ပညာအရည်အချင်းထက် နိုင်ငံရေးအရည်အချင်းရှိသူကို ဦးစားပေးပြီး NLD အမတ်လောင်း ရွေးမည်

ပညာအရည်အချင်းထက် နိုင်ငံရေးအရည်အချင်းရှိသူကို ဦးစားပေးပြီး NLD အမတ်လောင်း ရွေးမည်
ရန်ကုန်မြို့၊ ပုစွန်တောင်ဈေးတွင် မဲဆွယ်စည်းရုံးနေသည့် NLD ပါတီဝင်များအား ၂၀၁၅ခုနှစ်၊ အောက်တိုဘာ ၃၁ရက်က တွေ့ရစဉ်(ဓာတ်ပုံ- ဟောင်ဆာ(ရာမည)/မဇ္ဈိမ)
 

နေပြည်တော်(နိုဝင်ဘာ ၇ရက်၊ ၂၀၁၆ခုနှစ်)။              ။ လာမည့် ကြားဖြတ်ရွေးကောက်ပွဲတွင် ဝင်ပြိုင်မည့် အမတ်လောင်းများရွေးချယ်ရာတွင် ပါတီ၏ ယခင်မူဝါဒကို ပြောင်းလဲမည်မဟုတ်သော်လည်း ပညာအရည်အချင်းထက် နိုင်ငံရေးအရ အရည်အချင်းရှိသူကို ဦးစားပေးပြီး ရွေးချယ်သွားမည်ဖြစ်ကြောင်း အမျိုးသားဒီမိုကရေကရေစီအဖွဲ့ချုပ်(NLD)၏ ဗဟိုအလုပ်အမှုဆောင်ကော်မတီမှ အတွင်းရေးမှူးအဖွဲ့ဝင် ဦးဝင်းထိန်က ပြောသည်။

“ပညာမတတ်ရင် နေပါစေ၊ ဆယ်တန်းမအောင်ရင် နေပါစေ။ ဒါပေမယ့် လူထုနဲ့ပတ်သက်လို့ နိုင်ငံရေးလုပ်မယ်ဆိုရင် နိုင်ငံရေးကို လုပ်တတ်မှ နားလည်တဲ့သူမျိုးမှ ဦးစားပေးပြီး ရွေးရတော့မှာပဲ” ဟု နိုဝင်ဘာ ၇ရက်၊ ညနေပိုင်းတွင် ဦးဝင်းထိန်က မဇ္ဈိမကို ပြောသည်။

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(NLD)အနေဖြင့် ပြီးခဲ့သည့် ၂၀၁၅ အထွေထွေရွေးကောက်ပွဲတွင် လွှတ်တော်အသီးသီးအတွက် အမတ်လောင်းဦးရ တစ်ထောင်ကျော် ဝင်ရောက်ယှဉ်ပြိုင်ခဲ့ရာ စုစုပေါင်း ၈၈၆ဦး အနိုင်ရရှိခဲ့သည်။

အဆိုပါ ၈၈၆ဦးတွင် ပညာအရည်အချင်းအားဖြင့် ဆရာဝန်၊ အင်ဂျင်နီယာ၊ ရှေ့နေ၊ ကျာင်းဆရာ၊ ဆရာမ စသဖြင့် အမျိုးမျိုး ပါဝင်ခဲ့ပြီး အချို့မှာ ပညာတတ်သော်လည်း နိုင်ငံရေးအားနည်းသည့်အတွက် လာမည့် ကြားဖြတ်ရွေးကောက်ပွဲတွင် အသေအချာ စိစစ်ရမည်ဟု ဦးဝင်းထိန်က ပြောသည်။

“တချို့ ပညာတတ်သော်လည်းပဲ နိုင်ငံရေးအရ အင်မတန်ကို နုံချာတဲ့သူတွေ ပါတယ်။ အဲ့လိုလူမျိုးတွေမဖြစ်အောင်တော့ သေသေချာချာစိစစ်ရတော့မယ်" ဟု ၎င်းက ဆိုသည်။

သို့သော် ယခင်ချမှတ်ထားသည့် အမျိုးသမီး၊ လူငယ်၊ တိုင်းရင်းသားတို့ကို ဦးစားပေးရွေးချယ်သည့် မူဝါဒကိုမူ ပြောင်းလဲသွားမည်မဟုတ်ဟုလည်း ဆိုသည်။

ကြားဖြတ်ရွေးကောက်ပွဲကို လာမည့် ၂၀၁၇ခုနှစ်၊ ဧပြီလ ၁ရက်တွင် ကျင်းပသွားမည်ဖြစ်ပြီး လွှတ်တော်အသီးသီးအတွက် လစ်လပ်မဲဆန္ဒနယ်ပေါင်း ၁၉နေရာတွင် ကျင်းပသွားမည်ဟု ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က ကြေငြာထားသည်။

လက်ရှိတွင်လည်း သက်ဆိုင်ရာ လစ်လပ်မဲဆန္ဒနယ်အသီးသီးတွင် တစ်အိမ်တက်ဆင်းစနစ်ဖြင့် သက်ဆိုင်ရာရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲများက မဲစာရင်း ကောက်ယူနေပြီဖြစ်သည်။

အာဏာရ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(NLD) အနေဖြင့် ပြီးခဲ့သည့် ၂၀၁၅ ရွေးကောက်ပွဲတွင် ပြည်သူ့လွှတ်တော်တွင် ၂၅၅နေရာ၊ အမျိုးသားလွှတ်တော်တွင် ၁၃၅နေရာ၊ တိုင်းနှင့်ပြည်နယ်လွှတ်တော်များတွင် ၄၇၅နေရာနှင့် တိုင်းရင်းသားလူမျိုးကိုယ်စားလှယ် ၂၁နေရာအဖြစ် အသီးသီး အနိုင်ရရှိထားသည်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly