ပြည်သူတွေအတွက် ဝန်ထုပ်ဝန်ပိုးဖြစ်စေတဲ့ ဧည့်စာရင်း တိုင်ကြားရန်မလိုတော့

ပြည်သူတွေအတွက် ဝန်ထုပ်ဝန်ပိုးဖြစ်စေတဲ့ ဧည့်စာရင်း တိုင်ကြားရန်မလိုတော့
(ဓာတ်ပုံ- မင်းမင်း/မဇ္ဈိမ)

နေပြည်တော်(စက်တင်ဘာ ၁၉ရက်၊ ၂၀၁၆ခုနှစ်)။ ။ ပြည်သူအများစုက မနှစ်မြို့သည့် ဧည့်စာရင်းတိုင်ကြားရခြင်းကို ပယ်ဖျက်ရန် စက်တင်ဘာ ၁၉ရက်၊ ပြည်သူ့လွှတ်တော်အစည်းအဝေးတွင် ဆုံးဖြတ်လိုက်သည်။

ရပ်ကွက် သို့မဟုတ် ကျေးရွာအုပ်စု အုပ်ချုပ်ရေးဥပဒေအား တတိယအကြိမ်ပြင်ဆင်သည့်ဥပဒေကြမ်းကို လွှတ်တော်တွင် ပြင်ဆင်ချက်များဖြင့် တစ်ပိုဒ်ချင်းစီ မဲခွဲဆုံးဖြတ်ရာတွင် ဥပဒေ၏ မူလပြဌာန်းချက်ဖြစ်သော ဧည့်စာရင်းတိုင်ကြားရသည့်အချက်ကို ပယ်ဖျက်ရန် လွှတ်တော်အမတ်အများစု၏ ထောက်ခံမဲဖြင့် ဆုံးဖြတ်လိုက်ခြင်း ဖြစ်သည်။

"ဒီဧည့်စာရင်းဟာ ပြည်သူလူထုအပေါ်မှာ ဝန်ထုပ်ဝန်ပိုးဖြစ်စေတယ်လို့ ကျွန်တော်တို့က ယူဆတယ်။ ပြည်သူလူထုကလည်း ယူဆတဲ့အတွက်ကြောင့် ပယ်ဖျက်လိုက်ခြင်းဖြစ်ပါတယ်" ဟု ဥပဒေကြမ်းကော်မတီအဖွဲ့ဝင်ဖြစ်သူ ပြည်ကြီးတံခွန်မြို့နယ်အမတ် ဦးကျော်စိုးလင်းက မဇ္ဈိမကို ပြောသည်။ သူကိုယ်တိုင်လည်း ဧည့်စာရင်းလာစစ်ရင်း ဖမ်းဆီးထိန်းသိမ်းခြင်းခံခဲ့ရသည်ဟု
ဦးကျော်စိုးလင်းက ဆိုသည်။

အဆိုပါ ဧည့်စာရင်းတိုင်ကြားရန် ပြဌာန်းချက်ကို အမျိုးသားလွှတ်တော်ကလည်း ပယ်ဖျက်ထားပြီးဖြစ်ရာ လွှတ်တော်နှစ်ရပ်လုံးက ပယ်ဖျက်လိုက်သည့်အတွက် နောင်တွင် ဧည့်စာရင်းတိုင်ကြားရန် လိုအပ်တော့မည် မဟုတ်ပေ။

"ဧည့်စာရင်းတိုင်လို့ ပြည်သူလူထုဘဝတွေ လုံခြုံမယ်လို့ မယုံကြည်ပါဘူး။ ဧည့်စာရင်းတိုင်ကြားလို့ လူဆိုး၊ သူခိုး၊ ဝရမ်းပြေးတွေ ဖမ်းမိတယ်ဆိုတာ မရှိသလောက်ရှားပါတယ်။ နယ်စပ်ဖြတ်ကျော်ဝင်ရောက်လာသူတွေလည်း ဧည့်စာရင်းတိုင်ကြားလို့ ဖမ်းမိတယ်ဆိုတာ မရှိသလောက်ရှားမယ် ထင်ပါတယ်" ဟု အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီမှ
တန့်ဆည်မြို့နယ်အမတ် ဦးမြင့်ထွန်းက ပြောသည်။

အခြားတစ်ဖက်တွင်လည်း ဧည့်စာရင်းတိုင်ကြားရသည့်အချက်ကို ဆက်လက်ထားရှိရန် ပြည်ထဲရေးဝန်ကြီးဌာနနှင့် တပ်မတော်သားလွှတ်တော်အမတ်များက ဆန္ဒရှိနေသည်။ ဧည့်စာရင်းတိုင်ကြားရခြင်းကို ပယ်ဖျက်လိုက်ပါက နိုင်ငံ၏ လုံခြုံရေးအတွက် စိန်ခေါ်ချက်တစ်ရပ်ဖြစ်လာနိုင်သည်ဟု ပြည်ထဲရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဗိုလ်ချုပ်အောင်စိုးက လွှတ်တော်တွင် ဆွေးနွေးပြောကြားသည်။

"ဖွံ့ဖြိုးဆဲနိုင်ငံဖြစ်သော ကျွန်တော်တို့နိုင်ငံအနေနဲ့ သမာရိုးကျမဟုတ်သော လုံခြုံရေးဆိုင်ရာခြိမ်းခြောက်မှုတွေကို အမှန်တစ်ကယ် လက်တွေ့ရင်ဆိုင်ကိုင်တွယ်ဖြေရှင်းနိုင်ဖို့ဟာ ဒေသတွင်းအခြေခံကျတဲ့ ဧည့်စာရင်းတိုင်ကြားခြင်းကဲ့သို့သော ကိန်းဂဏန်းအချက်အလက်များ အတိအကျရရှိရေးဟာ အဓိကကျတဲ့အချက်ဖြစ်ကြောင်း ပြောကြားလိုပါတယ်" ဟု ဧည့်စာရင်းတိုင်ကြားခြင်းကို ဆက်လက်ထားရှိရန် ဗိုလ်ချုပ်အောင်စိုးက ဆိုသည်။

ထိုကဲ့သို့ ဧည့်စာရင်းတိုင်ကြားခြင်းကို ဆက်ထားသင့်၊ မသင့်အပေါ် သဘောထားကွဲလွဲမှုရှိသည့်အတွက် မဲခွဲဆုံးဖြတ်ခဲ့ရာ လွှတ်တော်အမတ်အများစုက ပယ်ဖျက်ရန် ဆန္ဒရှိသည့်အတွက် ယင်းအချက်အား ပယ်ဖျက်ရန် လွှတ်တော်က ဆုံးဖြတ်ခဲ့သည်။

သို့ရာတွင် အရပ်၊ ဒေသတစ်ခုတွင် အချိန်ကာလအားဖြင့် ရက်ပေါင်း(၆၀)ထက် ပိုမိုကြာရှည်စွာ နေထိုင်ပါက ရပ်ကွက် သို့မဟုတ် ကျေးရွာအုပ်စုအုပ်ချုပ်ရေးမှူးကို အသိပေးထားရန် ပြည်သူ့လွှတ်တော်က ဥပဒေတွင် ထည့်သွင်းလိုက်သည်။ အသိပေးအကြောင်းကြားခြင်း မရှိပါကလည်း တစ်စုံတစ်ရာ အရေးယူဆောင်ရွက်မည်မဟုတ်ဟု ဆိုသည်။

"အစိုးရအနေနဲ့ ပြည်သူလူထုကို အကူအညီတစ်ခုပေးမယ်ဆိုရင် စာရင်းဇယားမရှိလို့ရှိရင် ဘာမှကူညီပေးလို့မရဘူး။ စာရင်းဇယား ရရှိနိုင်ရေးအတွက် အသိပေးအကြောင်းကြားးရမယ်ပေါ့။ ဒါပေမယ့် အကြောင်းမကြားဘူးဆိုရင်လည်း ဘာမှမဖြစ်ပါဘူး။ ဥပမာအားဖြင့် ကျူးကျော်တွေပေါ့။ သူတို့က ဒီမှာနေထိုင်တယ်။ ဒါပေမယ့် အကြောင်းမကြားထားဘူးဆိုရင် သူတို့အတွက် အိမ်ရာတွေ၊ တိုက်ခန်းတွေပေးမယ်ဆိုရင် သူတို့အတွက် နစ်နာသွားမှာ စိုးလို့ပါ" ဟု ဥပဒေကြမ်းကော်မတီအဖွဲ့ဝင် ဦးကျော်စိုးလင်းက ရှင်းပြသည်။

စစ်အစိုးရလက်ထက်တွင် ဧည့်စာရင်းစစ်ဆေးသည့်အကြောင်းပြချက်ဖြင့် နိုင်ငံရေးသမားအများစုကို နေအိမ်အတွင်း ဝင်ရောက်ရှာဖွေဖမ်းဆီးပြီး ထောင်ချလေ့ရှိသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly