သက်ငယ်မုဒိမ်းမှုတွေကို ဘယ်လိုရင်ဆိုင် ဖြေရှင်းကြမလဲ (အပိုင်း ၁)

သက်ငယ်မုဒိမ်းမှုတွေကို ဘယ်လိုရင်ဆိုင် ဖြေရှင်းကြမလဲ (အပိုင်း ၁)

ပျိုးလက်ဟန်

Rainfall Gender Studies Organization

ကျွန်မတို့ ဒီအစီအစဉ်ကနေ ဆွေးနွေးမယ့် အကြောင်းအရာလေးကတော့ သက်ငယ်မုဒိမ်းမှုနဲ့ ပတ်သက်ပြီးတော့ ဆွေးနွေးမှာ ဖြစ်ပါတယ်။ ဒီဆွေးနွေးပွဲလေး မစခင်မှာ ကျွန်မ သတင်းတစ်ပုဒ်ကို ဖတ်ပြချင်ပါတယ်။ ၂၀၁၂ ခုနှစ်ကနေ ၂၀၁၄ ခုနှစ်အတွင်းမှာ သက်ငယ်မုဒိမ်းမှု ၄၀၀ ကျော် ဖြစ်ပွားခဲ့ပြီးတော့ ၂၀၁၄ ခုနှစ်မှာတော့ သက်ငယ်မုဒိမ်းမှု အများဆုံးလို့ ရန်ကုန်တိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူးရုံးကနေ ထုတ်ပြန်ထားတာကို ကျွန်မတို့ တွေ့ရပါတယ်။ အဲတော့ ကျွန်မတို့အနေနဲ့ ဒီ သက်ငယ်မုဒိမ်းမှုဆိုတာ အင်မတန် အရေးကြီးတဲ့ သေရေးရှင်ရေးတမျှ အရေးကြီးတဲ့ အဖြတ်အပျက်တွေလို့ ကျွန်မတို့ ယူဆတယ်ပေါ့နော်။

အဲဒါကြောင့်မို့ ကျွန်မတို့ ဒီဆွေးနွေးခန်းလေးထဲမှာ သက်ငယ်မုဒိမ်းမှုနဲ့ ပတ်သက်ပြီးတော့ ဆွေးနွေးမှာ ဖြစ်ပါတယ်။ ဦးဆောင်ပြီးတော့ ဆွေးနွေးမယ့်သူကတော့ ကျွန်မ ပျိုးလက်ဟန်ဖြစ်ပါတယ်။ ပါဝင်ဆွေးနွေးမယ့်သူတွေနဲ့လည်း ကျွန်မ မိတ်ဆက်ပေးပါရစေ။ ဟိုဘက် အစွန်က အမကတော့ ပြည်ကြီးခင်အဖွဲ့က ဒေါ်ဥမ္မာမြင့် ဖြစ်ပါတယ်။ နောက်တစ်ယောက်က  အခရာအဖွဲ့က ဒေါ်နန်းထွေး ဖြစ်ပါတယ်။ နောက်ဆုံးတစ်ယောက်က နန့်သဇင်မင်း ရောင်စုံမိန်းကလေးများ အဖွဲ့က ဖြစ်ပါတယ်။ ကျွန်မကတော့ Rainfall Gender Studies Organization က ပျိုးလက်ဟန်ဖြစ်ပါတယ်။

ဟုတ်ကဲ့ပါ ကျွန်မတို့ ဆွေးနွေးခန်းလေးကို မနန်းထွေးနဲ့ စလိုက်ရအောပ်ပေါ့နော်။ ကျွန်မတို့ တစ်ခုသိချင်တာက ကျွန်မတို့ သက်ငယ်မုဒိမ်းမှုလို့ ပြောမယ်ဆိုရင် ဘယ်အရွယ်အောက်ကို သက်ငယ်မုဒိမ်းမှုလို့ အဓိပ္ပာယ် ဖွင့်ဆိုသလဲပေါ့နော်။ နောက်ပြီးတော့ သက်ငယ်မုဒိမ်းမှုတွေက ဘယ်လိုပုံစံတွေနဲ့ ဖြစ်ပွားနေတာမျိုးတွေ ရှိသလဲပေါ့။

ဒေါ်နန်းထွေး

အခရာအဖွဲ့

ကျွန်မတို့နိုင်ငံမှာ ဆိုလို့ရှိရင်တော့ သက်ငယ်မုဒိမ်းကို ၁၆ နှစ်အောက်ကနေ စတင် သတ်မှတ်ကြတယ်ပေါ့နော်။ ဘယ်လိုပုံစံတွေနဲ့ ဖြစ်နေလဲဆိုတော့ ပုံစံကတော့ အမျိုမျိုး ဖြစ်နေတယ်။ ဘယ်လိုအရွယ်အစားတွေ အသက်အရွယ်တွေ ဖြစ်နေလဲဆိုတော့ လသားအရွယ်မှအစ ၁၆ နှစ်ထိလို့ ပြောထားတဲ့အတွက်ကြောင့် ၁၆ နှစ်အရွယ်ထိ ဖြစ်နေတယ်ပေါ့နော်။ ကျွန်မတို့ လက်ရှိ ကိုင်ထားတဲ့ အခရာ အမျိုးသမီးအဖွဲ့မှာတော့ လာရောက်ပြီးတော့ တိုင်ကြားထားတဲ့ အမှုတွေဆိုရင် လေးနှစ်ကနေ စပါတယ်။ လေးနှစ်ရယ်၊ ခြောက်နှစ်ရယ်၊ ခုနှစ်နှစ်တွေရှိတယ်၊ ရှစ်နှစ် ရှိတယ်၊ ဆယ့်တစ်နှစ်ရှိတယ်၊ ဆယ့်သုံးနှစ်တွေလည်း ရှိပါတယ်။ လောလောဆယ်တော့ အဲဒီအမှုတွေ ကျွန်မတို့ ကိုင်နေပါတယ်။

ပျိုးလက်ဟန်

Rainfall Gender Studies Organization

များသောအားဖြင့်ပေါ့နော် လသားသမီးကနေ စပြီးတော့မှ ကျူးလွန်ခံနေရတယ်ဆိုတော့ ဒါ အင်မတန်ကို ဆိုးဝါးတဲ့ အခြေအနေတွေ ဖြစ်နေတာပေ့ါနော်။ အဲတော့ ဘယ်လိုပုံစံတွေနဲ့ရော ကျူးလွန်တဲ့သူတွေက ကျူးလွန်လေ့ ရှိလဲပေါ့။ ဥပမာဆိုလို့ရှိရင်လည်း ကြိုတင်ကြံစည်တာလား၊ ကြိုတင်မကြံစည်တာလားပေါ့ အမတို့ ကိုင်တွယ်တဲ့ အမှုတွေဆိုရင် ဘယ်လိုတွေ တွေ့ရတာ များသလဲရှင့်။

ဒေါ်နန်းထွေး

အခရာအဖွဲ့

အချို့အမှုကကျတော့ ကြိုတင်ကြံစည်တယ်။ အချို့အမှုတွေကျတော့ ကြိုတင် မကြံစည်ထားတဲ့ ပုံစံ ပေါက်နေတယ်။ ဒါပေမယ့် သူတို့စိတ်ထဲမှာ ကြိုတင်ကြံစည်တယ် မကြံစည်ဘူးဆိုတာတော့ ပြောလို့မရဘူး။ အချို့ဟာက ပြောလို့ရတယ်ဆိုတယ်။ အဖေ ကျူးလွန်တဲ့ကိစ္စတွေ ဦးလေး အများအားဖြင့် ကျူးလွန်တဲ့သူတွေထဲမှာမှ ၇၀ ရာခိုင်နှုန်းက ကလေးနဲ့ ရင်းနှီးပြီးသားသူတွေက ကျူးလွန်တယ်လို့ သုတေသနလုပ်ထားတာလည်းရှိတယ်။ ကျွန်မတို့ လက်တွေ့မှာကျတော့ သူ့ဘေးနားကလူတွေ ရင်းနှီးကျွမ်းဝင်ပြီးသားသူတွေကပဲ ပြုကျင့်တာဆိုတော့ တစ်အိမ်တည်းနေတာဖြစ်မယ်၊ ဦးလေးတွေနဲ့ အိမ်ခြားပြီးနေတာဖြစ်မယ်၊ အဖေကိုယ်တိုင်က ဖြစ်နေတဲ့ကိစ္စတွေ ဖြစ်နေတဲ့အခါကျတော့ အချို့ဟာ တော်တော်များများကတော့ ရည်ရွယ်ချက် ရှိရှိနဲ့ကို ကျူးလွန်တာ များတယ်လို့ သုံးသပ်လို့ရပါတယ်။

ပျိုးလက်ဟန်

Rainfall Gender Studies Organization

ဟုတ်ကဲ့ပါရှင့်။ မဥမ္မာမြင့်အနေနဲ့ကရော ဒီကျူးလွန်တဲ့သူတွေ ကျွန်မတို့က ကြိုတင်ကာကွယ်လို့ရအောင် ကျူးလွန်နိုင်တဲ့သူတွေက ဘယ်လိုလူမျိုးတွေ ဖြစ်နေနိုင်လဲ။

ဒေါ်ဥမ္မာမြင့်

ပြည်ကြီးခင်အဖွဲ့

ခုနက အမပြောသွားသလိုပါပဲ အမှုတွေကို ကြည့်တဲ့အခါမှာ မြို့ပေါ်မှာထက်စာရင် ကျေးလက်တွေမှာက ပိုပြီးတော့ အဖြစ်များတယ်။ မြို့ပေါ်မှာကျတော့ ကျွန်မတို့ လူနေမှုပုံစံအရ အကာအကွယ်ကျတော့ များတာပေါ့နော်။ ဥပမာ ရေချိုးခန်းတို့ဘာတို့ကအစ သပ်သပ်ရပ်ရပ် သူ့တိုက်ခန်းနဲ့သူ နေတဲ့အခါကျတော့ အခုလိုမျိုး အမှုကိစ္စတွေက နည်းပြီးတော့ ကျေးရွာတွေမှာ ကျူးလွန်မှုတွေက များနေတာပေါ့နော်။ ဥပဒေနဲ့ လက်လှမ်းဝေးတဲ့နေရာတွေ ဥပဒေအလှမ်းမမှီတဲ့နေရာတွေမှာလည်း ကျူးလွန်တဲ့ဟာတွေ များတာကို တွေ့ရပါတယ်။

နောက်ထပ် ကျွန်မ ဘာထပ်တွေ့ရသေးလဲဆိုတော့ အရက်သောက်တဲ့သူတွေပေါ့နော် အရက်သောက်ပြီးတော့ ကျူးလွန်မိတဲ့သူတွေရှိတယ်၊ မူးယစ်ဆေးဝါးကြောင့် ကျူးလွန်တဲ့သူတွေရှိတယ်။ အခုနောက်ပိုင်းမှာ တယ်လီဖုန်းတွေပေါ့နော် တယ်လီဖုန်းတွေနဲ့ အင်တာနက်တွေကြည့်တယ်၊ ကောင်းတာတွေကို မကြည့်ပဲနဲ့ လွဲမှားစွာဟာတွေ ကြည့်တဲ့တွက် ဒီလိုမျိုးအမှုတွေ ကျူးလွန်လာတာကိုလည်း တွေ့ရပါတယ်။

နောက်ပြီးတော့ ဥပဒေ အသိပညာနည်းတယ်၊ သူတို့ရဲ့ ပညာအရည်အချင်းကလည်း ပုံမှန်ထက် အရမ်းနိမ့်ပါးတဲ့အခါကျတော့ ဥပဒေကို မသိတဲ့အခါကျတော့ ကျူးလွန်တဲ့သူတွေလည်း များလာတယ်။ တချို့ကျတော့လည်း ဥပဒေကို သိရဲ့သားနဲ့ ဥပဒေကို လက်တစ်လုံးကြားလုပ်တဲ့သူတွေ ကျူးလွန်တာကိုလည်း ကျွန်မ တွေ့ရတယ်။

နောက်ပြီးတော့ အထူးသဖြင့် ပဋိပက္ခဖြစ်နေတဲ့ဒေသတွေမှာလည်း ဒီလိုမျိုး အမှုကိစ္စတွေ ကျူးလွန်တာတွေရှိတယ်။ နောက်တစ်ခုကလေ လိင်နဲ့ပတ်သက်တဲ့ အလုပ်လုပ်နေတဲ့သူတွေ ဒီလိုလူတွေမှာလည်း ကျူးလွန်တာတွေရှိတယ်။ နောက်တစ်ခုကတော့ မလိုလားအပ်တဲ့ လိင်ပိုင်းဆိုင်ရာ မှတ်ချက်တွေ အဲဒါက ဘာလဲဆိုတော့ တချို့ဟာလေ HIV ရှိလို့ရှိရင် HIV ရှိတဲ့သူတစ်ယောက်က ဒီလိုမျိုး သက်ငယ်မုဒိမ်းမှု ကျူးလွန်လိုက်လို့ရှိရင် HIV ရောဂါက ပျောက်သွားတယ် အဲလို ကျွန်မတို့ ဘယ်ဆေးပညာမှ မရှိတဲ့ မှတ်ချက်တွေနဲ့ ကျူးလွန်တဲ့ အမှုတွေလည်း ရှိတာပေါ့နော်။

နောက်ပြီးတော့ ဘာလဲဆိုတော့ ကြိုတင်ကမ်းလှမ်းတာပေါ့။ လူကုန်ကူးနဲ့ပတ်သက်လို့ ကြိုတင်ကမ်းလှမ်းတဲ့သူတွေမှာလည်း ဒီလိုမျိုး ပြစ်မှုတွေ ကျူးလွန်တာကို ကျွန်မတို့ တွေ့ရှိရပါတယ်။

ပျိုးလက်ဟန်

Rainfall Gender Studies Organization

အဲတော့ မနန့်သဇင်မင်းက ဒီဆယ်ကျော်သက် မိန်းကလေးတွေကို အဓိက ကူညီပံ့ပိုးပေးနေတဲ့သူ ဖြစ်တဲ့အတွက်ကြောင့် နိုင်ငံတကာမှာရော အသက်အရွယ် ဘယ်လောက်အောက်ကို သက်ငယ်မုဒိမ်းမှု မြောက်တယ်လို့ ကျွန်မတို့ သတ်မှတ်ထားတာမျိုးတွေ ရှိသလဲ။ နောက်တစ်ခုကကျတော့ ကျွန်မတို့တွေ ဒီ နိုင်ငံတကာမှာရော ဘယ်လိုမျိုးပုံစံနဲ့ အမှုတွေ ခုနကတုန်းကပြောသလိုမျိုး ကိုယ်နဲ့နီးစပ်တဲ့သူတွေလား အိမ်နီးနားခြင်းတွေလားပေါ့ ဘယ်လိုမျိုးပုံစံနဲ့ တွေ့ရတာများလဲ။

နန့်သဇင်မင်း

ရောင်စုံမိန်းကလေးများအဖွဲ့

ကလေးသူငယ်နဲ့ဆိုရင် နိုင်ငံတကာမှာဆိုလို့ရှိရင် UN ကလည်း ပြဌာန်းထားပြီးသားပေါ့။ ယူနီဆက်ကလည်း ပြဌာန်းထားပြီးသား။ ၁၈ နှစ်အောက်ကို ကလေးသူငယ်လို့ သတ်မှတ်ထားတယ်ပေါ့နော်။ အဲတော့ ပြောရမယ်ဆိုလို့ရှိရင် သက်ငယ်ဆိုလို့ရှိရင် ကလေးလို့ သတ်မှတ်ထားတယ်ဆိုရင် မွေးရာကနေ စပြီးတော့ ၁၈ နှစ်အောက်ကတော့ ဒါ ကလေးလို့ သတ်မှတ်ထားပါတယ်။ ကလေးလို့လည်း ဆိုထားပါတယ်။ အဲဒီထဲမှာတော့ သူ ပြန်ပြီးတော့ သတ်မှတ်ချက်အရတော့ ဘယ်အရွယ်ကနေ ဘယ်အရွယ်ထိဆိုတဲ့ အရွယ်အပိုင်းအခြားတွေ သတ်မှတ်ထားတယ်ပေါ့နော်။ ဆယ်ကျော်သက်အရွယ် တကယ့်မွေးကင်းစအရွယ် ပြီးတော့ ဒီ လမ်းလျှောက်တက်တဲ့အရွယ်ပေါ့နော်။ သူ့ရဲ့ဖွံ့ဖြိုးမှု အဆင့်ဆင့်ကိုလည်း ပြန်ပြီးတော့ သတ်မှတ်ထားပါတယ်။ အဲဒါတစ်ခုပေါ့နော်။

ခုနက ဆွေးနွေးတဲ့အထဲမှာလည်း ပါတယ်ပေါ့နော် ကျူးလွန်တဲ့သူတွေက ဘယ်သူတွေလဲ အဲတော့ ကျူးလွန်တဲ့သူတွေက ဘယ်သူမဆို ဖြစ်နိုင်တယ်။ အဲတော့ ကျူးလွန်တဲ့သူအများဆုံးကတော့ ရှေ့မှာ အမနှစ်ယောက် ဖော်ပြပေးသွားပါပြီ။ တိတိကျကျလည်း ဖော်ပြပေးသွားပါပြီ။ ဒါပေမယ့် ကျွန်မ ထပ်ပြီးတော့ ဖြည့်ချင်တာကတော့ ကျူးလွန်တဲ့စိတ်က ပေါ်လာပြီဆိုလို့ရှိရင် သူ့ရဲ့ စိတ်အနေအထားနဲ့ အခြေအနေပေါ့နော်၊ အဲဒီကာလကို ကြည့်ပြီးပီဆိုလို့ရှိရင် ဘယ်သူမဆို ကျူးလွန်နိုင်တယ်ပေါ့နော်။ အဲတော့ ပညာတက်တွေကလည်း အများကြီး ကျူးလွန်နေကြတာပါပဲ။ ဥပဒေကို လက်တလုံးခြားလုပ်ပြီးတော့ ဒါက ကျွန်မ ပြန်ပြီးတော့ ဖြည့်စွက်ပြောပေးတာပေါ့နော် လက်တစ်လုံးခြား လုပ်ပြီးတော့ ကျူးလွန်တဲ့သူတွေ အများကြီး တချို့ကတော့ ပညာတတ် ကျူးလွန်တဲ့အထဲမှာတော့ ယောကျ်ားလေးလည်းပါတယ်။ မိန်းကလေးလည်းပါတယ်။ ယောက်ျားလေးတွေလည်း အများကြီး ကျူးလွန်ခံရတယ်။ ဒါပေမယ့် အဖြစ်များတာကတော့ မိန်းကလေးက ရာခိုင်နှုန်းက ယောက်ျားလေးတွေထက် ပိုပြီးတော့ အဖြစ်များတာကို တွေ့ရှိရပါတယ်။ အဲတော့ ယောကျ်ားလေးကို ကျူးလွန်တဲ့သူတွေကလည်း ယောကျ်ားလေးအချင်းချင်း ပြန်ပြီးတော့ ကျူးလွန်ကြတယ်။ ဥပမာ အကိုလည်း ဖြစ်နိုင်တယ် အိမ်နီးနားချင်း ဆွေမျိုးသားချင်းလည်း ဖြစ်နိုင်သလို ဆွေမျိုးသားချင်းမဟုတ်တဲ့ ကျောင်းအတွင်းမှာလည်း ဖြစ်နိုင်တယ်။ (ယူနီဗာစီတီ )စပြီးတော့ တက်မယ်ဆိုလို့ရှိရင်လည်း ၁၈ နှစ်အောက် တက်နေတဲ့ ကလေးတွေလည်း အများကြီးရှိတယ်။ ကျောင်းသားအချင်းအချင်းလည်း ပြန်ဖြစ်နိုင်တယ်။ အဲတော့ ကျူးလွန်တဲ့သူ ဘယ်အသက်အရွယ်မဆို အပိုင်းအခြား မရှိဘူးပေါ့နော်။

ပျိုးလက်ဟန်

Rainfall Gender Studies Organization

နိုင်ငံတကာမှာရော အဲဒါကို ဘယ်လိုမျိုးဟာမျိုးကို မုဒိမ်းမှုမြောက်တယ် အရေးယူလို့ရတယ်လို့ သတ်မှတ်ထားတာတွေ ရှိသလဲရှင့်။

နန့်သဇင်မင်း

ရောင်စုံမိန်းကလေးများအဖွဲ့

ဟုတ်ကဲ့။ မုဒိမ်းမှုကိုကျတော့ မြန်မာနိုင်ငံရဲ့ ဥပဒေလမ်းကြောင်းမှာဆိုရင် မုဒိမ်းမှုကို သတ်မှတ်ထားတဲ့ အဓိပ္ပာယ်ဖွင့်ဆိုချက်တော့ ရှိပြီးသားပါ။ ဒါပေမယ့် အဲဒါကို ကျွန်မတို့ ပြန်ပြီးတော့ စဉ်းစားဖို့ လိုပါသေးတယ်။ အဲတော့ နိုင်ငံတကာမှာဆိုလို့ရှိရင်တော့ မုဒိမ်းမှုဆိုလို့ရှိရင် ကျွန်မတို့ အမျိုးသမီးအင်္ဂါကို အမျိုးသားအင်္ဂါ ထည့်သွင်းတဲ့အပြင်မှာ လက်နဲ့ပဲဖြစ်ဖြစ် ပစ္စည်းတစ်ခုခုနဲ့ပဲဖြစ်ဖြစ် သူ့ကို ထိမိတာပေါ့နော်၊ ထိုးသွင်းတာတွေ အကုန်လုံး ပါတယ်ပေါ့နော်။ အဲတော့ စအိုလည်းပါတယ်။ အမျိုးသီးတွေရဲ့ အင်္ဂါလည်းပါတယ်။ နောက်တစ်ခုက ပါစပ်လည်းပါတယ်ပေါ့နော်။ အဲဒါတွေအားလုံးကို တစ်ခုခုနဲ့ လိင်အင်္ဂါပိုင်းကို ကျူးလွန်ပြီးသွားပီဆိုရင်တော့ ဒါက ဖြစ်စေတယ်ဆိုလို့ရှိရင်တော့ ဒါက မုဒိမ်းမှုပဲပေါ့နော်။

ပျိုးလက်ဟန်

Rainfall Gender Studies Organization

အဲတော့ တခြားခန္ဓာကိုယ်အစိတ်အပိုင်းတွေပေါ့နော်။ ဥပမာ မျက်နှာပဲဖြစ်ဖြစ် နှုတ်ခမ်းပဲဖြစ်ဖြစ်ပေါ့ ကလေးက သဘောမတူပဲနဲ့ ကလေး စိတ်အနှောက်အယှက်ဖြစ်အောင်လို့ တကယ်လို့ ပြုလုပ်တယ်ဆိုလို့ရှိရင် ဒါဆိုရင် ကျွန်မတို့ ဘယ်လိုပုံစံနဲ့ အရေးယူလို့ရလဲရှင့်။

နန့်သဇင်မင်း

ရောင်စုံမိန်းကလေးများအဖွဲ့

အဲဒီအပိုင်းကို ကျွန်မ ပြောရမယ်ဆိုလို့ရှိရင်တော့ ဒါက ကာအိန္ဒြေ နှောက်ယှက်မှုဆိုတဲ့ အပိုင်းကိုတော့ ထည့်သွင်းပြိးတော့ စဉ်းစားလို့ ရတယ်ပေါ့နော်။ ကျွန်မအတွေ့အကြုံနဲ့ ပြောရမယ်ဆိုရင်တော့ မုဒိမ်းမှု ၁၁ နှစ်သမီးလေး ဖြစ်သွားတယ်။ အမှုတိုင်တယ်။ အဲဒါက နယ်မှာ ဖြစ်သွားတာပေါ့နော်။ ရှမ်းပြည်ဘက်မှာ ဖြစ်သွားတယ်။ ကလေးကို အဆောင်မှာ ထားထားတယ်။ အဆောင်မှာက ၁၁ နှစ်သမီး နှစ်ယောက်နေရတယ်။ ကျောင်းအုပ်ဆရာမရဲ့ အမျိုးသားက ညကျတော့ လာပြီးတော့ ကလေးနှစ်ယောက်ကို ကြံစည်တယ် လုပ်တယ်။ အကြာကြီးပဲ ပါစပ်တွေပိတ်ထားတယ်။ အဲတော့ ကလေးက ရုန်းလို့မရဘူး။ ကလေးနှစ်ယောက် အိပ်တယ်ဆိုပေမယ့် ဟိုဘက်က ကလေးတစ်ယောက်က နှစ်နှစ်ခြိုက်ခြိုက် အိပ်နေတာ။ အဲဒီချိန်မှာ ကလေးတွေက အရမ်းကို နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်တတ်တဲ့အချိန်ဆိုတော့ အိပ်နေတယ်။ ကလေးက ရုန်းလို့မရဘူး။ နောက်ဆုံး ကလေးရဲ့ အင်္ဂါအထဲကို အပြင်ရော ကိုယ်ခန္ဓာတစ်ခုလုံးကို လက်နဲ့ ကိုင်တွယ်ပြီးတော့ နောက်ဆုံးအဆင့်မှာ သူ့ရဲ့ လိင်အင်္ဂါကို ကလေးရဲ့အင်္ဂါထဲကို ထည့်သွင်းမယ့်အဆင့်မှာ သူလည်း ကြိုးစားနေတဲ့အချိန်မှာ သူလည်း ရုန်းနိုင်တဲ့အတွက် ဘေးနားကကလေး နိုးသွားတဲ့အခါကျတော့ အဲဒီအဆင့်မှာ အဲဒါကို သတ်မှတ်လိုက်တာက မုဒိမ်းမှုမမြောက်ဘူး ကြံစည်မှုပဲ မြောက်ပါတယ်ဆိုပြီးတော့မှ ကြံစည်မှုနဲ့မှ အမှုကို လျော့ချလိုက်တယ်ဆိုတာကို တွေ့လိုက်ရတယ်ပေါ့နော်။

ဆက်လက်ဖော်ပြပါမည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly