ကြားဖြတ်ရွေးကောက်ပွဲအတွက် အိမ်တိုင်ရာရောက်စနစ်ဖြင့် မဲစာရင်းများ စကောက်နေပြီ

ကြားဖြတ်ရွေးကောက်ပွဲအတွက် အိမ်တိုင်ရာရောက်စနစ်ဖြင့် မဲစာရင်းများ စကောက်နေပြီ
နေပြည်တော်ရှိ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ရုံး(ဓာတ်ပုံ- မင်းမင်း/မဇ္ဈိမ)
 

နေပြည်တော်(နိုဝင်ဘာ ၂ရက်၊ ၂၀၁၆ခုနှစ်)။ ။ လာမည့် ၂၀၁၇ခုနှစ်၊ ဧပြီလ ၁ရက်တွင် ကြားဖြတ်ရွေးကောက်ပွဲကျင်းပရန် ရှိနေသည့် မဲဆန္ဒနယ် ၁၉နေရာအတွက် သက်ဆိုင်ရာမဲ ဆန္ဒနယ်အသီးသီးတွင် အိမ်တိုင်ရာရောက်စနစ်ဖြင့် မဲဆန္ဒရှင်စာရင်းများ စတင်ကောက်ယူနေပြီဖြစ်ကြောင်း ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်၏ အတွင်းရေးမှူးဖြစ်သူ ဦးတင်ထွန်းက မဇ္ဈိမကို ပြောသည်။

နိုဝင်ဘာ (၁)ရက်က စတင်ကောက်ယူခြင်းဖြစ်ပြီး လာမည့် နိုဝင်ဘာ ၃၀ရက်နေ့အထိ တလကြာ စာရင်းကောက်ယူသွားမည်ဖြစ်သည်။

“မနေ့ကစပြီး ၁၉နေရာစလုံးမှာ စကောက်နေပါပြီ” ဟု နိုဝင်ဘာ ၂ရက်တွင် ဦးတင်ထွန်းက ပြောသည်။

သက်ဆိုင်ရာ ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲများအနေဖြင့် သက်ဆိုင်ရာ ရပ်ကွက်၊ ကျေးရွာအုပ်စုများမှ အုပ်ချုပ်ရေးမှူးများ၊ ရာအိမ်မှူး၊ ဆယ်အိမ်မှူးများနှင့်ပူးပေါင်းပြီး ရပ်ကွက်တခု သို့မဟုတ် ကျေးရွာအုပ်စုတစုလျှင် (၁၀)ဦးနှုန်းဖြင့် သွားရောက်ပြီး မဲဆန္ဒရှင်စာရင်းများ ကောက်ယူနေခြင်း ဖြစ်သည်။

ကြားဖြတ်ရွေးကောက်ပွဲတွင် လစ်လပ်နေသည့် ကိုယ်စားလှယ်နေရာ ၁၈နေရာအတွက် ကျင်းပသွားမည်ဟု ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က ကြေငြာထားပြီးဖြစ်သော်လည်း ပြီးခဲ့သည့်ရက်ပိုင်းက ရှမ်းပြည်နယ်၊ ညောင်ရွှေမြို့နယ်မှ ပြည်နယ်အမတ် ကွယ်လွန်သွားသည့်အတွက် စုစုပေါင်း ၁၉နေရာအတွက် ကြားဖြတ်ရွေးကောက်ပွဲ ကျင်းပသွားမည်ဖြစ်သည်။

အဆိုပါ ကြားဖြတ်ရွေးကောက်ပွဲတွင် ပြီးခဲ့သည့် ၂၀၁၅ခုနှစ် အထွေထွေရွေးကောက်ပွဲတွင် ကျင်းပခဲ့သည့် တံဆိပ်တုံးထုပြီး မဲပေးသည့်စနစ်ဖြင့်သာ ကျင်းပသွားမည်ဟု ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် ဥက္ကဌဖြစ်သူ ဦးလှသိန်းက အောက်တိုဘာ ၂၄ရက်က နိုင်ငံရေးပါတီများနှင့်တွေ့ဆုံစဉ် ပြောဆိုထားသည်။

အာဏာရ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်နှင့် အတိုက်အခံ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီတို့က လစ်လပ်မဲဆန္ဒနယ်အားလုံးတွင် ဝင်ရောက်ယှဉ်ပြိုင်သွားမည်ဟု အသီးသီးပြောဆိုထားသည်။

ကြားဖြတ်ရွေးကောက်ပွဲ မဲဆန္ဒရှင်စာရင်းအား သက်ဆိုင်ရာရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲရုံးများတွင် လာမည့် ၂၀၁၇ခုနှစ်၊ ဖေဖော်ဝါရီလ ၁ရက်မှ ၁၄ရက်အထိ ထုတ်ပြန်ကြေငြာပေးမည် ဖြစ်သည်။

ထို့ကြောင့် မဲစာရင်းကောက်ယူခြင်းနှင့် မဲဆန္ဒရှင်စာရင်း ကြေငြာသည့်အချိန်တွင် မဲစာရင်းအား သွားရောက်ကြည့်ရှုပြီး လိုအပ်သော တောင်းဆိုမှု၊ ကန့်ကွက်မှု၊ ပြင်ဆင်မှုများ ပြုလုပ်ခြင်းတို့ကို ဝိုင်းဝန်းပူးပေါင်း ပါဝင်ပေးရန် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က မေတ္တာရပ်ခံထားသည်။

ကြားဖြတ်ရွေးကောက်ပွဲကျင်းပမည့် လွှတ်တော်အသီးသီးတွင် လွှတ်တော်ကိုယ်စားလှယ်များ လစ်လစ်နေသော မဲဆန္ဒနယ်များမှာ အောက်ပါအတိုင်းဖြစ်သည်။

လစ်လပ် ပြည်သူ့လွှတ်တော်မဲဆန္ဒနယ်များ

(၁) မုံရွာမြို့နယ် ပြည်သူ့လွှတ်တော်မဲဆန္ဒနယ်

၂) ချောင်းဆုံမြို့နယ်၊ ပြည်သူ့လွှတ်တော်မဲဆန္ဒနယ်

၃) အမ်းမြို့နယ်၊ ပြည်သူ့လွှတ်တော်မဲဆန္ဒနယ်

၄) လှိုင်သာယာမြို့နယ် ပြည်သူ့လွှတ်တော်မဲဆန္ဒနယ်

၅) ဒဂုံမြို့နယ်(ဆိပ်ကမ်း)မြို့နယ် ပြည်သူ့လွှတ်တော်မဲဆန္ဒနယ်

၆) ဒဂုံမြို့သစ်(အရှေ့ပိုင်း)မြို့နယ် ပြည်သူ့လွှတ်တော်မဲဆန္ဒနယ်

၇) ကော့မှူးမြို့နယ် ပြည်သူ့လွှတ်တော်မဲဆန္ဒနယ်

၈) ကျေးသီးမြို့နယ် ပြည်သူ့လွှတ်တော်မဲဆန္ဒနယ်

၉) မိုင်းရှူးမြို့နယ် ပြည်သူ့လွှတ်တော်မဲဆန္ဒနယ်

 

လစ်လပ် အမျိုးသားလွှတ်တော်မဲဆန္ဒနယ်များ

၁) ချင်းပြည်နယ် အမျိုးသားလွှတ်တော်မဲဆန္ဒနယ် အမှတ်(၃)

၂) ပဲခူးတိုင်းဒေသကြီး အမျိုးသားလွှတ်တော်မဲဆန္ဒနယ် အမှတ်(၄)

၃) ရန်ကုန်တိုင်းဒေသကြီး အမျိုးသားလွှတ်တော်မဲဆန္ဒနယ် အမှတ်(၆)

 

လစ်လပ် ပြည်နယ်လွှတ်တော် မဲဆန္ဒနယ်များ

၁) ဖရူဆိုမြို့နယ် ပြည်နယ်လွှတ်တော် မဲဆန္ဒနယ် အမှတ်(၁)

၂) ကျိုင်းတုံမြို့နယ် ပြည်နယ်လွှတ်တော် မဲဆန္ဒနယ် အမှတ်(၂)

၃) ကျေးသီးမြို့နယ် ပြည်နယ်လွှတ်တော် မဲဆန္ဒနယ် အမှတ်(၁)

၄) ကျေးသီးမြို့နယ် ပြည်နယ်လွှတ်တော် မဲဆန္ဒနယ် အမှတ်(၂)

၅) ညောင်ရွှေမြို့နယ် ပြည်နယ်လွှတ်တော် မဲဆန္ဒနယ် အမှတ်(၁)

၆) မိုင်းရှူးမြို့နယ် ပြည်နယ်လွှတ်တော် မဲဆန္ဒနယ် အမှတ်(၁)

၇) မိုင်းရှူးမြို့နယ် ပြည်နယ်လွှတ်တော် မဲဆန္ဒနယ် အမှတ်(၂)

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly