နယ်၊ ပြည်သူ့လွှတ်တော်အမတ် ဦးဦးလှစောကလည်း “ဒီဝန်ကြီးဌာနအနေနဲ့ ပြည်သူတွေခံစားနေရတဲ့ ကုန်ဈေးနှုန်းပြဿနာတွေကို ဘယ်လိုလုပ်မလဲဆိုတဲ့ တိကျတဲ့မူဝါဒ လုပ်ငန်းစဉ် မရှိဘူးဆိုတာ သက်သေခံသွားတာပဲ။ အဲ့တော့ မတန်ဘူးဗျ။ NLDမှာ တကယ်ကို ကျွမ်းကျင်တဲ့စီးပွားရေးပညာရှင်တွေ များစွာရှိပါတယ်။ ဘယ်လိုရွေးပြီး ဘယ်လိုဖြစ်နေလဲ မသိဘူး။ ဒီအတိုင်းဆိုရင်တော့ ဗမာ(မြန်မာ)ပြည်ရဲ့စီးပွားရေး ရင်လေးဖို့ ကောင်းပါတယ်” ဟု ဝေဖန်ပြောဆိုသည်။

ကုန်ဈေးနှုန်းမြင့်တက်နေသည့်ကိစ္စသည် အစိုးရတွင် တိုက်ရိုက်တာဝန်ရှိသည်ဟု ပြည်ထောင်စုကြ့ံခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီမှ မိတ္ထီလာမြို့နယ်၊ ပြည်သူ့လွှတ်တော်အမတ် ဒေါက်တာမောင်သင်းက ပြောသည်။

“အစိုးရမှာ တာဝန်ရှိတာပဲလေ။ ထိန်းချုပ်တဲ့နေရာမှာလည်း မူဝါဒနဲ့ စိစစ်ပေးလို့ ရတယ်။ ဖြစ်ပျက်နေတဲ့ ပြဿနာတွေအပေါ် မူတည်ပြီးတော့ ကြားထဲက ဝင်ညှိပေးလို့ရတယ်။ ဒီလိုဟာတွေနဲ့ သူ(အစိုးရ)က ထိန်းချုပ်ရမယ်” ဟု ဒေါက်တာမောင်သင်းက ဆိုသည်။

 

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly