ဦး/ဒေါ် တပ်ပြီး မေးကြ၊ ဖြေကြဖို့ လွှတ်တော်ဥက္ကဌ ဦးဝင်းမြင့် အသိပေး

ဦး/ဒေါ် တပ်ပြီး မေးကြ၊ ဖြေကြဖို့ လွှတ်တော်ဥက္ကဌ ဦးဝင်းမြင့် အသိပေး
(ဓာတ်ပုံ- သက်ကို/မဇ္ဈိမ)

နေပြည်တော်(စက်တင်ဘာ ၁၂ရက်၊ ၂၀၁၆ခုနှစ်)။ ။ လွှတ်တော်အစည်းအဝေးအတွင်း မေးမြန်း၊ ဖြေကြားမှုများတွင် မိမိ၏ အမည်နာမအရှေ့တွင် ဦး/ဒေါ်တပ်ပြီး မေးမြန်း၊ ဖြေကြားကြရန်
ပြည်သူ့လွှတ်တော်ဥက္ကဌ ဦးဝင်းမြင့်က လွှတ်တော်အမတ်များနှင့် ပြည်ထောင်စုအဆင့်ဝန်ကြီး၊ ဒုဝန်ကြီးများကို အသိပေးလိုက်သည်။

"ဒါက လွှတ်တော်ရဲ့ ဂုဏ်သိက္ခာနဲ့ဆိုင်သလို ဒီအထဲမှာရှိတဲ့ လွှတ်တော်ကိုယ်စားလှယ်တွေနဲ့ ပြည်ထောင်စုအဆင့်အဖွဲ့အစည်းဝင်တွေရဲ့ ကျင့်ဝတ်၊ သိက္ခာနဲ့လည်း သက်ဆိုင်ပါတယ်" ဟု
ဦးဝင်းမြင့်က စက်တင်ဘာ ၁၂ရက်၊ ပြည်သူ့လွှတ်တော်အစည်းအဝေးတွင် ပြောသည်။

ယနေ့လွှတ်တော်အစည်းအဝေးတွင် တပ်မတော်မှ မြေသိမ်းမှုများနှင့် စက်မှုဇုန်အချို့ အကောင်အထည်ဖော်ရေးကိစ္စများကို လွှတ်တော်အမတ် ၉ဦးက မေးမြန်းကြပြီး ကာကွယ်ရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီးဖြစ်သူ ဗိုလ်ချုပ်မြင့်နွယ်နှင့် စက်မှုဝန်ကြီး ဦးခင်မောင်ချိုတို့က လာရောက်ဖြေကြားကြသည်။

ပြည်မြို့နယ်မှ ပြည်သူ့လွှတ်တော်အမတ် ဒေါက်တာဒေါ်ခင်စိုးစိုးကြည်က ပြည်မြို့နယ်ရှိ နဝဒေးစက်မှုဇုန်တွင် မြေကွက်များရယူထားပြီး အမှန်တစ်ကယ် စက်မှုလုပ်ငန်း အကောင်အထည်ဖော်ခြင်းမရှိသော
မြေကွက်များကို စိစစ်ပြီး အမှန်တစ်ကယ်ရင်းနှီးမြှုပ်နှံလိုသူများအား ချထားပေးရန် မေးမြန်းမှုအပြီးတွင် လွှတ်တော်ဥက္ကဌ ဦးဝင်းမြင့်က အမည်နာမအရှေ့တွင် ဦး/ဒေါ် တပ်ရန်
အသိပေးခဲ့ခြင်းဖြစ်သည်။ ဒေါက်တာခင်စိုးစိုးကြည်က မိတ်ဆက်စကားပြောရာတွင် မိမိကိုယ်ကို "ဒေါက်တာခင်စိုးစိုးကြည်" ဟူ၍ သုံးနှုန်းသွားသည်ကို တွေ့ရသည်။

ဒေါက်တာဘွဲ့ရသူများ၏ အမည်နာမအရှေ့တွင် ဦး/ဒေါ် တပ်စရာမလိုဟူသည့် အယူအဆတစ်ချို့လည်း ရှိနေသည်။ တိုင်းရင်းသားများ၏ အမည်နာမအရှေ့တွင်မူ ဦး/ဒေါ် တပ်ခေါ်၍ မရပေ။ ဥပမာအားဖြင့် အမျိုးသားလွှတ်တော်ဥက္ကဌ မန်းဝင်းခိုင်သန်း၏ နာမည်အရှေ့တွင် ဦးမန်းဝင်းခိုင်သန်းဟူ၍ သုံးနှုန်းရန် မသင့်ပေ။

သို့ရာတွင် ဦးဝင်းမြင့်က"လွှတ်တော်ကိုယ်စားလှယ်များရော၊ ပြည်ထောင်စုအဆင့် အဖွဲ့အစည်းဝင်တွေရော ဒီအစည်းအဝေးကျင်းပချိန်မှာ အားလုံးဟာ ဂုဏ်သရေရှိ လူကြီးလူကောင်းပဲ ဖြစ်ကြပါတယ်။ ဒါကြောင့်မို့လို့ လွှတ်တော်ကိုယ်စားလှယ်တွေက မိတ်ဆက်စကားပြောတဲ့အခါမှာ ဦး၊ ဒေါ် တပ်ပေးပါ။ ထို့အတူပဲ ပြည်ထောင်စုအဆင့် အဖွဲ့အစည်းဝင်တွေက ပြန်လည်ဆွေးနွေး၊ ပြောကြားတဲ့အခါမှာလည်း
ဦး၊ ဒေါ်တပ်ပေးပါ" ဟု အသိပေးသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly