သက်ငယ်မုဒိမ်းမှုတွေကို ဘယ်လိုရင်ဆိုင် ဖြေရှင်းကြမလဲ (အပိုင်း ၂)

သက်ငယ်မုဒိမ်းမှုတွေကို ဘယ်လိုရင်ဆိုင် ဖြေရှင်းကြမလဲ (အပိုင်း ၂)
 

ပျိုးလက်ဟန်

Rainfall Gender Studies Organization

ကျွန်မတို့တွေ ဥပဒေဆိုင်ရာ ဆရာမတို့ ပြည်ကြီးခင် အဖွဲ့အနေနဲ့ပဲဖြစ်ဖြစ် ဆရာမအနေနဲ့ပဲဖြစ်ဖြစ် ကျွန်မတို့တွေ ဥပဒေဆိုင်ရာ အချက်အလက်တွေကိုတော့ ပြည်သူလူထုတွေ သိထားသင့်တာတော့ ကြာပြီပေါ့နော်။ အဲတော့ ကျွန်မတို့တွေ ဘယ်လိုမျိုးပုံစံနဲ့ ဆရာမတို့အနေနဲ့ ဥပဒေဆိုင်ရာ အချက်အလက်တွေကို ပြည်သူလူထုတွေကို ဘယ်လိုပေးနေတာမျိုးတွေ ရှိသလဲ။ အဲလို ပေးနေတဲ့အချိန်မှာရော ဘယ်လိုစိန်ခေါ်မှုတွေရှိသလဲ။ အဲဒါလေးကိုလည်း ဆွေးနွေးပေးပါဦး။

ဒေါ်ဥမ္မာမြင့်

ပြည်ကြီးခင်အဖွဲ့

အဓိကကတော့ ဒီကိစ္စတွေ ပပျောက်ချင်တယ် ဒါမှမဟုတ်ရင် လျော့ကျချင်တယ်ဆိုရင် ပညာပေးလုပ်ငန်းတွေကိုတော့ တစိုက်မတ်မတ်တော့ လုပ်စေချင်တာပေါ့နော်။ ပညာပေးတဲ့အခါမှာ မိဘကိုလည်း ပညာပေးရမယ်။ ကလေးကိုလည်း ပညာပေးဖို့လိုတယ်။ ဘာဖြစ်လို့လဲဆိုတော့ မိဘတွေကိုယ်တိုင်က ဒီ အကြမ်းဖက်တယ်ဆိုတာကို မသိဘူးပေါ့။ ဒီဆွေးနွေးပွဲမတိုင်ခင်မှာ ကျွန်မ လေးငါးနေရာမှာ မေးခဲ့ပါတယ်။ အကြမ်းဖက်တာကို သိလားဆိုတော့ ဒီရန်ကုန်မြို့ပေါ်မှာ နေတဲ့သူတွေတောင် မသိတဲ့သူ တော်တော်များများရှိတယ်။ အဲဒီအခါကျတော့ မိဘတွေကိုယ်တိုင်က ဘယ်အချိန်မှာအကြမ်းဖက်တယ် ဘယ်အချိန်မှာ ဘယ်အဆင့်ထိ အကြမ်းဖက်တယ်ဆိုတာကို မိဘတွေကိုယ်တိုင်က မသိသေးဘူးပေါ့။ ကလေးတွေကိုလည်း သင်ပေးထားဖို့ လိုတာပေါ့နော်။ ငြင်းပါ၊ ရုန်းထွက်ပါ၊ တိုင်ကြားပါ၊ အဲဒီလောက်ကတော့ ကလေးတွေအကုန်လုံးက သိရမှာပေ့ါနော်။ တစ်ယောက်ယောက်က ကိုယ့်ကို လာထိမယ်ဆိုရင် ငြင်းမယ်၊ တိုင်ကြားမယ်ပေါ့နော် အဲလိုမျိုးသိအောင် အဲလောက် အတိုကောက်လေးပေါ့ ဘယ်နေရာမှာပဲဖြစ်ဖြစ် ကျောင်းမှာပဲဖြစ်ဖြစ် အသိပေးတဲ့ပုံစံမျိုးနဲ့ ကပ်ထားမယ်ဆိုရင် ကျူးလွန်ချင်တဲ့သူတောင် ဘာပဲပြောပြော အဟန့်အတား နည်းနည်းတော့ ဖြစ်သွားတာပေါ့။ အဲဒါကတစ်ခုပေါ့။

နောက်ပြီးတော့ မိဘတွေကိုယ်တိုင်ကလည်း ကလေးတွေကို ဆိတ်ကွယ်ရာမှာ မထားဖို့ပေါ့နော်။ ဒါကလည်း ကျွန်မတို့တွေလည်း တချိန်လုံး ပြောနေတာပါပဲ။ မိဘတွေကလည်း ဂရုစိုက်တာပါပဲ။ ဒါပေမယ့် ကျွန်မတို့ နဲနဲလေး လစ်ဟင်းသွားတာနဲ့ ဒီလိုမျိုးပြစ်မှုတွေ ကျူးလွန်တဲ့သူတွေ ရှိလာတာပါပဲ။ နောက်ပြီး ဘယ်သူ့ကိုမှ မယုံဖို့ပေါ့။ အရင်တုန်းကဆိုရင် ကျွန်မတို့မှာ ဒီလိုမျိုး အသိုင်းအဝိုင်းထဲမှာဖြစ်တဲ့ အမှုကိစ္စက အရမ်းနည်းတယ်ပေါ့နော်။ အခုနောက်ပိုင်းမှာကျတော့ ဒီလိုမျိုး အသိုင်းအဝိုင်းထဲမှာ ဖြစ်ဖြစ်လာတဲ့အခါကျတော့ ဘယ်သူ့ကိုမှ မယုံကြည်ဖို့ ကလေးတွေကို ပြောထားဖို့ လိုတာပေါနော်။

နောက်ပြီးတော့ ပြစ်ဒဏ်ကလည်း ကြီးလေးတဲ့ပြစ်ဒဏ် ဖြစ်ဖို့လိုတာပေါ့။ ဒီပြစ်မှုက ကြီးလေးတယ်လို့ မိဘတွေရော အကုန်လုံး လူထုတစ်ရပ်လုံးကလည်း သိထားဖို့လည်း လိုတာပေါ့။ အဲမှာ ကျွန်မက ဘယ်လိုစဉ်းစားလဲဆိုတော့ ကျူးလွန်တဲ့သူတွေကိုပါ ကျွန်မတို့က တွေ့ဆုံမေးမြန်းချင်တယ်။ ဘာဖြစ်လို့များ ဒီလိုမျိုး ရက်စက်တဲ့အမှုကို ကျူးလွန်နိုင်လဲပေ့ါနော်။ တကယ်လို့ ကျွန်မတို့ ၁၀ ယောက်မှာ ၈ ယောက်လောက်ကများ အဖြေအတူတူထွက်လာရင် ကျွန်မတို့မှာ ပြုပြင်ပြောင်းလဲမှုတွေ အများကြီးလိုလာပြီဆိုတာ သိလာတယ်ပေါ့နော်။ တကယ် ကျွန်မတို့ ဖြစ်ရပ်မှန်ပေါ့နော်။ ကျွန်မတို့ ဘာတွေဖြစ်နေလဲပေါ့နော်။ တကယ်တော့ ကျွန်မတို့ဆီမှာက အခြေခံလိုအပ်ချက်တွေက မပြည့်စုံတဲ့အခါကျတော့ လူတွေရဲ့ စိတ်ပိုင်းဆိုင်ရာတွေ အရမ်းအားနည်းလာပြီလားပေါ့နော်။ အဲဒါတွေကိုလည်း ကျွန်မတို့ သိဖို့လိုတာပေါ့နော်။

နောက်ပြီးတော့ ကျူးလွန်မှု များများဖြစ်နေတဲ့ အရပ်ဒေသတွေမှာလည်း ပညာပေးလုပ်ငန်းတွေ လုပ်ဖို့လိုတာပေါ့နော်။ ဒါက သူတို့မှာ မှတ်တမ်းတွေရှိမှာပဲလေ ရဲမှတ်တမ်းတို့ဘာတို့မှာ ဘယ်နေရာတွေမှာ ကျူးလွန်မှုများတဲ့နေရာတွေကို အဓိက စောင်းပေးပြီးတော့ လုပ်ဖို့ လိုတာပေါ့နော်။

နောက်ပြီးတော့ ကလေးသူငယ်ဆိုင်ရာ ဥပဒေကို ရေးဆွဲနေပြီပေါ့နော်။ အဲဒါက မူကြမ်းတော့ ထွက်နေပါပြီ။ အဲဒီမူကြမ်းထဲမှာ အပိုင်းတွေ အများကြီးရှိတယ်။ အပိုင်း ၃၀ လောက်ရှိတာပေါ့နော်။ အဲဒီမှာ တော်တော်များများကောင်းတာပေါ့နော်။ မိဘတွေလိုက်နာဖို့လည်းပါတယ်၊ ကလေးတွေ လိုက်နာဖို့လည်းပါတယ်။ အခန်း ၂၂ မှာဆိုရင် ကလေးသူငယ်တွေရဲ့ ကျင့်ဝတ်တွေလည်း ပါတယ်။ ကလေးတွေကလည်း မိဘစကားကို နားထောင်ရမယ်။ မိဘတွေပြောတာကို လေးလေးစားစား လိုက်နာရမယ်။ ဆရာမိဘစကားကို နားထောင်ရမယ်။ ဆရာမိဘ လမ်းညွှန်တဲ့အတိုင်းကို လိုက်နာရမယ်။ နောက်ထပ် မိဘနဲ့ ဆရာတွေ လိုက်နာရမယ့် ကျင့်ဝတ်တွေလည်း ပါတယ်။ အဲလိုမျိုး ပေါ်လစီတွေကို ကျွန်မတို့က အမြန်ဆုံး အကောင်အထည်ဖော် ပံ့ပိုးပြီးတော့ ဥပဒေတွေကို အတည်ပြုပေးဖို့လည်း လိုတယ်လို့ အမအနေနဲ့တော့ ထင်ပါတယ်။

ပျိုးလက်ဟန်

Rainfall Gender Studies Organization

ဟုတ်ကဲ့ပါ။ မနန်းထွေးရေ အမတို့လည်း အခရာကို ရောက်လာတဲ့အမှုတွေ အများကြီးရှိတယ်ပေါ့နော်။ အဲတော့ တခုခုများ ကျွန်မတို့ ဆယ်ကျော်သက် မိန်းကလေးတွေပဲဖြစ်ဖြစ် ဘယ်အရွယ်ပဲဖြစ်ဖြစ် မိန်းကလေးတွေရော ယောကျ်ားလေးတွေရော ဒီ လိင်ပိုင်းဆိုင်ရာ နှောက်ယှက်ခံရပြီဆိုရင် အခရာကိုရော ကျွန်မတို့တွေ ဘယ်လိုမျိုး သတင်းပို့လို့ ရသလဲပေါ့နော်။ နောက်ပြီးတော့ အခရာကနေပြီးတော့ ဆောင်ရွက်ပေးခဲ့တဲ့ ရပ်တည်ပေးခဲ့တဲ့ အမှုတွေထဲမှာဆိုရင် ဘယ်အရာတွေက မှတ်မှတ်ရရ ရှိနေတာတွေ ရှိနေလဲပေါ့။

ဒေါ်နန်းထွေး

အခရာအဖွဲ့

ကျွန်မတို့မှာတော့ ကျွန်မတို့ Hotline လေး ထားထားပေးပါတယ်။ အဲဒီကိုဆက်ပြီးတော့ ကျွန်မတို့ဆီကို အမှုအပ်လို့ရတယ်။ အမှုတိုင်လို့ရတယ်။ အရင်ဆုံး ဖုန်းနဲ့ စကားစပြောတယ်။ ပြီးလို့ရှိရင်တော့ ဒုတိယအဆင့်အနေနဲ့ ကျွန်မတု့ိ လူချင်းတွေ့ပါတယ်။ လူချင်းတွေ့ပြီးတော့မှ သူ့ဘက်က ဘာဖြစ်ချင်နေတာလဲ ဘာလိုချင်နေတာလဲဆိုတာကို ဆွေးနွေးပါတယ်။ သူ့ဆန္ဒ ဘာရှိလဲဆိုတာကို တချို့ကကျတော့ ရင်ထဲကနေပဲ ထုတ်ပြောချင်ကြတယ် ဥပဒေတွေ ဘာတွေနဲ့ မတိုင်ချင်ကြဘူး။ ရင်ထဲက ထုတ်လိုက်ရင် ပေါ့သွားတယ်ဆိုတဲ့သဘောမျိုးလေးပေါ့။ တချို့ကျတော့ မဟုတ်ဘူး အမှုကို တိုင်ကြားချင်တာ။ အချို့ကကျတော့ ဆေးကုသဖို့လိုတာ။ အခုလို မုဒိမ်းမှုအများဆုံးကတော့ ကျွန်မတို့ကတော့ မိဘတွေကိုလည်းခေါ်တယ်၊ သူတို့ ဘာလိုချင်လဲ ဘာလုပ်ချင်လဲ ဘယ်လောက်အထိ သူတို့ရဲ့ ဆန္ဒအပေါ်မှာ မူတည်ပြီးတော့ ကျွန်မတို့ လုပ်ပါတယ်။ ကလေးမုဒိမ်းမှု တချို့မှာဆိုရင် အဖိုးကြီးက အသက် ၆၀ ကလေးက ၈ နှစ် အဲတုန်းကတော့ ၇ နှစ်ခွဲပဲ ရှိသေးတယ်။ အမှုကို စီရင်ချက် ချလိုက်တာ လေးနှစ်ပဲ ချလိုက်တော့ အဲဒါ ကျွန်မတို့ဘက်ကနေပြီးတော့ အထက်ရုံးတော်ထိ တက်ဖို့အတွက် ဆက်လက်ကြိုးစားတယ်၊ ဒါပေမယ့် တကယ်တမ်း ဖြစ်သင့်တာကတော့ အနည်းဆုံး ၁၀ နှစ် ဖြစ်သင့်ပေမယ့် နောက်ထပ် ၂ နှစ်ပဲ တိုးပြီးတော့ ချလိုက်တယ်။ ဒါကိုတော့ ကျွန်မတို့ အောင်မြင်မှုလို့တော့ မသတ်မှတ်ချင်ဘူး။ ဒါပေမယ့် မဆိုးဘူးလို့တော့ သတ်မှတ်လို့ ရတယ်ပေါ့နော်။ အဲဒါဖြစ်ပြီးတော့ ကလေးမုဒိမ်း နှစ်ခုထပ်ဖြစ်ပါတယ်။ ကော့မှူးမှာ ၃ မှုရှိတယ်။ သုံးမှုလုံးကတော့ ၁၀ နှစ်လောက်ဆီ ချနိုင်တယ်ဆိုတော့ ဒါတွေက အောင်မြင်မှုတွေပေါ့။

အားမရတဲ့အမှုတွေပါ ဆက်ပြောရမယ်ဆိုရင် ယောကျ်ားလေးအမှုပေါ့ ယောက်ျားလေးအမှုဟာ ယောကျ်ားလေးကိုယ်တိုင်ကို ကျူးလွန်ပြီးတော့ သူတို့အမျိုးထဲက ဖြစ်နေတဲ့အခါကျတော့ တိုင်ချင်ပေမယ့် ငါတို့မိသားစုအရေးကို မပါပါနဲ့ဆိုပြီးတော့ အဲဒီအမှုကို လုံးဝ ပိတ်ပြီးတော့အဲဒီကလေးကိုယ်တိုင်ကိုက သူ့ထက်ငယ်တဲ့ကလေးတွေ သူ့ထက်သူ့ထက် ကြီးထားတဲ့ အဆင့်လိုက်အဆင့်လိုက် ကျူးလွန်ထားရတာ တကယ်တော့။ သူ့ထက် ပိုပါဝါကြီးတာဖြစ်သွားတော့ သူ့ထက် ငယ်တဲ့သူတွေကို ကျူးလွန်နေတဲ့ အမှုတွေလည်း ရှိပါတယ်။ အဲခါမှာ မိဘနဲ့ ဆွေးနွေးတဲ့အခါမှာ မိဘက လုံးဝ ပိတ်ထားတာတွေလည်း ရှိပါတယ်။ အဲဒါတွေကတော့ အားမရစရာ အချက်တွေပေါ့။

ပျိုးလက်ဟန်

Rainfall Gender Studies Organization

ဟုတ်ကဲ့ပါ။ မနန့်သဇင်မင်းရှင့် ကလေးမုဒိမ်းမှုလို့ ကျွန်မတို့ ပြောမယ်ဆိုလို့ရှိရင် လူကြီးတွေကပဲ ဘယ်လိုကာကွယ်ရမလဲ ဥပဒေဆိုင်ရာကရော ဘယ်လိုမျိုး ထောက်ပံ့မှုတွေ ပေးနိုင်ဆိုတဲ့ အချက်တွေကိုပဲ ကျွန်မတို့ ဆွေးနွေးတာများတယ်။ ဒီ ကလေးကိုယ်တိုင်ကရော သူတို့တွေ အရွယ်နဲ့ ထိုက်သင့်သလောက် နားလည်နိုင်မယ့် သူတို့ကိုယ်သူတို့ ဘယ်လိုကာကွယ်ရမလဲဆိုတဲ့ အသိပညာမျိုးကိုရော ပေးလို့ရသလားပေါ့။ တကယ်လို့ ပေးလို့ရတယ်ဆိုရင်ရော ဘယ်လိုပုံစံနဲ့ ပေးလို့ရသလဲပေါ့။

နန့်သဇင်မင်း

ရောင်စုံမိန်းကလေးများအဖွဲ့

ကျွန်မတို့က Culture နဲ့ နဲနဲလေး ချိတ်ဆက်ချင်တယ်ပေါ့နော်။ ငယ်ငယ်ကလေးတည်းက မွေးလာပြီးပြီဆိုရင် ကလေးမိဘတွေကအစ အဒေါ်တွေ အဓိကကတော့ မိသားစုအတွင်းကနေ ကလေးတွေ အရမ်းချစ်တယ်ဆိုလို့ရှိရင် ခန္ဓာကိုယ်တွေကို လိုက်ကိုင်တွယ်တယ်ပေါ့နော်။ အထူးသဖြင့် ယောက်ျားလေးတွေဆိုရင် သူတို့ရဲ့အင်္ဂါ မိန်းကလေးတွေဆိုလည်း သူတို့ရဲ့ အင်္ဂါလေးတွေ အဲဒါလေးတွေ သူတို့ရဲ့ ကိုယ်ပိုင် မွေးရာပါပစ္စည်းလေးတွေကို ချစ်လို့ဆိုပြီး လိုက်ကိုင်တွယ်ကြတယ်။ အဲဒီကနေ စပြီးတော့ မှားယွင်းနေတာပေါ့နော်။ အဲတော့ ဒါတွေက တကယ်ဆိုလို့ရှိရင် ကလေးတွေက မကိုင်ရပါဘူး။ ဒါ သူတို့ရဲ့ ပိုင်ဆိုင်မှုအရာပါ။ ကျွန်မတို့ ဘယ်လောက်ပဲချစ်ချစ် ကျွန်မတို့ရဲ့ သားသမီးပဲ ဖြစ်နေပါစေ သူတို့ရဲ့ ခန္ဓာကိုယ်ကို ဆေးကြောတာကလွဲ၍ သူတို့ဆီမှာ ရောဂါ တစ်ခုခု ဖြစ်တာကလွဲ၍ ကိုင်တွယ်ခွင့် မရှိပါဘူးလို့ ကျွန်မပြောချင်ပါတယ်။ အဲတော့ ကလေးကို ငယ်ငယ်ကလေးတည်းက သူတို့ စသိပြီဆိုကတည်းက သားသား ဒါလေးက သာသားရဲ့ ဘာလေးဖြစ်တယ်၊ မီးမီး ဒါလေးက သမီးလေးရဲ့ ဘာလေးဖြစ်တယ် ဆိုတဲ့ဟာလေးကို ငယ်ငယ်ကလေးတည်းက ကလေးကို စပြီးတော့ ပြောပြထားရမယ်။ ပြီးလို့ရှိရင် ဒါကကျတော့ သေချာဂရုစိုက်ရမယ်။ ဘယ်လိုတန်ဖိုးထားရမလဲ ဘယ်လိုကာကွယ်ရမလဲ သူများတွေကို မပြရဘူး၊ မထိရဘူး၊ မကိုင်ရဘူး၊ သမီး ဒါမကြိုက်ဘူး၊ သားဒါမကြိုက်ဘူး၊ အဲလိုမျိုးဟာမျိုးပေါ့ ကလေးတွေကို မိဘတွေကိုယ်တိုင်က မိသားစုကိုယ်တိုင်က ပြောပြထားရမယ်။

နောက်တစ်ခုက ကလေးတွေကို တအားမစနဲ့ပေါ့နော်။ စတာက ကျွန်မတို့အတွက် Culture ပြဿနာပဲ။ အရမ်းစကြတယ်။ ကလေးတွေက တစ်ခုခု ပြန်ပြောတယ်ဆိုလို့ရှိရင် အဲဒီ ကလေးတွေ စကားပြောတတ်တဲ့အရွယ်ဆို ပိုဆိုးတယ်။ အဲတော့ စတယ်။ စတယ်ဆိုလို့ရှိရင် ကလေးတွေရဲ့စိတ်က ဆိုးလာတာတွေရှိမယ်။ အဲဒီ စိတ်ပိုင်းဆိုင်ရာပေါ့နော်။ အဲတော့ ကလေးငယ်ငယ်ကလေးတည်းက တန်ဖိုးထားပြီးတော့ ကျွန်မတို့ တန်ဖိုးထားတဲ့စံက တချို့ဟာလေးတွေက လွဲနေတယ်ပေါ့နော်။ အဲတော့ သူတို့ကိုယ်တိုင် ကာကွယ်တတ်ဖို့ သူတို့ကိုယ်တိုင် သူတို့ရဲ့ ခန္ဓာကိုယ်ပေါ်မှာ ဘာရှိလဲဆိုတာ သိဖို့ ငယ်ငယ်ကလေးတည်းက စပြောပေးရမယ်ပေါ့နော်။ ဒါက မိသားစုတွင်းကနေ စပြီးတော့ လုပ်လို့ရတဲ့အရာ ဖြစ်တယ်ပေါ့နော်။ အဲတော့ ကလေးတစ်ယောက်က သိသွားပြီဆိုလို့ရှိရင် ပြိးတော့ မိသားစုနဲ့ ကလေးတွေရဲ့ ပေါင်းသင်းဆက်ဆံရေး ဘယ်လောက်ထိ ပွင့်လင်းမှုရှိလဲ။

နောက်တစ်ခုက ကလေးတွေရဲ့ စကားသံကို မိဘတွေ မိသားစုတွေက ဘယ်လို နားထောင်ပေးသလဲဆိုတာက အရမ်းကို အရေးကြီးတယ်။ အဲတော့ ကလေးတွေက သူ့ကို သူစိမ်းကပဲဖြစ်ဖြစ် သူ့ရဲ့ မိသားစုဝင်ကပဲဖြစ်ဖြစ် သူ့ကို တစ်ခုခုလုပ်လို့ မိဘကို ပြန်တိုင်ပြောတယ်ဆိုရင် ဒါက နားထောင်ပေးဖို့လိုတယ်။ ဘာကြောင့် သူမကြိုက်တာလဲ။ ဘာဖြစ်နေပြီလဲ။ ဒီလိုဆိုလို့ရှိရင် ကလေးတွေက မိသားစုကို မိဘတွေ ယုံပြီးတော့ လျှိုးဝှက်ချက်ဆိုတာမရှိဘဲ အကုန်လုံး ပြောပြလာလိမ့်မယ်။ ဒါဆိုလို့ရှိရင် ကိုယ့်ကလေးတစ်ယောက် ဘယ်လိုဖြစ်လာပြီလဲ အဲအခါကျလို့ရှိရင် ကလေးကလည်း မိဘကို ပိုပြီးတော့ ယုံကြည်လာလိမ့်မယ်။ ဒါက စပြီးတော့ ကျွန်မတို့က ငယ်ငယ်လေးတည်းက စပြီးတော့ ကလေးကို ပြုစုပျိုးထောင်ရမယ်။ သိတက်စအရွယ်ကတည်းကပေါ့ သူတို့ ဘယ်လို ကျောင်းတက်တယ်၊ ဆယ်ကျော်သက်အရွယ် ဖြစ်လာတယ်၊ အရွယ်ရောက်လာတဲ့အထိကို ကျွန်မတို့က တဆင့်ပြီးတဆင့် သူ့ရဲ့ အဆင့်ဆင့်နဲ့ သင်ကြားမှုကို ကျွန်မတို့က သူတို့ကို လက်ဆင့်ကမ်းပေးရမယ်။ သင်ကြားပေးရမယ်လို့ ကျွန်မအနေနဲ့ ပြောချင်ပါတယ်။

အပိုင်(၁)အားအောက်ပါတွင် ကြည့်နိုင်ပါသည်-http://www.mizzimaburmese.com/article/19926

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly