အစည်းအဝေးနောက်ကျသည့်အမတ်များကို လွှတ်တော်ဥက္ကဌ သတိပေး

အစည်းအဝေးနောက်ကျသည့်အမတ်များကို လွှတ်တော်ဥက္ကဌ သတိပေး
(ဓာတ်ပုံ- မင်းမင်း/မဇ္ဈိမ)

နေပြည်တော်(စက်တင်ဘာ ၁၉ရက်၊ ၂၀၁၆ခုနှစ်)။ ။ နေ့လည်စာစားသုံးပြီးနောက် ပြန်လည်ကျင်းပသည့် ပြည်သူ့လွှတ်တော်တွင် အစည်းအဝေးကျင်းပချိန်ထက်နောက်ကျပြီးမှ အစည်းအဝေးခန်းမအတွင်းသို့ ဝင်ရောက်လာသည့်လွှတ်တော်အမတ်များအား လွှတ်တော်ဥက္ကဌဖြစ်သူ ဦးဝင်းမြင့်က သတိပေးလိုက်သည်။

"လွှတ်တော်ကိုယ်စားလှယ်များခင်ဗျား။ အစည်းအဝေးကျင်းပချိန်ကို လေးစားလိုက်နာဖို့ ပြောကြားလိုပါတယ်။ အခုမှဝင်လာတာ နှစ်ဆယ်၊ အစိတ်လောက်(၂၀-၂၅ယောက်)ရှိပါတယ်။ ဒါဟာ လွှတ်တော်ခန်းမ၊ လွှတ်တော်အစည်းအဝေးဆိုတာကို လေးလေးနက်နက် သဘောပေါက်ပါ" ဟု လွှတ်တော်အစည်းအဝေးကျင်းပချိန်ထက် သုံးမိနစ်ခန့် နောက်ကျပြီးမှ အစည်းအဝေးခန်းမထဲဝင်လာသည့် အမတ်များကို ဦးဝင်းမြင့်က စက်တင်ဘာ ၁၉ရက်တွင် သတိပေးစကားပြောသည်။

ဦးဝင်းမြင့်သတိပေးစကားပြောကြားချိန်တွင် လွှတ်တော်အစည်းအဝေးခန်းမအတွင်းသို့ တပ်မတော်သားလွှတ်တော်အမတ်အချို့နှင့် ပင်နီတိုက်ပုံဝတ်ထားသော လွှတ်တော်အမတ်အချို့ စုစုပေါင်း ၂၀ခန့် ဝင်ရောက်လာကြသည်ကို တွေ့ရသည်။

ယနေ့ကျင်းပသည့် ပြည်သူ့လွှတ်တော်အစည်းအဝေးတွင် မေးခွန်း(၂)ခုမေးမြန်း၊ ဖြေကြားပြီးနောက် ရပ်ကွက်(သို့မဟုတ်) ကျေးရွာအုပ်ချုပ်ရေးမှူးဥပဒေအား တတိယအကြိမ်ပြင်ဆင်သည့်ဥပဒေကြမ်းကို ပြင်ဆင်ချက်များဖြင့် တစ်ပိုဒ်ချင်းအလိုက် မဲခွဲဆုံးဖြတ်လျက်ရှိသည်။

လွှတ်တော်အစည်းအဝေးအား နေ့လည်စာစားချိန်တွင် ခေတ္တရပ်နားပြီးနောက် မွန်းလွဲ ၁နာရီအချိန် ပြန်လည်ကျင်းပရာ လွှတ်တော်အမတ်အချို့က အစည်းအဝေးတက်ရောက်ရန် မိနစ်ပိုင်းနောက်ကျခဲ့ခြင်းဖြစ်သည်။

လွှတ်တော်အစည်းအဝေးစမတင်မီ အစည်းအဝေးကျင်းပရန် အသိပေးခေါင်းလောင်း(၂)ကြိမ် အချက်ပေးခဲ့သေးသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly