ရခိုင်ပြည်နယ်ဆိုင်ရာ အကြံပေးကော်မရှင် ပြန်လည်ဖွဲ့စည်းရန် အဆို ရှုံးနိမ့်

ရခိုင်ပြည်နယ်ဆိုင်ရာ အကြံပေးကော်မရှင် ပြန်လည်ဖွဲ့စည်းရန် အဆို ရှုံးနိမ့်
(ဓာတ်ပုံ- မင်းမင်း/မဇ္ဈိမ)

နေပြည်တော်(စက်တင်ဘာ ၆ရက်၊ ၂၀၁၆ခုနှစ်)။ ။ မစ္စတာ ကိုဖီအာနန်အပါအဝင် ပြည်ပနိုင်ငံသားသုံးဦး ပါဝင်ဖွဲ့စည်းထားသည့် ရခိုင်ပြည်နယ်ဆိုင်ရာအကြံပေးကော်မရှင်ကို မြန်မာနိုင်ငံသားများဖြင့်သာ ဖွဲ့စည်းရန်ဟူသည့် အရေးကြီးအဆိုအား ပြည်သူ့လွှတ်တော်တွင် စက်တင်ဘာ ၆ရက်က ထိုင်၊ ထ စနစ်ဖြင့် ဆုံးဖြတ်ရာတွင် ကန့်ကွက်မှုများသည့်အတွက် အဆို ရှုံးနိမ့်သွားသည်။

ပြီးခဲ့သည့် ဩဂုတ် ၂၄ရက်တွင် နိုင်ငံတော်အတိုင်ပင်ခံရုံးဝန်ကြီးဌာနက ထုတ်ပြန်လိုက်သည့် ရခိုင်ပြည်နယ်ဆိုင်ရာ အကြံပေးကော်မရှင်တွင် ကုလသမဂ္ဂအထွေထွေအတွင်းရေးမှူးချုပ်ဟောင်း မစ္စတာ ကိုဖီအာနန်အား ကော်မရှင်ဥက္ကဌအဖြစ် တာဝန်ပေးအပ်ခြင်းနှင့် ပြည်ပနိုင်ငံသားအချို့ကို ကော်မရှင်တွင် ထည့်သွင်းဖွဲ့စည်းလိုက်ခြင်းမှာ နိုင်ငံခြားသားများအား ပြည်တွင်းရေးတွင် ပြောင်ပြောင်တင်းတင်း ဝင်ရောက်စွက်ဖက်ခွင့် ပေးထားခြင်းဖြစ်သောကြောင့် ပြည်တွင်းတတ်သိပညာရှင်များကိုသာ ထည့်သွင်းဖွဲ့စည်းရန် ရခိုင်ပြည်နယ်၊ ကျောက်တော်မြို့နယ်၊ ပြည်သူ့လွှတ်တော်အမတ် ဦးအောင်ကျော်ဇံ၏ အရေးကြီးအဆိုအား ထိုင်၊ ထ စနစ်ဖြင့် ဆုံးဖြတ်ခဲ့ခြင်းဖြစ်သည်။

ဦးအောင်ကျော်ဇံ၏ အရေးကြီးအဆိုအပေါ် လွှတ်တော်အမတ် ၃၄ဦးက အကြိတ်အနယ်ဆွေးနွေးကြပြီးနောက် ထိုင်၊ ထ စနစ်ဖြင့် ဆုံးဖြတ်ရာတွင် အဆိုအား ထောက်ခံသူ ၁၄၈ဦး၊ ကန့်ကွက်သူ ၂၅၀ဦးရှိခဲ့သောကြောင့် ကန့်ကွက်သူများသည့်အတွက် အဆိုကို အတည်မပြုကြောင်း ပြည်သူ့လွှတ်တော်ဥက္ကဌ ဦးဝင်းမြင့်က ကြေငြာခဲ့သည်။

အရေးကြီးအဆိုအပေါ် လျှို့ဝှက်မဲပေးရန် စက်ခလုတ်အချို့မှာ ချို့ယွင်းနေသောကြောင့် ထိုင်၊ ထ စနစ်ဖြင့် ဆုံးဖြတ်ခဲ့ရခြင်းလည်း ဖြစ်သည်။

အဆိုကို ထိုင်၊ ထ စနစ်ဖြင့် မဲခွဲဆုံးဖြတ်ရာတွင် တပ်မတော်သားများ၊ ရခိုင်အမျိုးသားပါတီ ကိုယ်စားပြုအမတ်များနှင့် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီကိုယ်စားပြုအမတ်များက အဆိုအပေါ် ထောက်ခံကြောင်း မတ်တပ်ရပ်ပြီး ဆန္ဒပြုခဲ့ကြသည်။

“ကျွန်တော်တို့ ဘယ်နိုင်ငံခြားသားကိုမှ အားကိုးစရာမလိုဘူး။ ကျွန်တော်တို့ ရခိုင်ပြည်သူတွေနဲ့ တိုင်း ရင်းသားပြည်သူတွေ ကျောချင်းကပ်ပြီးတော့ ဒီပြဿနာကို ဖြေရှင်းလို့ရပါတယ်။ နိုင်ငံခြား ပုဂ္ဂိုလ်တွေကိုခေါ်ပြီး တော့ ကူပါ၊ ကယ်ပါ ကျွန်တော်တို့ ပြောစရာမလိုဘူးလို့ထင်တဲ့အတွက်ကြောင့် နိုင်ငံခြားသားပါဝင်မှုကို ကန့် ကွက်ရတာ ဖြစ်ပါတယ်” ဟု ရခိုင်အမျိုးသားပါတီမှ မြောက်ဦးမြို့နယ်၊ ပြည်သူ့လွှတ်တော်အမတ် ဦးဦးလှစောက ပြောသည်။

ကော်မရှင်တွင် နိုင်ငံတကာမှ ထင်ရှား ကျော်ကြား၍ သမာသမတ်ရှိသူများပါဝင်ခြင်းဖြင့် ပကတိအခြေအနေကို နိုင်ငံတကာမှ သိရှိပြီး ပြဿနာပြေလည်အောင် ဦးတည်ဆောင်ရွက်နေခြင်းသာဖြစ်ကြောင်း နိုင်ငံတော်အတိုင်ပင်ခံရုံး ဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးခင်မောင်တင်က ကော်မရှင်ဖွဲ့စည်းရသည့် အကြောင်းအရင်းကို လွှတ်တော်တွင် ရှင်းပြခဲ့သည်။

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်မှ တောင်ကုတ်မြို့နယ်၊ ပြည်သူ့လွှတ်တော်အမတ် ဒေါ်နီနီမေမြင့်ကလည်း “ဒီပြဿနာဟာ အလွန်နူးညံ့သိမ်မွေ့ပြီးတော့ တပြိုင်နက်တည်းမှာလည်း ထိလွယ်ရှလွယ်တဲ့ အခြေ အနေမှာ ရှိပါတယ်။ ဒီလိုအနေအထားကို ကျွန်မတို့တွေချည်းပဲ သိနေရုံနဲ့ မလုံလောက်ပါဘူး။ ကျွန်မတို့တွေကို ဖိအားပေးနေတဲ့ နိုင်ငံတကာအသိုင်းအဝိုင်းကလည်း သိမြင်နားလည်ဖို့လိုပါတယ်” ဟု ဆိုသည်။

ကော်မရှင်ဥက္ကဌအဖြစ် တာဝန်ယူထားသည့် မစ္စတာ ကိုဖီအာနန်နှင့်အဖွဲ့သည် ရခိုင်ပြည်နယ်သို့ ယနေ့ စက်တင်ဘာ ၆ရက်တွင် ရောက်ရှိနေပြီဖြစ်ပြီး စစ်တွေမြို့ရောက် မစ္စတာကိုဖီအာနန်အား ဒေသခံများက အလိုမရှိကြောင်း ဆန္ဒပြခဲ့ကြသည်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly