သက်ငယ်မုဒိမ်းမှုတွေကို ဘယ်လိုရင်ဆိုင် ဖြေရှင်းကြမလဲ (နိဂုံးပိုင်း)

သက်ငယ်မုဒိမ်းမှုတွေကို ဘယ်လိုရင်ဆိုင် ဖြေရှင်းကြမလဲ (နိဂုံးပိုင်း)

ပျိုးလက်ဟန်

Rainfall Gender Studies Organization

ကျွန်မတို့ မော်လမြိုင်မှာဖြစ်တဲ့ အမှုတစ်ခု ကြားရတယ်။

ကလေး ၃ နှစ်အရွယ်ကမှ စပြီးတော့ ကျူးလွန်ခံရတဲ့သူကလည်း ဘယ်သူဆိုတာကို ကျွန်မတို့တွေ သိနေပြီပေါ့နော်။ ဒါပေမယ့် ဒီအမှု အရေးယူတဲ့အခါမှာ အရမ်းကို ကြာနေတာတွေ့ရတယ်။ ဥပဒေဆိုင်ရာအရ ကျွန်မတို့က မြန်မြန်ဆန်ဆန် ထိထိရောက်ရောက်နဲ့ အရေးယူဖို့ ရှုထောင့်ပေါင်းစုံကနေ စဉ်းစားပြီးတော့မှ ကျွန်မတို့တွေ ဘာတွေလုပ်သင့်သလဲ နောက်ပြီးတော့ ဒီကလေးက ဒီလောက်ကြာတဲ့အခါမှာ စိတ်ပိုင်းဆိုင်ရာ ထိခိုက်မှုတွေလည်း အများကြီး ဖြစ်လာနိုင်တယ်။

မနန်းထွေးပြောသလိုပဲ တရားရုံးကို အကြိမ်ကြိမ်သွားရတဲ့အခါရှိတယ်။ ကလေးက ကျောင်းနေတော့မယ့်အရွယ် ရောက်ပြီပေါ့နော်။ အဲဒီတော့ ကျွန်မတို့တွေ ဒီအမှုတွေပေါ်မှာရော အမတို့သုံးယောက်အနေနဲ့ မှတ်ချက်လေး တစ်ခုဆီ ပေးပေးပါဦး။ အကြံပြုချက်ရောပေါ့။

ဒေါ်နန်းထွေး

အခရာအဖွဲ့

ဟုတ်ကဲ့ပါ။ ကျွန်မဘက်က ပြောရမယ်ဆိုရင် လက်ရှိအမှုတွေထဲမှာတော့ မြန်တဲ့အမှုတွေလည်းရှိတယ်။ ကြန့်ကြာတဲ့အမှုတွေလည်း ရှိတယ်။ ဘယ်လိုအမှုက ပိုမြန်လဲဆိုတော့ ကလေးမုဒိမ်းပဲ ရဲမင်းကြီးက Round လှည့့်တယ်။ လှည့်ပြီးတော့မှ ရဲမင်းကြီးက ဒီကလေးမုဒိမ်းမှုက ဘာဖြစ်တာလဲ၊ ကလေးက ရိုးရာနာမည်လေးလည်းပါတယ်။ ရဲမင်းကြီးကလည်း သူကလည်း အဲရိုးရာထဲကပဲ ရိုးရာတူဖြစ်နေတယ်။ အဲတော့ ဒီအမှုကို သေချာကိုင်တွယ်ပါလို့ ပြောလိုက်တဲ့ နှစ်ပတ်အတွင်းမှာပဲ အမှုက ချက်ချင်းပြီးသွားတယ်။ စီရင်ချက်ချလိုက်တယ်။ ဆိုတော့ အားနည်းချက်က အရမ်းကြန့်ကြာတဲ့အမှုတွေလည်း ရှိတော့ရှိတယ်။ ကလေးဆိုရင် အဲဒီအကြောင်းကို ထပ်လည်းမစဉ်းစားချင်တော့ဘူး။ ထပ်လည်းမကြားချင်တော့ဘူး။ အဲဒါက သူ့အတွက် ခါးသီးတဲ့အရာကြီး ဖြစ်နေတယ်။ အဲတော့ အဲဒီကိစ္စနဲ့ ပတ်သက်ပြီးတော့ ရုံးချိန်းကို လူကြီးတွေ သွားသွားနေရတယ်။ မပြီးသေးတော့လည်း ကလေးအတွက် စိတ်ပိုင်းဆိုင်ရာမှာ အရမ်းအနှောက်အယှက်ဖြစ်သလို လူကြီးတွေအတွက်လည်း အရမ်း ဝန်ထုတ်ဖြစ်တယ်။ ရုံးချိန်း မပြီးမချင်း သွားနေရတယ်။ အဲလိုမျိုးတွေလည်း ရှိတယ်ပေါ့နော်။

အဲတော့ ကျွန်မအနေနဲ့ အကြံပေးချင်တာက ကျွန်မတို့လုပ်နေတဲ့အတိုင်းကိုတော့ ချပြမယ်ဆိုရင်တော့ ဒီလို ကြန့်ကြာမှုမရှိအောင် ပြည်သူလူထုလည်း ပါရမယ်။ တာဝန်ယူထားတဲ့ ဥပဒေအရာရှိ ပါရမယ်။ တာဝန်ယူထားတဲ့ တရားသူကြီးလည်း ပါရမယ်။ ပြီးတော့ အဲမြို့နယ်မှာရှိတဲ့ ရဲတွေအကုန်လုံးလည်း ပါရမယ်။ တက်ညီလက်ညီနဲ့ ဒါကို အားစိုက်ပြီးတော့မှ မြန်မြန်နဲ့ မှန်မှန်ကန်ကန် စီရင်ချက်ချနိုင်တဲ့ အမှု နောက်ဆုံး နိုင်ငံတော်အဆင့်ထိ နောက်ဆုံးချနိုင်ရင်တော့ အဆင်ပြေသွားမယ်လို့ ထင်တယ်။ နောက်ပိုင်းမှာတော့ ကျွန်မ အဲလိုဖြစ်ဖို့လည်း မျှော်လင့်ပါတယ်။

ဒေါ်ဥမ္မာမြင့်

ပြည်ကြီးခင်အဖွဲ့

အဲလိုကြန့်ကြာတဲ့ အမှုတွေ ရှိနေတဲ့အတွက်ကြောင့် ကျွန်မတို့ တချို့ကိစ္စတွေမှာ ငွေကြေးနဲ့ ဖြေရှင်းတဲ့အမှုတွေက အရမ်းအရမ်း များလာတယ်ပေါ့နော်။ အဲဒါကြောင့် အမ ဥပဒေကို အကျိုးသက်ရောက်စေချင်တာပေါ့နော်။ ဥပဒေတစ်ခုက ညီတူညီမျှလည်း ရှိရမယ်။ ဥပဒေကို လေးလေးစားစားလည်း အားလုံးက ရှိရမှာပေါ့နော်။ အဲလိုမျိုး ဥပဒေက မညီမျှတဲ့အခါ ခုနကလိုမျိုး အမှုက အရမ်းကို ကြာလာတဲ့အခါ အမတို့အကုန်လုံးက ငွေနဲ့ရှင်းဖို့ အားသန်လာကြတဲ့အခါကျတော့ ကျူးလွန်တဲ့သူတွေဘက်က ငွေနဲ့ရှင်းလို့ရတယ်ဆိုပြီးတော့ ဥပဒေကို မလေးစားမှုတွေ အများကြီး ဖြစ်လာတာပေါ့နော်။ အဲဒါကြောင့် ငွေနဲ့ရှင်းတဲ့ကိစ္စတွေက များလာတယ်လို့ အမထင်ပါတယ်။

ပျိုးလက်ဟန်

Rainfall Gender Studies Organization

ဟုတ်ကဲ့။ ဒီ ငွေနဲ့ရှင်းတဲ့ကိစ္စတွေကိုလည်း ကျွန်မတို့ ထောက်ပြဖို့ ဖွင့်ပြောဖို့အတွက် လိုနေပြီပေါ့နော်။ ခုနကပြောသလို အမှုကြာတဲ့အခါမှာ စိတ်ပိုင်းဆိုင်ရာထိခိုက်မှု ဘယ်လောက်ရှိလဲ အဲဒီအတွက်လည်း အကြံပေးပေးပါဦး။

နန့်သဇင်မင်း

ရောင်စုံမိန်းကလေးများအဖွဲ့

ကလေးတစ်ယောက်အတွက် ဒီလိုအမှုဖြစ်လာပြီဆိုရင် သူ့ကို ခဏခဏ မေးမှာပဲလေ။ အဲဒီအတွက် စိတ်မသက်မသာ ဖြစ်မှာပဲလေ။ နောက်တစ်ခုက သူနဲ့အတူတူလိုက်နေတဲ့ မိဘတွေအနေနဲ့ကလည်း စိတ်မသက်မသာ ဖြစ်ပါတယ်။ အဲတော့စိတ်ပိုင်းဆိုင်ရာထိခိုက်တယ်ဆိုတာ ကလေးတစ်ယောက်တည်းတင် မကပါဘူး။ မိဘတွေပါ ပါလာတယ်ပေါ့နော်။

နောက်တစ်ခုက အချို့ရှေ့နေတွေဆိုရင် အရမ်းမေးတက်ကြတယ်။ ခဏခဏပဲမေးတာ။ အဲတော့ ကြာလာတာနဲ့အမျှ ကျူးလွန်တဲ့သူရဲ့ ပြစ်မှုနှစ်ထက် ကျော်ပြီးတော့ လျော့သွားနိုင်တယ်ပေါ့နော်။ အဲတော့ ဒါက အကျိုးသက်ရောက်မှု လျော့သွားတယ်။ အကျိုးသက်ရောက်မှု အဲလောက်ကြီးမရှိဘူး။ ပိုဆိုးသွားတာက ကျူးလွန်ခံရတဲ့သူတွေက ပိုပြီးတော့ ပိုဆိုးသွားနိုင်တယ်ဆိုတဲ့ အနေအထားပေါ့နော်။ နောက်တစ်ခါ ပြစ်မှုကျူးလွန်ချင်တဲ့သူတွေက ဒီလိုကိစ္စမျိုးကို ကျူးလွန်တဲ့သူတွေက ပိုပိုများလာတယ်။ နောက်တစ်ခု ခဏခဏ ရုံးချိန်းသွားရတယ် ခဏခဏ မေးမြန်းခံရတယ်ဆိုတဲ့အပိုင်းမှာ ကလေးအတွက်လည်းမကောင်းဘူး။ အထူးသဖြင့် ဆယ်ကျော်သက်မိန်းကလေးတွေဆို ခဏခဏ မေးမြန်းခံရတယ်ဆိုတော့ သူ့ရဲ့ အာရုံထဲမှာ ဒီကိစ္စကို ခဏခဏ ပုံဖော်နေရတယ် အသစ်ပြန်ဖြစ်နေတယ်ဆိုတော့ သူ့ရဲ့ စိတ်ပိုင်းဆိုင်ရာကို ညည်းပန်းသလို ဖြစ်နေတယ်။ ဒါကြောင့်မို့ ဒီကစ္စတွေက မြန်မြန်လုပ်သင့်တယ်ပေါ့နော်။ မြန်မြန်လည်း လုပ်သင့်ပါတယ်လို့ ပြောချင်ပါတယ်။

ဒေါ်ဥမ္မာမြင့်

ပြည်ကြီးခင်အဖွဲ့

အမ ထပ်ဖြည့်ပြောချင်တာကတော့ အမတို့ မိဘတွေကို ပညာပေးတဲ့အချိန်မှာ မိဘတွေကို ကလေးတွေကို တစ်ယောက်တည်း မထားခဲ့နဲ့။ ကလေးတွေကို ဘယ်သူနဲ့မှ မယုံကြည်နဲ့၊ အစစအရာရာ အမတို့ ပညာပေးတဲ့အထဲမှာ ထည့်သွားတယ်။

အမတို့မှာ တကယ်တမ်းကြတော့ အရမ်းလိုအပ်နေတာက လုံခြံုတဲ့ ပတ်ဝန်းကျင်တစ်ခုရဖို့ပေါ့နော်။ အမတို့ ငယ်ငယ်တုန်းကဆိုရင် အမတို့ ကျောင်းသွားတယ်၊ ပြန်လာတယ်၊ ကိုယ့်အိမ်နားကိုရောက်ခါနီးပြီဆိုတာနဲ့ အမတို့ အရမ်းပျော်နေကြတယ်ပေါ့နော်။ အမတို့ ဘေးကင်းတဲ့နေရာကို ရောက်ပြီလို့ ထင်နေကြတာ။ အမတို့ရဲ့ ပတ်ဝန်းကျင် အမတို့နေခဲ့ရတဲ့ နေရာအကုန်လုံးက ဘေးကင်းတယ်လို့ ယူဆရတယ်။ အခုတော့ အမတို့ အရမ်းချစ်တဲ့သူတွေ အမတို့ရဲ့ ပတ်ဝန်းကျင်တွေ အမတို့ရဲ့ မိသားစုဝင်တွေကိုယ်တိုင်က မယုံကြည် စိတ်မချရတော့ဘူးဆိုရင် အမတို့ရဲ့ဘဝက ဘယ်တော့မှ လုံခြံုမှာမဟုတ်တော့ဘူး။ အမတို့ ဘယ်လောက်ပဲ လုံခြံုအောင်ဝတ်ထား အမတို့ပတ်ဝန်းကျင်သည် မလုံခြံုတဲ့အခါ အမတို့သည် ဘယ်တော့မှ လုံခြံုမှာမဟုတ်ဘူး။ အဲဒါကိုလည်း ပြုပြင်သင့်တယ်လို့ အမ ထင်တာပေါ့နော်။

ပျိုးလက်ဟန်

Rainfall Gender Studies Organization

တချို့မိသားစုတွေဆိုရင် တချို့မိဘတွေဆိုရင် ခုနကပြောသလို ကျူးလွန်ခံရတဲ့ ကလေးတွေကလည်း လေ့လာကြည့်တဲ့အခါမှာ အခြေခံလူတန်းစားက ကလေးတွေဖြစ်နေတဲ့အခါကျတော့ မိဘတွေက အလုပ်သွားရတဲ့အခါမျိုးတွေ ကလေးကို ထားပြီးတော့ သွားရတဲ့အခါမျိုးတွေ ရှိတယ်ပေါ့။ အဲလိုမျိုး ကိစ္စမျိုးမှာလည်း ကလေးရဲ့လုံခြံုမှုအတွက် ဘာလုပ််သင့်လဲပေါ့။

နန့်သဇင်မင်း

ရောင်စုံမိန်းကလေးများအဖွဲ့

နိုင်ငံတကာမှာ တချို့နိုင်ငံတွေမှာလည်း လုပ်နေတယ်ပေါ့နော်။ ကျွန်မတို့နိုင်ငံမှာဆိုရင် အရင်တုန်းကဆိုရင် အမေတွေကတော့ အိမ်မှာကျန်နေခဲ့တယ်။ အမေတွေ အလုပ်မလုပ်ဘူး။ အဖေတွေပဲ သွားပြီးတော့ အလုပ်လုပ်တယ်။ ဒါပေမယ့် ခေတ်ကာလက ပြောင်းလဲလာပြီး အမေကိုယ်တိုင်ကလည်း အလုပ်လုပ်နေရတယ်ဆိုတော့ အလုပ်ခွင်ကို ခေါ်သွားလို့ရတဲ့ မိဘတွေရှိသလို လုပ်ငန်းခွင်ကို ကလေးကို ခေါ်သွားလို့မရတဲ့ အမေတွေလည်း ရှိပါတယ်။ အဲတော့ ကျွန်မတို့က Child Girl Center တစ်ခုတော့ ကလေးတွေကို မွေးကင်းစ ဘယ်အသက်ရွယ်ကနေ စပြီးတော့ ကလေးတွေကို ထိန်းသိမ်းစောင့်ရှောက်ပေးမယ့် လူမှုအဖွဲ့အစည်းတစ်ခုမှာ ကလေးထိန်းတဲ့ နေရာတစ်ခု ရှိသင့်တယ်လို့ ထင်ပါတယ်။ ဒါမှသာလျင် ဒီအမေက အလုပ်ထွက်လုပ်တဲ့နေရာမှာ စိတ်ချလက်ချ သွားပြီးတော့ ထွက်လုပ်နိုင်မယ်။

အခုဆိုလို့ရှိရင် တော်တော်များများ မိခင်တွေကို မေးကြည့်လိုက်လို့ရှိရင် ကလေးတွေကို မထားရဲတော့ဘူး။ ဘယ်သူနဲ့ စိတ်ချရမလဲ၊ ကိုယ့်ရဲ့ ဆွေမျိုးသားချင်း အရင်းခေါက်ခေါက်တောင် စိတ်မချရရင် သူစိမ်းဆို ပိုဆိုးမယ်။ သူစိမ်းလည်း စိတ်မချဘူး။ ဘယ်သူမှ စိတ်မချရဲဘူးဆိုတဲ့ အနေအထားမှာ အမေတွေက အထူးသဖြင့် အလုပ်ထွက်လိုက်ရတယ်ပေါ့နော်။ ဒါကို ပြန်ကြည့်မယ်ဆိုလို့ရှိရင်လည်း ဖြစ်သင့်သလား မဖြစ်သင့်ဘူးလားဆိုတာ ကိုယ့်ဘာသာကိုယ် ပြန်ပြီးတော့ စဉ်းစားသင့်တယ်ပေါ့။

အဲတော့ နိုင်ငံတော်အနေနဲ့ကလည်း တကယ်ပဲ နေ့ကလေးထိန်းကျောင်းဆိုတာကလည်း သုံးနှစ်ကျော်မှ လက်ခံကြတာလေ။ အဲလိုမျိုးမဟုတ်ပဲနဲ့ တကယ်ပဲ လသားအရွယ်ကတည်းက လက်ခံပေးနိုင်တဲ့ ကလေးထိန်းနေရာတစ်ခုကိုလည်း လုပ်ပေးသင့်တယ်လို့ ပြောချင်တယ်။ နောက်တစ်ခုကလည်း တကယ်ပဲ အခြေခံ လူတန်းစားအတွက်လည်း သူတို့အတွက်လည်း လိုအပ်တဲ့ လိုအပ်သလို ကလေးထိန်းဖို့ ကလေးပါခေါ်သွားလို့ရတဲ့ နေရာမျိုး ဒါမှမဟုတ်လို့ရှိရင်လည်း စက်ရုံမှာ အလုပ်လုပ်နေတဲ့ မိခင်တွေကလည်း ကလေးပါခေါ်သွားလို့ရတဲ့ နေရာမျိုးလေးပေါ့နော် အဲလိုမျိုး ထားထားပေးသင့်တယ်လို့ ကျွန်မအနေနဲ့တော့ ထင်ပါတယ်။

ပျိုးလက်ဟန်

Rainfall Gender Studies Organization

အခု အမတို့သုံးယောက်က ပြောသွားတာလည်း တော်တော်ကို ပြည့်ပြည့်စုံစုံပေါ့နော်။ ဘာဖြစ်လို့လဲဆိုတော့ အခုချိန်မှာ လိုအပ်နေတဲ့ ကိစ္စတစ်ခုလည်းဖြစ်တယ်။ နောက်ပြီးတော့မှ သက်ငယ်မုဒိမ်းမှုတွေနဲ့ ပတ်သက်ပြီးတော့မှ ဥပဒေဆိုင်ရာ ရှုထောင့်ကနေရော ယဉ်ကျေးမှုဆိုင်ရာ ရှုထောင့်ကနေရော နောက်ပြီးတော့မှ ကလေးတွေကို ဘယ်လိုတိုင်ကြားလို့ရသလဲ။ ဘယ်လိုမျိုး ဒီအမှုတွေကို အောင်မြင်အောင် လိုက်ပေးလို့ရသလဲဆိုတဲ့ ရှုထောင့်လည်း တော်တော် စုံစုံလင်လင် ပြောသွားပေးပါတယ်။ ဒါပေမယ့်လည်း ကျွန်မတို့က ဆက်ပြီးတော့ ပြောစရာတွေ အများကြီး ရှိနေတယ်ပေါ့နော်။ ဒီမှာတော့ အချိန်အကန့်အသတ်အရ ဒီလောက်ပဲ ဆွေးနွေးခွင့် ရတယ်ပေါ့နော်။ အဲတော့ အခုလိုမျိုး ဒီကဏ္ဍလေးမှာ ပါဝင်ပြီးတော့ ဆွေးနွေးပေးတဲ့ ဒေါ်ဥမ္မာမြင့်၊ ဒေါ်နန်းထွေးနဲ့ ဒေါ်နန့်သဇင်မင်းတို့ကိုလည်း ကျေးဇူးအများကြီး တင်ပါတယ်ရှင့်။

အပိုင်း(၁) http://www.mizzimaburmese.com/article/19926
အပိုင်း(၂) http://www.mizzimaburmese.com/article/19991
အပိုင်း(၃)http://www.mizzimaburmese.com/article/20070

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly