မစ္စတာ ကိုဖီအာနန် ခေါင်းဆောင်မှုဖြင့် ရခိုင်အရေး ဖြေရှင်းနိုင်မည်ဟု သမ္မတ ဦးထင်ကျော်ပြော

မစ္စတာ ကိုဖီအာနန် ခေါင်းဆောင်မှုဖြင့် ရခိုင်အရေး ဖြေရှင်းနိုင်မည်ဟု သမ္မတ ဦးထင်ကျော်ပြော
(ဓာတ်ပုံ- မဇ္ဈိမ)

နေပြည်တော်(စက်တင်ဘာ ၈၊ ၂၀၁၆ခုနှစ်)။ ။ ရခိုင်ပြည်နယ်အရေးသည် မြန်မာနိုင်ငံအတွက် အရေးကြီးသည့် ကိစ္စရပ်ဖြစ်ပြီး ရခိုင်ပြည်နယ်ဆိုင်ရာ အကြံပေးကော်မရှင်ဥက္ကဌဖြစ်သူ မစ္စတာကိုဖီအာနန်၏ ကျွမ်းကျင်သည့် ခေါင်းဆောင်မှုဖြင့် ပြဿနာကို ချဉ်းကပ်ဖြေရှင်းနိုင်မည်ဟု ယုံကြည်ကြောင်း သမ္မတဦးထင်ကျော်က ပြောကြားလိုက်သည်။

နေပြည်တော်ရှိ သမ္မတအိမ်တော်၊ သံတမန်ဆောင်တွင် စက်တင်ဘာ ၈ရက်၊ နံနက်ပိုင်းက မစ္စတာကိုဖီအာနန်အား လက်ခံတွေ့ဆုံစဉ် သမ္မတဦးထင်ကျော်က ထိုသို့ပြောဆိုလိုက်ခြင်းဖြစ်သည်ဟု နိုင်ငံတော်သမ္မတရုံးက သတင်းထုတ်ပြန်သည်။

ရခိုင်ပြည်နယ်အတွင်းရှိ ဘာသာမတူသူ လူအုပ်စုနှစ်ခုအကြား ပြဿနာများကို ဖြေရှင်းနိုင်ရန် ကုလသမဂ္ဂအထွေထွေအတွင်းရေးမှူးချုပ်ဟောင်း မစ္စတာကိုဖီအာနန်အပါအဝင် ပြည်ပနိုင်ငံသားသုံးဦးပါဝင်သည့် ရခိုင်ပြည်နယ်ဆိုင်ရာ အကြံပေးကော်မရှင်တစ်ရပ်ကို နိုင်ငံတော်အတိုင်ပင်ခံရုံးဝန်ကြီးဌာနက ဩဂုတ် ၂၄ရက်စွဲဖြင့် ဖွဲ့စည်းလိုက်ခြင်း ဖြစ်သည်။

ကော်မရှင်ဥက္ကဌဖြစ်သူ မစ္စတာကိုဖီအာနန်အနေဖြင့်လည်း ရခိုင်ပြည်နယ်သို့ စက်တင်ဘာ ၆ရက်နှင့် ၇ရက်တို့တွင် နှစ်ရက်ကြာသွားရောက်ခဲ့ပြီးနောက် နေပြည်တော်တွင် သမ္မတဦးထင်ကျော်နှင့် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်တို့ထံ လာရောက်တွေ့ဆုံခဲ့ခြင်းဖြစ်ပြီး စက်တင်ဘာ ၉ရက်တွင်မူ ၎င်း၏ မြန်မာနိုင်ငံခရီးစဉ် အဆုံးသတ်မည်ဖြစ်သည်။

သမ္မတဦးထင်ကျော်နှင့် တွေ့ဆုံစဉ် မစ္စတာကိုဖီအာနန်က ရခိုင်ပြည်နယ်ခရီးစဉ်တွင် ဒီမိုကရေစီစနစ်နှင့်အညီ ဆန္ဒဖော်ထုတ်မှုများ ကြုံတွေ့ခဲ့ရခြင်းကို နားလည်လက်ခံပါကြောင်း၊ ကော်မရှင်အနေဖြင့် လူထု၏ သဘောထားများ တောင်းခံရာတွင် လိုအပ်ချက်များအား ရှင်းရှင်းလင်းလင်း သိလိုပါကြောင်း၊ သို့မှသာ ပြဿနာအား ချဉ်းကပ်ဖြေရှင်းရာတွင် အထောက်အကူပြုမည်ဖြစ်ပါကြောင်း၊ မြန်မာနိုင်ငံရှိ တာဝန်ရှိသူများ၏ အတွေ့အကြုံများဖြင့် ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်သွားမည်ဟု ပြောဆိုခဲ့ကြောင်း သမ္မတရုံး၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

 

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly