မြို့ကြီးသုံးမြို့တွင် ဟိုတယ်ဆောက်လုပ်ခွင့် တားမြစ်

မြို့ကြီးသုံးမြို့တွင် ဟိုတယ်ဆောက်လုပ်ခွင့် တားမြစ်
ရန်ကုန်မြို့အား အပေါ်စီးမှ မြင်ရစဉ်(ဓာတ်ပုံ- သက်ကို/မဇ္ဈိမ)
 

နေပြည်တော်(စက်တင်ဘာ ၁၄ရက်၊ ၂၀၁၆ခုနှစ်)။ ။ မြန်မာနိုင်ငံ၏ မြို့ကြီးများဖြစ်သော ရန်ကုန်၊ မန္တလေးနှင့် တောင်ကြီးမြို့တို့ရှိ ဟိုတယ်နှင့် မိုတယ်များ၏ အခန်းအရေအတွက်သည် ခရီးသွားဧည့်သည်ဝင်ရောက်မှု အရေအတွက်ထက် ထက်ဝက်ကျော်များနေသဖြင့် အဆိုပါ မြို့ကြီးသုံးမြို့တွင် ဟိုတယ်တည်ဆောက်ခွင့်ကို တားမြစ်လိုက်ကြောင်း ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာနမှ အမည်မဖော်လိုသူ တာဝန်ရှိသူတစ်ဦးက မဇ္ဈိမကို အတည်ပြုပြောကြားသည်။

"သဘောကတော့ Supply(လိုအပ်သောအရာ)နဲ့ Demand(လိုအပ်ချက်) မမျှလို့ပေါ့။ အခန်းတွေက အများကြီးပိုနေတဲ့အခါကျတော့ အခန်းဈေးက ထောင်တက်သွားတာတွေရှိတယ်လေ။ အဓိကတော့ အဲ့ဒါကြောင့်ပါ" ဟု အဆိုပါ တာဝန်ရှိသူက ပြောသည်။

ယခုကဲ့သို့ မြို့ကြီးသုံးမြို့တွင် ဟိုတယ်တည်ဆောက်ခွင့် တားမြစ်ကြီးကြပ်လိုက်ခြင်းမှာ ရာသက်ပန်မဟုတ်ဘဲ "Supply နဲ့ Demand မျှတသွားရင်တော့ ပြန်ပြီးခွင့်ပြုမှာပါ" ဟု ၎င်းက ဆိုသည်။

ဟိုတယ်နှင့် ခရီးသွားရေးဝန်ကြီးဌာန၏ စာရင်းများအရ ရန်ကုန်မြို့တွင် အခန်းအရေအတွက်၏ ၅၄ရာခိုင်နှုန်း၊ မန္တလေးတွင် အခန်းအရေအတွက်၏ ၅၁ရာခိုင်နှုန်းနှင့် တောင်ကြီးတွင် အခန်းအရေအတွက်၏ ၄၃ရာခိုင်နှုန်းတို့သာ ငှားရမ်းရကြောင်း သိရသည်။

ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာန၏ ပြီးခဲ့သည့်နှစ်ကုန်ပိုင်းအထိ စာရင်းများအရ မြန်မာနိုင်ငံအဝှမ်းတွင် ဟိုတယ်ပေါင်း ၁၂၅၀ကျော်နှင့် အခန်းပေါင်း ၄၃၀၀၀ကျော်ရှိသည်။

နှစ်အလိုက် ကမ္ဘာလှည့်ခရီးသည်ဝင်ရောက်မှု စာရင်းအရ ၂၀၁၂ တွင် ခရီးသည် ၁ ဒသမ ၀၆ သန်း၊ ၂၀၁၃ တွင် ၂ ဒသမ ၀၄ သန်း၊ ၂၀၁၄တွင် ၃ ဒသမ ၀၈ သန်း၊ ၂၀၁၅တွင် ၄ ဒသမ ၆၈ သန်းအထိ နှစ်စဉ်တိုးတက်ဝင်ရောက်လာခဲ့သည်။ ၂၀၁၆ ခုနှစ်တွင်မူ ဇူလိုင်လကုန်အထိ စာရင်းများအရ ကမ္ဘာလှည့်ခရီးသည် ၂ ဒသမ ၄၅ သန်း ဝင်ရောက်ခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly