ဒီမိုကရေစီစနစ်မှာ လူနည်းစုဆန္ဒကို လုံးဝ လျစ်လျူမရှုရဟု သမ္မတပြော

ဒီမိုကရေစီစနစ်မှာ လူနည်းစုဆန္ဒကို လုံးဝ လျစ်လျူမရှုရဟု သမ္မတပြော
နိုင်ငံတော်သမ္မတ ဦးထင်ကျော်(ဓာတ်ပုံ- မင်းမင်း/မဇ္ဈိမ)

နေပြည်တော်(စက်တင်ဘာ ၁၅ရက်၊ ၂၀၁၆ခုနှစ်)။ ။ ဆယ်စုနှစ်ပေါင်းများစွာ ဒီမိုကရေစီစနစ်ဆိတ်သုဉ်းခဲ့ရာမှ ပြည်သူလူထု၏ တောင်းဆိုလှုပ်ရှားမှုများကြောင့် ဒီမိုကရေစီလမ်းကြောင်းပေါ် အခြေချနေသည့် ယနေ့အချိန်တွင်လူနည်းစု၏ဆန္ဒကို လျစ်လျူရှုထား၍ မရဟု နိုင်ငံတော်သမ္မတဦးထင်ကျော်က ဆိုသည်။

"ဒီမိုကရေစီစနစ်တွင် နိုင်ငံ၏ အရေးအရာတို့ကို ပြည်သူအများ သို့မဟုတ် အများစုကို ကိုယ်စားပြုသူများက စဉ်းစားကြံဆ ဆုံးဖြတ်ကြရသည်။ သို့သော် ထို့သို့ဆုံးဖြတ်ရာတွင် အနည်းစုတို့၏ သဘောထားဆန္ဒကို လုံးဝလျစ်လျူရှုထား၍ကား မရ" ဟု စက်တင်ဘာ ၁၅ရက်တွင်ကျရောက်သည့် အပြည်ပြည်ဆိုင်ရာဒီမိုကရေစီနေ့တွင်
သမ္မတဦးထင်ကျော်က သဝဏ်လွှာပေးပို့လိုက်ခြင်းဖြစ်သည်။

"ဒီမိုကရေစီစနစ်ဟူသည် နိုင်ငံသားတစ်ဦးချင်းတို့၏ အခြေခံရပိုင်ခွင့်၊ လွတ်လပ်ခွင့်များကိုလည်းကောင်း၊ လူနည်းစုတို့၏ အခွင့်အရေးများကိုလည်းကောင်း လေးစားဂရုထားရသောကြောင့် ဖြစ်သည်" ဟု
သဝဏ်လွှာတွင် သမ္မတက ဆိုထားသည်။

ယခုနှစ် အပြည်ပြည်ဆိုင်ရာဒီမိုကရေစီနေ့ ဆောင်ပုဒ်မှာ 'အားလုံးပူးပေါင်းပါဝင်စို့ ဒီမိုကရေစီ ၂၀၃၀သို့' ဟူ၍ ဖြစ်သည်။

ဒီမိုကရေစီစနစ်တွင် လူနည်းစု၏ဆန္ဒကို လျစ်လျူရှုထား၍မရကြောင်း ပြောကြားလိုက်သည့် သမ္မတဦးထင်ကျော်က ဩဂုတ်လကုန်တွင် ပထမဆုံးစတင်ကျင်းပသည့် ၂၁ရာစုပင်လုံသည် လူနည်းစုကို လျစ်လျူမရှုထားသည့် နမူနာတစ်ခုဖြစ်သည်ဟု ဆိုသည်။

အဆိုပါ ၂၁ရာစုပင်လုံတွင် ဆွေးနွေးခဲ့ကြသည့် နိုင်ငံအရေးအရာ ပြဿနာများကို ဆက်လက်ဆွေးနွေးကာ နိုင်ငံရေးစားပွဲဝိုင်းတွငငြိမ်းချမ်းစွာဆွေးနွေးညှိနှိုင်းအဖြေရှာကြရဦးမည်ဖြစ်ပြီး ထိုအခင်းအကျင်းသည် "လူများစု၊ လူနည်းစု မခွဲခြားဘဲ နိုင်ငံသူ၊ နိုင်ငံသားအများပါဝင်သည့် ဒီမိုကရေစီစနစ်ကို ကျင့်သုံးခြင်းဖြစ်ပါသည်" ဟု သမ္မတ ဦးထင်ကျော်ပေးပို့သည့်
သဝဏ်လွှာတွင် ပါရှိသည်။

သမ္မတဦးထင်ကျော်ပေးပို့သည့် အဆိုပါသဝဏ်လွှာအား နိုင်ငံတော်အတိုင်ပင်ခံရုံးဝန်ကြီးဖြစ်သူ ဦးကျော်တင့်ဆွေက နေပြည်တော်လွှတ်တော်အဆောက်အဦအတွင်းရှိ သဘင်ဆောင်တွင် ပြုလုပ်သည့် အပြည်ပြည်ဆိုင်ရာဒီမိုကရေစီနေ့အခမ်းအနားတွင် ဖတ်ကြားခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly