မောင်တော အကြမ်းဖက်မှုကြောင့် တပ်မတော်နှင့် ရဲတပ်ဖွဲ့ဘက်မှ ကျဆုံးသူ ၁၅ ဦးထိရှိနေ

မောင်တော အကြမ်းဖက်မှုကြောင့် တပ်မတော်နှင့် ရဲတပ်ဖွဲ့ဘက်မှ ကျဆုံးသူ ၁၅ ဦးထိရှိနေ
Photo: Nyunt Win/EPA

ရန်ကုန်၊ နိုဝင်ဘာ ၆ ။              ။ ရခိုင်ပြည်နယ် မောင်တောခရိုင်ရှိ အကြမ်းဖက်တိုက်ခိုက်မှု များကြောင့် နိုဝင်ဘာ ၅ရက် ထိ နယ်ခြားစောင့် ရဲတပ်ဖွဲ့ဝင် ၁၀ ဦး တပ်မတော်သား ၅ ဦး ကျဆုံးထားကြောင်း ပြန်ကြားရေးဝန်ကြီးဌာန ညွှန်ကြားရေးမှူး ဦးမြင့်ကျော် ကမဇ္ဈိမ သို့ အတည်ပြုပြောသည်။

နိုင်ငံတော်သမ္မတရုံးပြောရေးဆိုခွင့်ရှိသူ ဦးဇော်ဌေးက “အမျိုးသားလုံခြုံရေးအမြင်နဲ့ ရှု့မြင်ပြီးတော့ လုပ်ဖို့လိုတယ်။ ဘာကြောင့်လည်းဆိုတော့ ကျွန်တော်တို့နိုင်ငံမှာ အခု ရဲဘော် ၁၅ ယောက်ထိကျသွားပြီ အဲ့ဒါကို တော်ယုံ တန်ယုံ လူတွေက သိပ်ပြီးတော့ အလေးနက်မထားဘူးပေါ့နော် ကျွန်တော်မြင်နေရတယ်" ဟု ပြောဆိုသည်။

နိုဝင်ဘာ ၃ ရက်နေ့ကလည်း မောင်တောမြို့နယ်နူရုူလ္လာ ရဲကင်းစခန်း၌ အမည်မသိ ဘင်္ဂါလီ ၅ ဦးမှ ဆိုင်ကယ်နှစ်စီးဖြင့် စခန်းရှေ့တွင် ရပ်ကာ သေနတ်တိုဖြင့် ပစ်ခတ်ခဲ့သောကြောင့် ရဲဒုတပ်ကြပ် မင်းမင်းစိုး ကျဆုံးခဲ့ပြီး ရဲတပ်ကြပ် မျိုးဇော်ကိုမှာ ဒဏ်ရာရရှိခဲ့သည်။

“လုံခြုံရေးအားနည်းတယ် အားနည်းချက်ရှိလို့ပေါ့နော် အားနည်းချက်ရှိတဲ့အတွက် အဲ့လိုမျိုးစခန်းတွေ ဖျက်ခံရတယ် လက်နက်တွပါသွားတယ်" ဟု ဦးဇော်ဌေးကဆက်လက်ပြောသည်။

နိုဝင်ဘာ ၄ ရက်ထိ ပြန်ကြားရေးဝန်ကြီးဌာန စရင်းများအရ ကျဆုံးရဲတပ်ဖွဲ့ဝင် ၁၀ ဦးအပြင် ရဲနှင့်မိသားစုဝင် မှီခိုသူ ၇ ဦး ဒဏ်ရာရရှိထားကြောင်းသိရသည်။

“တပ်မတော်ဘက်က ကျဆုံးတာ ၅ဦးရှိတယ် ရဲဘက်ကကျဆုံးတာက ဒုတပ်ကြပ်မင်းမင်းစိုးထိကို ၁၀ ဦးရှိတယ်။ ရဲနဲ့မှီခို ဒဏ်ရာရတာ နိုဝင်ဘာ ၃ ရက်နေ့ကနဲ့ဆို ၇ ဦးရှိတယ်။ တပ်မတော်ဘက်ကတော့ ဒဏ်ရာရတာ မရှိပါဘူး" ဟု ပြန်ကြားရေးဝန်ကြီးဌာနမှ ဦးမြင့်ကျော်က အတည်ပြုပြောသည်။

အဆိုပါ အကြမ်းဖက်မှုဖြစ်စဉ်နှင့်ပက်သက်ပြီး နယ်ခြားစောင့်တပ်ဖွဲ့ ရဲမှူးချုပ် မောင်မောင်ခိုင်၏ နေရာတွင် ရဲမှူးချုပ် သူရစန်းလွင်ကို အစားထိုး ခန့်အပ်လိုက်ပြီးဖြစ်သည်။

အောက်တိုဘာ ၉ ရက်က နယ်ခြားစောင့်ရဲဌာနချုပ် လက်နက်တိုက် စီးနင်းခံရပြီးနောက် လက်နက်မျိုးစုံ ၆၄ လက် နှင့် ကျည် ၁၀၁၄၀ တောင့် ကျည်အိမ် ၁၇၃ ခု၊ လှံစွပ် ၄၇ ချောင်း ဆုံးရှုံးခဲ့သည်။

ယင်းသို့ စီးနင်းခံရပြီး နောက်ပိုင်း နယ်မြေရဲတပ်ဖွဲ့များ နှင့် တပ်မတော်တို့ နယ်မြေရှင်းလင်းကာ ပူးပေါင်းဖမ်းဆီးမှုအရ အောက်တိုဘာ ၁၉ရက်ထိ ထိတွေ့မှု ၁၂ကြိမ်ဖြစ်ပွားခဲ့ပြီး ဘင်္ဂါလီ အသေဖမ်းမိသူ ၃၃ဦး၊ အရှင်ဖမ်းမိ ၈၉ဦးဖမ်းမိကာ လက်နက်ငယ် ၁၀ လက် ပြန်လည်ရရှိခဲ့သည်ဟု အစိုးရက ထုတ်ပြန်ထားသည်။ 

ယင်းအပြင် ရခိုင်ပြည်နယ် မောင်တောမြို့နယ်အတွင်း ကိုးတန်ကောက်ရွာအား နယ်မြေရဲတပ်ဖွဲ့က နိုဝင်ဘာ ၄ရက် မွန်းလွဲပိုင်း၌ ဝင်ရောက်ရှင်းလင်းရာ ကိုးတန်ကောက်ရဲကင်းစခန်းအား အကြမ်းဖက်စီးနင်းတိုက်ခိုက်သူ ၂ ဦးဖြစ်သည့် ဆော်လီမူလာ (ဘ) မာမွတ်ရှော်ရီနှင့် မာမွတ်နော်ဘီ(ဘ) နော်ဟီဟူဆောင်းတို့ကို ဖမ်းဆီးရမိခဲ့သည်။ 

နိုင်ငံတော် သမ္မရုံးပြောရေးဆိုခွင့်ရှိသူ ဦးဇော်ဌေးက တိုက်ခိုက်မှုတွင် ပါသွားသည့် လက်နက်အားလုံးနှင့် အကြမ်းဖက်တိုက်တိုက်သူ အားလုံးကိုဖမ်းစီး မရမိမချင်း ဆက်လက်လုပ်ဆောင် သွားရမည်ဖြစ်ကြောင်း ပြောကြားသည်။

“မရမချင်း ဒီစစ်ဆင်ရေးကတော့ ရပ်လို့မရဘူး" ဟု ၎င်းကဆို သည်။

ပြည်တွင်းအစ္စလာမ်မစ် Aqa Mul Mujahidin အကာမူလ်မူဂျာဟီဒင်အဖွဲ့က မွတ်စလင်အများစုရှိရာ ဒေသတွင်း အစွန်းရောက်အကြမ်းဖက်မှုများ ဖြစ်ပွားအောင် သွေးထိုးဖန်တီးနေကြောင်း သမ္မတရုံးက ထုတ်ပြန်ထားသည်။

ကုလသမဂ္ဂ ဌာနေညှိနှိုင်းရေးမှူး အပါအဝင် တရုတ်၊ အီဂျစ်၊ ဥရောပသမဂ္ဂ၊ အိန္ဒိယ၊ အင်ဒိုနီးရှား၊ ထိုင်း၊ တူရကီ၊ အမေရိကန်နဲ့  ဗြိတိန် သံအမတ်ကြီးတွေနဲ့ သံရုံးအကြီးအကဲတွေ   မောင်တောမြို့နယ်တွေက ကျေးရွာတွေကို နိုဝင်ဘာ ၂ ရက်နေ့ကနေ ၃ ရက်နေ့အထိ လေ့လာခဲ့ကြသည်။

“ကမ္ဘာပေါ်မှာရှိတဲ့ နိုင်ငံကြီးတွေမှာ လုံခြုံရေးအဖွဲ့ဝင်တွေပေါ့နော် အဲ့လိုမျိုးအများကြီးကျပြီဆို ၁၀ ယောက်ကျော် သွားပြီ ပေါ့နော်.. အဲ့လိုကျပြီဆိုတာနဲ့ ဒါတကယ့်ကို အမျိုးသားလုံခြုံရေးကိစ္စဖြစ်သွားပါပြီ အဲ့ဒီ့ဟာအတွက်တကယ်ကို စိုးရိမ်စရာကောင်းတဲ့ အနေအထားတစ်ခုဖြစ်သွားပြီ ဒီပေါ်မှာ ကျွန်တော်တို့ တော်တော်လေးကို အာရုံစိုက်ရလိမ့်မယ် အလေးနက်ထားရလိမ့်မယ်"  ဟု ဦးဇော်ဌေးကပြောသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly