ပါတီဝင်တိုင်း ဘာသာ၊ သာသနာအတွက် တက်ကြွစွာ ပါဝင်ရန် USDP ဥက္ကဌပြော

ပါတီဝင်တိုင်း ဘာသာ၊ သာသနာအတွက် တက်ကြွစွာ ပါဝင်ရန် USDP ဥက္ကဌပြော
ဗဟိုအလုပ်အမှုဆောင်အည်းအဝေးကို နေပြည်တော်ရှိ ပါတီဌာနချုပ်တွင် စက်တင်ဘာ ၂၉ရက်က ကျင်းပနေစဉ်(ဓာတ်ပုံ- ပြည်ခိုင်ဖြိုး)
 

နေပြည်တော်(စက်တင်ဘာ ၂၉ရက်၊ ၂၀၁၆ခုနှစ်)။ ။ အမျိုးဘာသာ၊ သာသနာအတွက် ပါတီဝင်အားလုံး တက်ကြွစွာပါဝင်လုပ်ဆောင်ကြရန် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ(USDP) ဥက္ကဌဖြစ်သူ ဦးသန်းဌေးက ပါတီဗဟိုအလုပ်အမှုဆောင် အစည်းအဝေးတွင် ပြောကြားလိုက်သည်ဟု USDP က သတင်းထုတ်ပြန်ထားသည်။

နေပြည်တော်ရှိ ပါတီဌာနချုပ် အစည်းအဝေးခန်းမတွင် စက်တင်ဘာ ၂၉ရက်၊ နံနက် ၉နာရီတွင် စတင်ပြုလုပ်သည့် ဗဟိုအလုပ်အမှုဆောင်အစည်းအဝေးတွင် ဦးသန်းဌေးက ပြောကြားခဲ့ခြင်းဖြစ်သည်။

အစည်းအဝေးတွင် ပါတီဆိုင်ရာကိစ္စရပ်များအပါအဝင် “ပါတီဝင်တိုင်း အမျိုးဘာသာ သာသနာအတွက်ဆိုပါက တက်ကြွစွာ ပါဝင်လုပ်ဆောင်ရေး” ကိုပါ ဦးသန်းဌေးက ပြောဆိုခဲ့သည်။ သို့သော် မည်သည့် ဘာသာအတွက် တက်ကြွစွာပါဝင်ရန်ကိုမူ ထည့်သွင်းပြောဆိုကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားခြင်း မရှိပေ။

ပါတီဝင်အင်အား ကျစ်လစ်ခိုင်မာရေး၊ ပါတီတွင်း ဒီမိုကရေစီ စနစ်ကို ပီပြင်စွာကျင့်သုံးနိုင်ရေးနှင့် ပြည်သူလူထုအသံများကို နားထောင်ကာ ပြည်သူလူထုအခက်အခဲများကို
ကိုယ်စွမ်းဉာဏ်စွမ်းရှိသမျှ ရိုင်းပင်းကူညီခြင်းဖြင့် ပြည်သူ့ပါတီဖြစ်အောင် ကြိုးစားဆောင်ရွက်သွားရေးတို့ကိုလည်း အစည်းအဝေးတွင် ဦးသန်းဌေးက ပြောကြားခဲ့သည်ဟု ဆိုသည်။

အစည်းအဝေးသို့ ပါတီဥက္ကဌ ဦးသန်းဌေး၊ ဒုတိယဥက္ကဌ ဦးမြတ်ဟိန်း၊ အထွေထွေအတွင်းရေးမှူး ဦးသက်နိုင်ဝင်း အပါအဝင် အတွင်းရေးမှူးအဖွဲ့ဝင်များ၊ ဗဟိုအလုပ်အမှုဆောင်များနှင့် တိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီးမှ ပါတီဥက္ကဌများ တက်ရောက်ခဲ့ကြသည်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly

Tags