အုပ်ချုပ်ရေး၊ တရားစီရင်ရေးမှာ ဘောင်ကျော်ပြီး ဝင်မစွက်ကြဖို့ လွှတ်တော်အမတ်များကို ဦးဝင်းမြင့်မှာကြား

အုပ်ချုပ်ရေး၊ တရားစီရင်ရေးမှာ ဘောင်ကျော်ပြီး ဝင်မစွက်ကြဖို့ လွှတ်တော်အမတ်များကို ဦးဝင်းမြင့်မှာကြား
၂၀၁၆ခုနှစ်၊ အောက်တိုဘာ ၇ရက်၊ ပြည်သူ့လွှတ်တော်အစည်းအဝေးတွင် လွှတ်တော်ဥက္ကဌ ဦးဝင်းမြင့်အား တွေ့ရစဉ်(ဓာတ်ပုံ- မင်းမင်း/မဇ္ဈိမ)

နေပြည်တော်(အောက်တိုဘာ ၇ရက်၊ ၂၀၁၆ခုနှစ်)။ ဥပဒေပြုရေးမဏ္ဍိုင်၏ လွှတ်တော်အမတ်များအနေဖြင့် တည်ဆဲဥပဒေများကို အထူးလေးစားလိုက်နာကြရန်နှင့် အုပ်ချုပ်ရေးနှင့် တရားစီရင်ရေးကဏ္ဍများတွင် ဘောင်ကျော်ပြီး ဝင်ရောက်စွက်ဖက်ခြင်းများ မဖြစ်ရအောင် သတိပြုကြဖို့ ပြည်သူ့လွှတ်တော်ဥက္ကဌ ဦးဝင်းမြင့်က မှာကြားလိုက်သည်။

"Check and Balance ပြုလုပ်တဲ့နေရာမှာ ကန့်သတ်ချက်ဘောင်များကို ကျော်လွန်ပြီး အုပ်ချုပ်ရေးကဏ္ဍတွေ၊ တရားစီရင်ရေးကဏ္ဍတွေမှာ ဝင်ရောက်စွက်ဖက်ခြင်းတွေ မဖြစ်ရအောင် သတိပြုဆောင်ရွက်ကြဖို့ မှာကြားလိုပါတယ်" ဟု ဒုတိယအကြိမ်လွှတ်တော်၊ ဒုတိယပုံမှန်လွှတ်တော်အစည်းအဝေးများပြီးဆုံးမည့် အောက်တိုဘာ ၇ရက်၊ ပြည်သူ့လွှတ်တော်အစည်းအဝေးတွင် ဦးဝင်းမြင့်က ပြောဆိုလိုက်ခြင်းဖြစ်သည်။

လွှတ်တော်အမတ်တစ်ဦး၏ တာဝန်ဝတ္တရားများကို အပြည့်အဝထမ်းဆောင်ကြရန်နှင့် ပြည်သူကိုကိုယ်စားပြုသည့် ကိုယ်စားလှယ်များဖြစ်ကြောင်း သက်သေပြကြဖို့လည်း လွှတ်တော်အမတ်များကို ဦးဝင်းမြင့်က မှာကြားခဲ့သေးသည်။

"လယ်ယာမြေနှင့် အခြားမြေများ သိမ်းဆည်းခံရမှုများ ပြန်လည်စိစစ်ရာတွင်လည်း ပြည်သူများ နစ်နာမှုမရှိစေရေးအတွက် ပါဝင်ပူးပေါင်း ဆောင်ရွက်ကြပါ။ မိမိတို့ တာဝန်ထမ်းဆောင်စဉ်ကာလအတွင်းမှာ ပြည်သူ့အကျိုးကို ဆထက်တပိုး သယ်ပိုးကြပါ" ဟု ဦးဝင်းမြင့်က ပြောသည်။

လွှတ်တော်အစည်းအဝေး ရပ်ထားနားစဉ် မိမိတို့ သက်ဆိုင်ရာ မဲဆန္ဒနယ်သို့ ပြန်ရောက်သည့်အခါတွင်လည်း "ပြည်သူ့အသံနဲ့ ပြည်သူတွေရဲ့ တင်ပြချက်တွေကို အလေးထား မှတ်သား နားထောင်ပါ။ ပြည်သူနဲ့ တစ်သားတည်း နေထိုင်ဆောင်ရွက်ကြပါ။ လွှတ်တော်အတွေ့အကြုံ ရှင်းလင်းခြင်းများကို ပိုမိုကျယ်ပြန့်စွာ ဆောင်ရွက်ကြပါ" ဟု ၎င်းက ဆိုသည်။

ထို့ပြင် ပြည်ထောင်စု၏ ထောက်ပံ့ငွေ ကျပ်သိန်းတစ်ထောင်ဖြင့် မြို့နယ်ဖွံ့ဖြိုးရေးလုပ်ငန်းများကို ပြီးစီးအောင်မြင်အောင် အကောင်အထည်ဖော် ဆောင်ရွက်ကြပါဟုလည်း ဦးဝင်းမြင့်က ဆက်လက် ပြောကြားသည်။

ဒုတိယပုံမှန် လွှတ်တော်အစည်းအဝေးကာလအတွင်း ကြယ်ပွင့်ပြမေးခွန်း ၂၂၅ခု မေးမြန်းဖြေကြားခြင်း၊ ကြယ်ပွင့်မပြမေးခွန်း ၄၀၇ခု မေးမြန်းဖြေကြားခြင်းနှင့် အရေးကြီးအဆို (၂)နှင့် အဆိုစုစုပေါင်း (၁၆)ခု တင်သွင်းခဲ့သည်။ တင်သွင်းခဲ့သည့် အဆိုများအနက် အတည်ပြုအဆို (၄)ခု၊ မှတ်တမ်းတင်အဆို (၉)ခု၊ အတည်မပြုအဆို(၂)ခုနှင့် ဆွေးနွေးရန်မသင့်အဆို (၁)ခုအဖြစ် လွှတ်တော်က ဆုံးဖြတ်ခဲ့သည်။

ဥပဒေကြမ်းများအနေဖြင့် ပြည်သူ့လွှတ်တော်တွင် စတင်ဆွေးနွေးခဲ့သော ဥပဒေကြမ်း (၅)ခု အပါအဝင် ဆောက်ရွက်ဆဲ ဥပဒေကြမ်း (၁၉)ခုရှိပြီး ဥပဒေကြမ်း (၁၀)ခုအား အတည်ပြုခဲ့ပြီး ဖြစ်သည်။ ဆက်လက်ဆွေးနွေးရန်အတွက် ဥပဒေကြမ်း (၉)ခု ကျန်ရှိနေသေးသည်။

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(NLD)အမတ်များအများစုနေရာယူထားသည့် ဒုတိယအကြိမ်၊ ပြည်သူ့လွှတ်တော်ကို ယခုနှစ် ဖေဖော်ဝါရီ ၁ရက်နေ့တွင် စတင်ခဲ့ရာ ဒုတိယပုံမှန်အစည်းအဝေး ယနေ့ပြီးဆုံးချိန်အထိ လွှတ်တော်တွင် မေးခွန်းမေးမြန်းခြင်းမရှိသေးသည့် လွှတ်တော်အမတ်အများစု ရှိနေသေးသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly