ကင်ကာဒစ်ရှန်ရဲ့ စိတ်အခြေနေ ကောင်းမွန်ခြင်း မရှိသေးကြောင်း ညီမဖြစ်သူ ပြောကြား

ကင်ကာဒစ်ရှန်ရဲ့ စိတ်အခြေနေ ကောင်းမွန်ခြင်း မရှိသေးကြောင်း ညီမဖြစ်သူ ပြောကြား

နယူးယော့ခ် ၊ အော်တိုဘာ ၁၂ ။                     ။ အမေရိကန် ရုပ်သံအကျော်အမော် ကင်ကာဒစ်ရှန်သည် ဓားပြတိုက်ခံရပြီးနောက် စိတ်အခြေနေ ကောင်းမွန်ခြင်း မရှိသေးကြောင်း ညီမဖြစ်သူ ကိုးလ်ကာဒစ်ရှန်က “ The Ellen DeGeneres Show” အစီစဉ်တွင် အောက်တိုဘာ ၁၂ရက်က ပြောကြားခဲ့သည်။

ပြီးခဲ့သည့် သီတင်းပတ်က ပဲရစ်မြို့တွင် ကင်ကာဒစ်ရှန် နေထိုင်ရာအခန်းသို့ မျက်နှာဖုံးစွပ် လက်နက်ကိုင် အမျိုးသားငါးဦး ရောက်ရှိလာပြီး ကင်ကာဒစ်ရှန်ကို သေနတ်ဖြင့် ချိန်ကာ အမေရိကန်ဒေါ်လာ ၁၀သန်း တန်ဖိုးရှိသော လက်ဝတ်ရတနာများကို ယူဆောင်သွားခဲ့သည်။

“ ဒီဖြစ်ရပ်ဟာ သူမအတွက်တော့ စိတ်ထိခိုက်ဖွယ် ဖြစ်ရပ်တစ်ခုဖြစ်ပါတယ်။သူမစိတ်အခြေနေဟာ မကောင်းသေးပါဘူး။ ဒါပေမဲ့ မိသားစုတွေ အနီးကပ် စောင့်ရှောက်နေပါတယ်။ သူမနဲ့အတူ   နေပေးနေပါတယ်။ အချိန်တော့ယူရမှာပါ။ ဒါဟာ သူမအတွက် ထိတ်လန့်ဖွယ် ဖြစ်ရပ်ဆိုတာ ခင်ဗျားတို့ သိမှာပါ”ဟု ကိုးလ်ကာဒစ်ရှန်က ပြောကြားခဲ့သည်။

ကင်ကာဒစ်ရှန်သည် မိသားစုနှင့်အတူ ကာလီဖိုးနီးယားသို့ ပြန်ရောက်ပြီးသည့်အချိန်မှစ၍  လူမှုရေးမီဒီယာတွင် ဓာတ်ပုံများနှင့် စာများရေးတင်ခြင်း မရှိတော့ချေ။ ကင်သည် လူမှုရေးမီဒီယာတွင် ၎င်း၏ ချမ်းသာကြွယ်ဝမှု အကြောင်းကို မကြာခဏ ဆိုသလို ဖော်ပြနေခဲ့ခြင်းကြောင့် ဓားပြတိုက်ခံရခြင်းဖြစ်ကြောင်း ပြစ်တင်ပြောကြားမှုများ ရှိသည်။

ကင်ကာဒစ်ရှန်သည် ရိုက်ကူးရေး လုပ်ဆောင်ရန် အဆင်သင့် မဖြစ်သေးကြောင်း နှင့် “Keeping Up With the Kardashians”  အစီစဉ် ရိုက်ကူးမှုကိုလည်း ရပ်ဆိုင်းထားသည်။

“ ကျွန်မတို့  တတ်နိုင်သလောက် သူမကို ကာကွယ်မှုတွေ ပေးရမယ်လို့  ကျွန်မထင်တယ်။ ကျွန်မတို့ဟာ မိသားစုတွေဖြစ်တယ်။ ကျွန်မတို့ အတူနေပေးရမယ်။ ဒီလိုပြုမှုနေထိုင်မှုတွေဟာ အရေးကြီးတယ်လို့  ကျွန်မထင်တယ်။”ဟု ကိုးလ်က ပြောကြားသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly